
တစ်ခုခုစားတိုင်း အစပ်အရသာလေး နည်းနည်းဖြစ်ဖြစ်ထည့်လိုက်ရမှ စားဝင်ကြတဲ့ အစပ်ချစ်သူတွေ ရှိကြလား။ သင့်တင့်တဲ့ အစပ်ပမာဏက အစားစားမြိန်စေပြီး ကျန်းမာရေးအတွက်လည်း ကောင်းကျိုးတစ်ချို့လည်း ရှိကြပါတယ်။ အာရှတစ်ခွင်မှာ နှစ်ခြိုက်စွဲမြဲစွာ စားဖြစ်နေကြတဲ့ အစပ်အရသာတွေထဲမှာ စူးရှရှနဲ့ ပွင့်ထွက်ပြီး ပူစပ်သွားတာမျိုးနဲ့ ထုံထုံကျဥ်ကျဥ်နဲ့ စပ်ကျန်ခဲ့တဲ့ အရသာတွေကတော့ တော်တော်များများအကြိုက်တွေ့စေတဲ့ အစပ်အရသာတွေပါ။ အခုလို လျှာပေါ်မှာ မတူညီတဲ့ အစပ်အရသာတွေ ရနေတာက ဘယ်လိုပါဝင်ပစ္စည်းတွေ၊ ဘယ်လိုဟင်းချက်ပုံတွေကြောင့် အရသာနှစ်မျိုးကွဲပြားစေတာလဲ သိရအောင် ဒီဆောင်းပါးလေးကို အဆုံးထိဖတ်ကြည့်လိုက်နော်။

အစပ်အရသာ ကွာပြားမှု
လက်ရှိမှာ လူကြီး၊ လူငယ်မရွေး စားဖြစ်နေကြတဲ့ အဓိက အစပ်အရသာ ၂မျိုးကတော့
- စူးရှတဲ့ အစပ် (Sharp Spice) - ငရုတ်သီးအစိမ်းတောင့်တွေ၊ အနီတောင့်တွေမှာ ပါဝင်တဲ့ Capsaicin ကြောင့် လျှာပေါ်မှာ ပူစပ်စပ်နဲ့ စားပြီးရင် ချက်ချင်းဆိုသလို ချွေးထွက်တာ၊ နှာရည်ယိုတာတို့ ဖြစ်စေပါတယ်။
- ထုံကျဉ်တဲ့ အစပ် (Numbing Heat): အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ စီချွမ် ငရုတ်ကောင်းစေ့ (Sichuan Peppercorns)ရဲ့ hydroxy-alpha-sanshool ကြောင့် ထူးခြားတဲ့ အစပ်အရသာ ဖြစ်စေတာပါ။ ဒါကြောင့် လျှာမှာ ပူပူစပ်စပ်ဖြစ်စေမဲ့အစား ထုံထုံကျဉ်ကျဥ် အရသာကို ပိုခံစားရတာပါ။
အရသာဖန်တီးပေးတဲ့ ပါဝင်ပစ္စည်းတွေ
ခုနကပြောသွားတဲ့ စူးရှတဲ့ အစပ်အရသာအတွက် ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက်နဲ့ ငရုတ်သီးအနှစ်တွေကို အသုံးပြုကြပေမဲ့ ထုံစပ်တဲ့ အရသာအတွက်ကတော့ စီချွမ် ငရုတ်ကောင်းစေ့ကို နည်းနည်းလှော်ပြီး အမှုန့်ပြုလုပ်ကာ ဟင်းလျာထဲမှာ ထည့်သုံးကြပါတယ်။ အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ စီချွမ်ဟင်းလျာတွေမှာ "Mala" လို့ခေါ်တဲ့ စူးရှရှနဲ့ စပ်ထုံနေတဲ့ အရသာနှစ်မျိုးပေါင်းထားတာက လူတော်တော်များများ အကြိုက်တွေ့စေပြီး နာမည်လည်း အတော်ကျော်ကြားပါတယ်။

ဘယ်လိုအစားအသောက်တွေမှာ တွေ့ရများလဲ
အာရှအစားအစာတွေ တော်တော်များများက အစပ်ပါဝင်မှု အနည်းနဲ့အများပဲ ရှိတာကြောင့် နိုင်ငံအလိုက် ဒီပူပူစပ်စပ်ဟင်းပွဲတွေကို နီးစပ်တဲ့ ဟင်းချက်နည်းတွေနဲ့ စားသုံးဖူးကြမှာပါ။
- ရှူးရှူးရှဲရှဲနဲ့ ပွင့်ထွက်စေမဲ့ အစပ်အရသာဆိုရင် ထိုင်းသဘောသီးထောင်းနဲ့ တုံယမ်းဟင်းချိုတွေမှာ ငရုတ်သီးစိမ်းရဲ့ အဓိကပါဝင်မှုကြောင့် စူးရှတဲ့ ငရုတ်သီးအရသာကို ထိထိမိမိခံစားရမှာပါ။
- ထုံထုံစပ်စပ်နဲ့ စားချင်စိတ်အရမ်းဖြစ်စေတဲ့ အရသာဆိုရင်တော့ အားလုံးစားတတ်ကြတဲ့ မာလာရှမ်းကော၊ မာလာထန်နဲ့ Sichuan Hot Pot တွေမှာ အပြည့်အဝခံစားနိုင်ပါတယ်။
- ကိုရီးယားအစားအစာတစ်မျိုးဖြစ်တဲ့ ဂင်ချီဟင်းရည် (Kimchi Jjigae)မှာလည်း အခုလို ပူစပ်၊ စူးရှတဲ့အရသာအပြင် အချဥ်ဓာတ်လေးပါ ပါဝင်လို့ စားမြိန်စေပါတယ်။
မကြိုက်တဲ့သူ မရှိသူနီးပါး စွဲစွဲလမ်းလမ်းစားတတ်ကြပြီး အာရှရဲ့ စစ်မှန်တဲ့အရသာတစ်မျိုးဖြစ်တဲ့ ပူပူစပ်စပ်အရသာဟာ ဘယ်လိုအရသာအမျိုးအစားမဆို အချိန်နေရာမရွေး အမြဲစားမြိန်စေတော့တာပါပဲ။ စာဖတ်သူတို့ထဲမှာလည်း ရှူးရှဲပွင့်ထွက်စေတဲ့ အစပ်လား၊ ပူစပ်ထုံကျဉ်စေတဲ့ အစပ်လား၊ ဘယ်လိုအစပ်အရသာမျိုး နှစ်နှစ်ခြိုက်ခြိုက်စားဖြစ်နေလဲဆိုတာ ကောမန့်မှာ ပြောခဲ့ဦးနော်။
Comments