သဘာဝဘေးမကျရောက်ခင် ကြိုတင်ပြင်ဆင်ထားရမယ့် အရေးပေါ် Checklist

Posted in လူမှုဘဝ


ဘယ်လို သဘာဝဘေးအန္တရာယ်မျိုးမဆို ရုတ်တရက်ဖြစ်လာတဲ့အခါ ကိုယ်နဲ့ ကိုယ့်မိသားစုဝင်တွေ အသက်အန္တရာယ်ကင်းရှင်းပြီး ဘေးလွတ်ရာသို့ အချိန်မီရွှေ့ပြောင်းနိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ အခုနောက်ပိုင်းကာလတွေမှာလည်း မုန်တိုင်း၊ ရေကြီးရေလျှံမှုနဲ့ ငလျင်ဘေးတွေကလည်း ခပ်စိတ်စိတ် အဖြစ်များနေတာကြောင့် ကိုယ်ရော စိတ်ပါ ကြိုတင်ပြင်ဆင်ထားတာက အကောင်းဆုံးကာကွယ်နည်းပါ။

တော်တော်များများ ဖြစ်တတ်ကြတာက အရေးပေါ်အခြေအနေတွေမှာမှ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့တာ၊ ကြိုတင်ပြင်ဆင်ထားတာမျိုးတွေ မရှိဘဲ အနားကပ်မှ အလျင်စလိုလုပ်မိတာတွေက မဆုံးရှုံးသင့်တာတွေ ဆုံးရှုံးနိုင်ရခြေ များလှတာပါ။ ဒါကြောင့် အခုလိုအခြေအနေတွေမှာ တကယ်ကို လက်တွေ့အသုံးဝင်မယ့် ကြိုတင်ပြင်ဆင်မှု ၄ မျိုးကို အားလုံးပြင်ထားရအောင် အသေးစိတ် ပြောပြချင်ပါတယ်။

(၁) အရေးပေါ်အိတ် ပြင်ဆင်ထားပါ

ဘေးလွတ်ရာကို အမြန်ပြောင်းရွေ့ရပြီဆို မဖြစ်မနေယူသွားရမဲ့ အရေးပေါ်အိတ်တစ်လုံးကို လွယ်လွယ်ကူကူ သယ်သွားနိုင်အောင် အမြဲအသင့်ပြင်ဆင်ထားရပါမယ်။ ဒီအရေးပေါ် ကျောပိုးအိတ်ထဲမှာ FEMA ရဲ့ အကြံပြုချက်အရ လူတစ်ယောက်အတွက် တစ်နေ့ကို ရေတစ်ဂါလံနှုန်းနဲ့ အနည်းဆုံး ၃ ရက်စာ ရေနှင့် ရိက္ခာကို အဓိကထား ပြင်ဆင်ထားသင့်ပါတယ်။

  • ဒါကြောင့် သောက်‌ရေနဲ အာဟာရဖြစ်ပြီး အလွယ်တကူစားနိုင်တဲ့ အစာခြောက်တွေ၊ နေ့စဥ်သောက်နေကျ ဆေးဝါးတွေ၊ ရှေးဦးသူနာပြုပစ္စည်းတွေနဲ့ မီးခြစ်၊ ဓာတ်မီးတွေ
  • ဖုန်းနဲ့ တခြားလိုအပ်မဲ့ လျှပ်စစ်ပစ္စည်းတွေအတွက် အားအပြည့်သွင်းထားတဲ့ Power Bankနဲ့ ဘက်ထရီအပိုတွေ
  • မှတ်ပုံတင်၊ သန်းခေါင်စာရင်းနဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ၊ မိတ္တူတွေကို ပလတ်စတစ်ဖိုင်နဲ့ ထည့်ပါ။ အရေးပေါ်သုံးဖို့နဲ့ အ‌ရေးကြီးဆုံး ငွေသားတစ်ချို့ကိုလည်း ထည့်ထားပါ။

(၂) ဘေးလွတ်ရာ လမ်းကြောင်းတွေ ကြိုကြည့်ထားပါ 

ရေကြီးတယ်၊ မုန်တိုင်းတိုက်တယ်၊ ငလျင်လှုပ်တယ် စတဲ့ ပြင်းထန်တဲ့ သဘာဝဘေးတွေဖြစ်ပြီဆို လျှပ်စစ်မီး ပြတ်တာ၊ ဖုန်းလိုင်းတွေ ပြတ်တဲ့အပြင် အင်တာနက်လိုင်းတွေပါ မရနိုင်တော့ပါဘူး။ ဒီလို အရေးပေါ်အခြေအနေတွေမှာ ဘေးလွတ်ရာ လမ်းရှာဖို့ Google Maps တွေ၊ GPS တွေ ဆိုတာတွေလည်း အားကိုးလို့မရတာကြောင့် တော်တော်လေး အခက်တွေ့နိုင်တာပါ။ ဒါကြောင့် ကိုယ့်အိမ်၊ အလုပ်ခွင်နဲ့ ကလေးတွေရဲ့ ကျောင်း ဒါမှမဟုတ် မိသားစုတွေ မကြာခဏ သွားလေ့ရှိတဲ့နေရာတွေကနေ ဘေးကင်းရာကို သွားနိုင်မဲ့လမ်းကြောင်းတွေကို မြေပုံဆွဲထားပြီး Print ထုတ်၊ သိမ်းထားတာ အကောင်းဆုံးဖြစ်ပါတယ်။

အခန့်မသင့်လို့ မိသားစုတွေ လူစုကွဲသွားတယ်ဆိုရင်လည်း ပြန်လည်ဆုံစည်းမဲ့ "ဆုံရပ်” ကို ကြိုတင်ညှိနှိုင်းပြီး သတ်သတ်မှတ်မှတ်ထားပေးရမှာပါ။

(၃) အရေးပေါ် ဖုန်းနံပါတ်များ ချရေးထားပါ

အရေးအကြောင်း ဖုန်းခေါ်ရမဲ့ အခြေအနေတွေမှာ ဖုန်းအားကုန်တာ၊ ဖုန်းပျောက်သွားတာတွေ ဖြစ်နိုင်တဲ့အတွက် အလွတ်မမှတ်မိတဲ့ အရေးကြီးဖုန်းနံပါတ်တွေကို ဆက်သွယ်ဖို့ မလွယ်ပါဘူး။ မိသားစုဝင်တွေရဲ့ ဖုန်းနံပါတ်တွေ၊ နီးစပ်ရာ ဆွေမျိုးနဲ့ မိတ်ဆွေတွေ၊ အရေးပေါ်လူမှုကူညီရေးအသင်းအဖွဲ့တွေ၊ မီးသတ်၊ ရဲစခန်းနဲ့ ဆေးရုံ ဖုန်းနံပါတ်တွေကို စာရွက်ပေါ်တွင် သေချာစွာ ချရေးထားပါ။

စာရွက်ကို ရေစို မပျက်စီးရအောင် ပလတ်စတစ်အိတ်ဖြင့် သေချာထုတ်ပိုးပြီး အရေးပေါ်အိတ်ထဲမှာ ထည့်ထားပါ။ ဒီလို စာရွက်နဲ့ မှတ်ထား၊ ဆောင်ထားတာက ဖုန်းလိုင်းတွေ မရတော့တာတောင် အခြားသူရဲ့ ဖုန်းနဲ့ဖြစ်ဖြစ်၊ အများသုံးဖုန်းနဲ့ဖြစ်ဖြစ် အကူအညီတောင်းရာမှာ မြန်ဆန်စေတယ်လို့ Red Cross ရဲ့ ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။

(၄) မိသားစုဝင်တွေနဲ့ အစမ်းလေ့ကျင့်ထားပါ

အရေးပေါ်အစီအစဥ်တွေ ဘယ်လောက် ကောင်းကောင်းပြင်ဆင်ထားပါစေ၊ တကယ်တမ်း လက်တွေ့ကြုံရပြီဆို ထိတ်လန့်တုန်လှုပ်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်တတ်တာ သဘာဝပါပဲ။ ဒါကြောင့် ကြိုတင်ပြင်ဆင် လေ့ကျင့်ထားဖို့ အရေးကြီးတဲ့အတွက် 

  • မိသားစုဝင်တွေ၊ အထူးသဖြင့် ကလေးငယ်တွေနဲ့အတူ တစ်နှစ်မှာ (၂) ကြိမ်လောက် ဘေးလွတ်ရာကို ပြေးထွက်မဲ့ အရေးပေါ်အစီအစဉ်ကို အစမ်းလေ့ကျင့်ကြည့်ပေးပါ။
  • သဘာဝဘေးအန္တရာယ်တွေကို ပိုမိုစိုးရိမ်ကြောက်လန့်တတ်ကြတဲ့ ကလေးငယ်တွေအတွက်လည်း ဒီလိုအစီအစဉ်အကြောင်း သေချာရှင်းပြပြီး သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို သေချာနား‌ထောင်ပေးပြီး နှစ်သိမ့်အားပေးထားပါ။

သဘာဝဘေးတွေဆိုတာ ကြိုတင်ရှောင်လွှဲလို့ မရပေမဲ့လည်း အခုလိုစနစ်တကျ ပြင်ဆင်ထားတာက အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုတွေကို အနည်းဆုံးဖြစ်အောင် လျော့ချနိုင်မှာ အမှန်ပါပဲ။ ဒါကြောင့် အခုပြောပြသွားတဲ့ အရေးပေါ် Checklist တွေကို အခြေခံပြီး လုပ်ဆောင်ထားသင့်တာတွေကို ဒီနေ့ပဲ စတင်ပြင်ဆင်ထားလိုက်နော်။


Share

Related Posts