လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာ ဘာတွေစားသင့်လဲ

Posted in ကျန်းမာရေး


ဘယ်သူမဆို ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားကြရာမှာ အားလုံးသိကြတဲ့အတိုင်း ကိုယ်လက်အားကစားအနေနဲ့ လေ့ကျင့်ခန်းလုပ်တာတွေက ထင်သာမြင်သာတဲ့ အကျိုးရလဒ်တွေ ရှိနေပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းချည်းလုပ်တာကလည်း ခန္ဓာကိုယ်ကျန်းမာဖို့အတွက် ၅၀ ရာခိုင်နှုန်းပဲ ရှိသေးပြီး ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကတော့ နေ့တိုင်း ဘာတွေစားသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဝိတ်ကျချင်ဇောနဲ့ ဘာမှမစားတာလည်း မကောင်းသလို၊ အလွန်အကျွံတွေ စားပြီး နောက်မှ လေ့ကျင့်ခန်းလုပ်လိုက်မယ်ဆိုတာကလည်း ပိုလို့တောင် မဖြစ်သင့်သေးတာပါ။ ဒါကြောင့် အားကစားမလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာ မှန်ကန်စွာ စားသောက်ဖို့က အရေးကြီးပြီး ဒါက ကြွက်သားတက်စေဖို့၊ အမောခံနိုင်ဖို့နဲ့ ပင်ပန်းနွမ်းနယ်မှုကို လျှော့ချဖို့ အဓိကကျပါတယ်။ ဘာကြောင့်ဆို မှားယွင်းတဲ့ စားသောက်မှုပုံစံက လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ ပင်ပန်းနွမ်းနယ် လွယ်သလို၊ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာလည်း နာကျင်ကိုက်ခဲမှုတွေက မပျောက်ဘဲ ပိုမိုကြာရှည်စေနိုင်လို့ပါ။

လောင်စာ      

လေ့ကျင့်ခန်းမလုပ်ခင်မှာ စားတဲ့အစာတွေဟာ ကိုယ့်အတွက် လောင်စာပါပဲ။ ဒီလိုဗိုက်ထဲမှာ အစာအနည်းငယ်ရှိနေမှ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ရရှိစေပါတယ်။ ကြွက်သားတွေ ပျက်စီးမှုကို ကာကွယ်ဖို့အပြင် လေ့ကျင့်ခန်းလုပ်နေတဲ့ အချိန်တွေမှာ ခေါင်းမူးတာ ဒါမှမဟုတ် အင်အားကုန်ခမ်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးမှာပါ။ ဒါကြောင့် လေ့ကျင့်ခန်းမလုပ်ခင် ၂ နာရီ သို့မဟုတ် အားကစားမလုပ်ခင် မိနစ် ၃၀ အလိုမှာ စားသင့်ပါတယ်။ အထူးသဖြင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်မယ့်သူတွေမှာဆို အစာမစားဘဲလုပ်မိတယ်ဆို ခန္ဓာကိုယ်က ကြွက်သားတွေကို ပြန်လည်လောင်ကျွမ်းစေနိုင်လို့ သေချာပေါက် အစာအနည်းငယ် စားထားပေးဖို့ လိုအပ်ပါတယ်။

ဘာတွေစားရမလဲဆိုရင် Carbohydrates တွေဖြစ်တဲ့ ငှက်ပျောသီး၊ အုတ်ဂျုံ (Oats)နဲ့ ပေါင်မုန့်ညိုတို့ကို ဦးစားပေး စားပေးသင့်ပြီး ဒီ Carbohydratesတွေကနေ ရတဲ့ ဂလူးကို့စ် (Glucose) ဓာတ်က လေ့ကျင့်ခန်း လုပ်နေတဲ့ တချိန်လုံးမှာ အမောခံနိုင်အောင် ကူညီပေးမှာပါ။

နောက်ပြီး အရေးကြီးတဲ့ Protein အတွက် ကြက်ဥအကာ သို့ ဒိန်ချဉ် အနည်းငယ်စားပေးထားတာက ကြွက်သားတွေကို အထောက်အပံ့ဖြစ်စေပြီး လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာလည်း ကြွက်သားပြန်လည် တည်ဆောက်မှုကို ပိုမိုမြန်ဆန်စေပါတယ်။

အားဖြည့်စာ 

အားသွန်ခွန်စိုက် လေ့ကျင့်ခန်းတွေ လုပ်ပြီးချိန်မှာ ကိုယ့်ခန္ဓာကိုယ်ကို သေချာပေါက် အနားပေးပြီး ပြန်လည်အားဖြည့်ပေးရမှာပါ။ ဒီလိုအချိန်မှာ မောမောနဲ့ တွေ့ရာ စားလိုက်တာမျိုးမဟုတ်ဘဲ လေ့ကျင့်ခန်းလုပ်ပြီး ၄၅ မိနစ်အတွင်းမှာ အာဟာရဖြစ်စေတဲ့ အစားအစာတွေ ရွေးချယ်စားပေးရမှာ ဖြစ်ပါတယ်။ ဒီလိုမှန်ကန်တဲ့ အစားအသောက်ကို မှန်ကန်တဲ့အချိန်မှာ စားမှသာ ဒီအစားအစာတွေကို ခန္ဓာကိုယ်က ပျက်စီးသွားတဲ့ တစ်ရှူးတွေကို ပြန်လည်ပြုပြင်ဖို့ အထိရောက်ဆုံး စုပ်ယူနိုင်မှာပါ။ နောက်ပြီး ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်ဖြည့်တင်းဖို့နဲ့ လေ့ကျင့်ခန်းလုပ်တဲ့အချိန်က နာကျင်သွားတဲ့ ကြွက်သားတွေကို ပြန်လည်တည်ဆောက်ဖို့ အားဖြစ်စေမှာပါ။

နောက်ပြီး ရေဓာတ်ပြန်လည်ဖြည့်တင်းဖို့ကိုလည်း မမေ့ပါနဲ့။ လေ့ကျင့်ခန်းလုပ်ချိန်မှာ ချွေးထွက်တာကြောင့် ဆုံးရှုံးသွားတဲ့ အရည်ဓာတ်တွေကို ရေများများသောက်ပြီး ပြန်ဖြည့်ပေးရပါမယ်။

အစားအသောက်ရွေးချယ်ပုံ

အားအင်ဖြစ်စေဖို့နဲ့ ကြွက်သားတွေကို သန်မာစေဖို့ဆို အဆီများတာတွေ၊ အချိုတွေ၊ အငန်တွေကို သေချာပေါက် မစားတာအကောင်းဆုံးဖြစ်ပြီး အသားဓာတ်နဲ့ အသီးအရွက်တွေကိုပဲ နေ့တိုင်း ဦးစားပေးပြီး ပုံမှန်စားသင့်တာပါ။ ဒါမှ ကိုယ်လုပ်နေတဲ့ လေ့ကျင့်ခန်းတွေက ထိရောက်မှာဖြစ်ပြီး ဒီလေ့ကျင့်ခန်းတွေအတွက်လည်း အားအင်ဖြစ်စေမှာမလို့ အပြန်အလှန်အကျိုးပြုနေတဲ့ စားသောက်မှုပုံစံပဲ ဖြစ်ပါတယ်။  နောက်ပြီး လေ့ကျင့်ခန်းမလုပ်ခင် meal တစ်ခုအနေနဲ့ စားမယ်ဆို အနည်းဆုံး ၃ နာရီ ကနေ ၄ နာရီခန့် ကြိုတင်စားသင့်ပြီး ပေါ့ပေါ့ပါးပါး စားရတဲ့ မုန့်ပဲသရေစာတွေကိုတော့ လေ့ကျင့်ခန်းမစခင် ၁ နာရီကနေ ၃ နာရီဝန်းကျင်အလိုမှာ စားသင့်တယ်လို့ Mayo Clinic ရဲ့ ဆောင်းပါးတစ်ခုမှာ တွေ့ရမှာပါ။

Protein အနေနဲ့ဆို ကြက်ရင်ပုံသား၊ ငါး၊ ပဲအမျိုးမျိုး သို့ Protein Shake တို့ကို ကြွက်သားတည်ဆောက်ဖို့အတွက် စားပေးသင့်ပြီး Proteinမှာပါတဲ့ အမိုင်နိုအက်ဆစ် (Amino Acids) တွေက လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ ဖြစ်တတ်တဲ့ အသေးစားကြွက်သားစုတ်ပြဲမှုတွေကို ပြန်လည်ပြုပြင်ပေးမှာပါ။ 

ဟင်းသီးဟင်းရွက်အနေနဲ့ ကန်စွန်းဥ၊ ဆန်လုံးညို သို့ အသီးအနှံမျိုးစုံက ကုန်ခမ်းသွားတဲ့ စွမ်းအင်တွေကို ပြန်ဖြည့်ပေးမှာမလို့ နောက်ရက်တွေမှာ လေ့ကျင့်ခန်းပြန်လုပ်နိုင်ဖို့ စွမ်းအင်ဖြည့်တင်းပေးခြင်း တစ်မျိုးပါပဲ။ 

ပုံမှန်လေ့ကျင့်ခန်းလုပ်နေသူတွေ၊ ကိုယ်အလေးချိန်ထိန်းသိမ်းချင်သူတွေအတွက် လေ့ကျင့်ခန်းနဲ့ အစားအသောက်ကို ဟန်ချက်ညီညီ စားသောက်နေထိုင်မှသာ ကျန်းမာရေးအတွက် အမှန်တကယ် အကျိုးကျေးဇူးကောင်းတွေ ရရှိနိုင်မှာပါ။ အပေါ်မှာ‌ ပြောပြသွားတဲ့ ဆောင်ရန်၊ ရှောင်ရန်လေးတွေနဲ့အတူ ကျန်းမာတက်ကြွတဲ့ ဘဝနေထိုင်မှုကောင်းတွေ ပိုင်ဆိုင်ကြစေဖို့ တောင်းဆုပြုရင်း ဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါရစေ။


Share

Comments

Related Posts