
ကျန်းမာလှပတဲ့ နေ့စဉ်ဘဝကို ရရှိနိုင်ဖို့ဆိုရင် နေ့စဉ်စားသောက်တဲ့ မနက်စာ၊ နေ့လယ်စာ၊ ညနေစာတွေမှာ အာဟာရတွေ စုံလင်ပြီး မျှတနေဖို့ လိုအပ်ပါတယ်။ ကယ်လိုရီတွေ တိတိကျကျတွက်ပြီး အမြဲတမ်းချိန်ဆနေဖို့ဆိုရင်တော့ လူတိုင်းလက်လှမ်းမီဖို့ ခဲယဥ်းပါတယ်။ အဲဒီအစား ကိုယ်စားမယ့် ပန်းကန်ထဲမှာ ဘယ်လို အစားအသောက်တွေနဲ့ ဘယ်လိုအချိုးအစားတွေ ပါဝင်သင့်သလဲဆိုတာကို ဒီဆောင်းပါးလေးက ပြောပြပေးသွားမှာပါ။
နေ့စဉ်စားသောက်တဲ့အခါမှာ အသုံးပြုလေ့ရှိကြတဲ့ ပန်းကန်ပြားဝိုင်းတစ်ချပ်ကို အခြေခံပြီး အာဟာရစုံလင်မျှတတဲ့ တစ်နပ်စာဖြစ်ဖို့ အခုလို ပုံဖော်လို့ရပါတယ်။
၁။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များ (ပန်းကန်ပြားရဲ့ ၄၀ ရာခိုင်နှုန်း)
အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ အမျှင်ဓာတ်တွေရဲ့ အဓိကအရင်းအမြစ်တွေ ဖြစ်ကြပါတယ်။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို စားတဲ့နေရာမှာလည်း “သက်တံရောင်” အတိုင်း စားပါလို့ အာဟာရပညာရှင်တွေက အကြံပြုလေ့ရှိကြပါတယ်။ အရောင်မျိုးစုံရှိတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေဟာ မတူညီတဲ့ အာဟာရတွေကို ပေးစွမ်းနိုင်လို့ပါပဲ။
၂။ အစေ့အဆန်နဲ့ ကောက်နှံများ (ပန်းကန်ပြားရဲ့ ၂၅ ရာခိုင်နှုန်း)
ဒီအစိတ်အပိုင်းကတော့ ခန္ဓာကိုယ်တစ်ခုလုံး လည်ပတ်ဖို့ လိုအပ်တဲ့ Carbohydrate တွေကို အများဆုံး ထောက်ပံ့ပေးတဲ့ လောင်စာတွေဖြစ်ပါတယ်။ ဒီထဲမှာတော့ ဆန်၊ ဂျုံ၊ အုတ်ဂျုံ စတဲ့ အစေ့အဆန်၊ ကောက်ပဲသီးနှံတွေ ပါဝင်ပါတယ်။ အတတ်နိုင်ဆုံး သဘာဝနဲ့ နီးစပ်ပြီး အထူးပြုလုပ်မှုအဆင့်တွေ နည်းတဲ့ ဆန်လုံးညိုလို အမျိုးအစားတွေကို ရွေးချယ်မယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက် အကောင်းဆုံးဖြစ်ပါတယ်။
၃။ အသား၊ ငါး၊ အခွံမာသီးနဲ့ ဥ များ (ပန်းကန်ပြားရဲ့ ၂၀ ရာခိုင်နှုန်း)
ဒါကတော့ ခန္ဓာကိုယ်ကြီးတစ်ခုလုံးရဲ့ ကြွက်သားတွေ၊ တစ်ရှူးတွေ၊ ဟော်မုန်းတွေနဲ့ ကိုယ်ခံအားတွေကို တည်ဆောက်ပေးဖို့အတွက် အရေးပါတဲ့ ပရိုတင်းကို ထောက်ပံ့ပေးမယ့် အစိတ်အပိုင်းဖြစ်ပါတယ်။ တစ်မျိုးတည်းစားတာထက် အသား၊ ငါးနဲ့ ဥတွေကို မျှမျှတတစားသင့်ပြီး သက်သတ်လွတ်အနေနဲ့ဆိုရင်တော့ အခွံမာသီးတွေ၊ ပဲအမျိုးမျိုးလို အစေ့အဆန်တွေကနေလည်း ရရှိနိုင်ပါတယ်။
၄။ နို့နဲ့ နို့ထွက်ပစ္စည်းများ (ပန်းကန်ပြားရဲ့ ၁၀ ရာခိုင်နှုန်း)
နို့နဲ့ နို့ထွက်ပစ္စည်းတွေကတော့ အဓိကအားဖြင့် အရိုး၊ သွား နဲ့ ကြွက်သားကျုံ့/ဆန့်တဲ့နေရာတွေကို အထောက်အပံ့ပေးတဲ့ အစားအသောက်တွေဖြစ်ပါတယ်။ သက်သတ်လွတ်အတွက်ဆိုရင်တော့ ပဲနို့၊ အယ်လ်မွန် ဒါမှမဟုတ် အုတ်ဂျုံနဲ့ ပြုလုပ်ထားတဲ့ အမျိုးအစားတွေကို ရွေးချယ်နိုင်ပါတယ်။ Cheese နဲ့ ဒိန်ချဉ်တွေကို စားသောက်မယ်ဆိုရင်တော့ အရသာတွေထပ်ပေါင်းပြီး ပြုပြင်မထားတဲ့ ရိုးရိုးအမျိုးအစားတွေကို ရွေးချယ်သင့်ပါတယ်။
၅။ ဆီ နဲ့ သကြားဓာတ်များ (ပန်းကန်ပြားရဲ့ ၅ ရာခိုင်နှုန်း)
ဒီအစိတ်အပိုင်းထဲမှာတော့ ဟင်းချက်တဲ့နေရာမှာ သုံးတဲ့ ဆီတွေ၊ အရသာမှုန့်တွေ၊ စားပြီးတဲ့အခါ အချိုတည်းတဲ့ မုန့်အချိုတွေ စသဖြင့် ပါဝင်ပါတယ်။ တကယ်တော့ ဒီအရာတွေကို ခန္ဓာကိုယ်က အနည်းငယ်သာ လိုအပ်တဲ့အတွက် နည်းလေကောင်းလေဖြစ်ပါတယ်။ ဆီမှာဆိုရင် မပြည့်ဝဆီ (unsaturated fat) လို့ခေါ်တဲ့ သံလွင်ဆီ၊ ထောပတ်သီး၊ အခွံမာသီးနဲ့ ငါးတွေကရတဲ့ အဆီတွေက ပိုပြီး ကောင်းမွန်ပါတယ်။ သကြားဓာတ်ကလည်း အသီးအနှံတွေမှာ ပါဝင်ပြီးသားဖြစ်တဲ့အတွက် နောက်ထပ်သကြားဓာတ်များတဲ့ အစားအသောက်တွေကိုတော့ အနည်းဆုံးဖြစ်အောင် ဂရုပြုသင့်ပါတယ်။
အစားတစ်နပ်စားတိုင်းမှာ ဒီလိုမျိုး အာဟာရမျှတတဲ့ အချိုးအစားနဲ့ စားသောက်မယ်ဆိုရင် ကျန်းမာလှပတဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။
Comments