ရေခဲသေတ္တာ ရှင်းလင်းဖို့ရာ နည်းလမ်းအဖြာဖြာ

Posted in အိမ်မှုရေးရာ


ကျန်းမာကြံ့ခိုင်ပြီး ရောဂါကင်းစင်တဲ့ လူနေမှုဘဝဖြစ်စေဖို့ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေနဲ့ ရှင်းလင်းကောင်းမွန်တဲ့ နေအိမ်တို့ဟာ အဓိက အခန်းကဏ္ဍတွေမှာ ပါဝင်ပါတယ်။ ဒါကြောင့်လည်း အိမ်ထောင့်စေ့မကျန် ရှင်းလင်းစေဖို့၊ အစားအသောက်တွေ ချက်ပြုတ်စားသောက်တဲ့နေရာမှာ ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ စဖြင့် အားထုတ်ကြရပါတယ်။ နေ့တိုင်း ဈေးမသွားနိုင်သူတွေအဖို့ ရေခဲသေတ္တာကိုပဲ အားကိုးရတာများတဲ့အတွက် ရေခဲသေတ္တာလေးက သန့်ရှင်းပြီး အနံ့ဆိုးတွေကင်း စင်စေဖို့ကလည်း အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုပါပဲ။ ဒါကြောင့် ရေခဲသေတ္တာရဲ့ ဘယ်အပိုင်းတွေကို ဘယ်လိုသန့်ရှင်းရမလဲဆိုတာ ကြည့်လိုက်ကြရအောင်။

ပစ်ထုတ်ပါ

ပထမဆုံးအဆင့်ကတော့ ရေခဲသေတ္တာထဲက မလိုတော့တဲ့ပစ္စည်းတွေမှန်သမျှကို ပစ်ထုတ်လိုက်ဖို့ပါပဲ။ ရက်လွန်နေပြီဖြစ်တဲ့ အစားအစာတွေ၊ ဘယ်ကတည်းရှိနေမှန်းမသိတဲ့ အစားအစာတွေနဲ့ တချို့ပစ္စည်းတွေ၊ စားလက်စ ဆက်မစားဖြစ်တော့တဲ့ မုန့်တစ်ပိုင်းတစ်စတွေနဲ့ အသုံးမလိုတော့ဘဲ ဆက်သိမ်းထားမိတဲ့ ပစ္စည်းတွေကို နှမြောတွယ်တာမနေဘဲ ပစ်ထုတ်လိုက်ပါ။ နှစ်ရှည်လများ ကြာနေတဲ့ စားသောက်ကုန်တွေမှာ မှိုတွေတက်နေပြီး အဲဒီကတစ်ဆင့် ရေခဲသေတ္တာမှိုစွဲတာမျိုးပါ ဖြစ်တတ်လို့ အလျင်းသင့်သလို ရက်လွန်ပစ္စည်းတွေကို ပစ်ထုတ်ဖို့ မမေ့ကြနဲ့နော်။ အသုံးမဝင်တော့တာတွေ အမှိုက်ထဲပစ်ပြီးရင် ရေခဲသေတ္တာထဲက အခြားပစ္စည်းတွေကိုပါ အပြင်အကုန်ထုတ်ပြီး သန့်ရှင်းရေး စလုပ်လိုက်ကြရအောင်။

ရေခဲသေတ္တာအခဲကန့် 

အိမ်သုံးရေခဲသေတ္တာတွေရဲ့ ရေခဲကန့်က အအေးချိန်အမြင့်ဆုံးဖြစ်လို့ ရေခဲသေတ္တာရဲ့ နံရံတွေမှာရော၊ ကြမ်းပြင်မှာပါ ရေခဲတွေ ထုတက်နေတတ်ပါတယ်။ ဒီရေခဲချပ်တွေကို ဓားလို၊ ဇွန်းလို သတ္တုတစ်ခုခုနဲ့ ခြစ်ထုတ်တာမျိုး၊‌ ရေနဲ့လောင်းတာ၊ ပန်ကာနဲ့ မှုတ်တာမျိုး မလုပ်ပါနဲ့။ ရေခဲသေတ္တာ ရေခဲချပ်တွေကို ရှင်းထုတ်ဖို့နည်းလမ်းက အလွန်လွယ်ကူပါတယ်။ ရေခဲသေတ္တာကို မီးပိတ်၊ ပလတ်ဖြုတ်ပြီး အအေးချိန်လျော့သွားတာနဲ့ တဖြည်းဖြည်း အရည်ပျော်လာမှာဖြစ်တဲ့အတွက် အချိန်ခဏစောင့်ပေးရုံပါပဲ။ ‌ပျော်လာတဲ့ ရေတွေကို ဖော့တစ်ခုနဲ့ စုတ်ယူပေးမယ်ဆိုရင်တော့ ကြမ်းပြင်မှာ ပွတာကို သက်သာစေပြီး မြန်မြန်ခြောက်စေပါလိမ့်မယ်။ တချို့ ရေခဲသေတ္တာအမျိုးအစားတွေကတော့ အလိုအလောက် ရေခဲဖျော်ပေးတဲ့ စနစ်ပါဝင်ပါတယ်။

‌ကိုယ်ထည်အတွင်းအပြင်

မီးခလုတ်ပိတ်၊ ပလပ်ဖြုတ်ပြီးပြီဆို ရေခဲသေတ္တာထဲက ဖြုတ်လို့ရတဲ့ အံဆွဲတွေ၊ အကန့်တွေ၊ ဖန်ပြားတွေကို အပြင်ထုတ်ပြီး ဖယ်ထားလိုက်ပါ။ ဒါဆိုရင် ရှင်းလင်းသွားတဲ့ ရေခဲသေတ္တာအတွင်းပိုင်းကို စတင်သန့်ရှင်းလို့ ရပါပြီ။ အမှုန်အမွှားနဲ့ အမှိုက်အစအနလေးတွေကို အရင်ဖယ်ထုတ်လိုက်ပါ။ ရေသုံးဆ နဲ့ ရှာလကာရည်တစ်ဆ(သို့) ရေသုံးဆ နဲ့ မုန့်ဖုတ်ဆိုဒါ တစ်ဆကို ရောမွှေပြီး ဖော့ ဒါမှမဟုတ် အဝတ်စနဲ့ အတွင်းပိုင်းကို တိုက်ပါ။ ဖုန်တင်မက အမဲစက်တွေ၊ အကွက်တွေပါ ရှိ တတ်တာကြောင့် အားထည့်ပြီး ပြောင်စင်အောင်တိုက်ပေးပါ။ ရေခဲသေတ္တာရဲ့ ကိုယ်ထည်အပြင်ပိုင်းကို သန့်ရှင်းရေးလုပ်မယ်ဆိုရင်တော့ အရင်ဆုံး ဖုန်တွေကို ခါပါ။ ရေခဲသေတ္တာတံခါးကိုလည်း ရှာလကာရှည်နဲ့ တိုက်ချွတ်ဆေးကြောနိုင်ပါတယ်။ တံခါးလက်ကိုင်နားတဝိုက်က ညစ်ပေတတ်တဲ့နေရာဖြစ်လို့ အဓိကထား သန့်ရှင်းဖို့ သတိပေးချင်ပါတယ်။

တံခါးလိုင်နာ

ရေခဲသေတ္တာတံခါးက ရော်ဘာကွပ်(လိုင်နာ)တွေက မှိုစွဲတတ်တာကြောင့် လိုင်နာတွေကြားထဲကိုလည်း ဂရုစိုက်ပြီး တိုက်ပေးဖို့လိုပါတယ်။ ပြီးရင်တော့ ခြောက်သွားအောင် ရေစုပ်တဲ့ အဝတ်နဲ့ ပြန်သုတ်ပေးပါ။ တံခါးလိုင်နာတွေ ပေါက်ပြဲတာမျိုး၊ မကပ်တော့တာမျိုး ဖြစ်နေရင် ရေခဲသေတ္တာတံခါးမလုံတော့လို့ ကောင်းကောင်းမအေးဘူး ဖြစ်တတ်ပါတယ်။ ရေခဲသေတ္တာရဲ့ တံခါးလိုင်နာတွေက ကြားထဲမှာ အမှုန်အမွှားတွေတင်နေတာ၊ ဖုန်တွေဝင်နေတာ၊ မှိုစွဲနေတာဖြစ်တတ်လို့ မကြာခဏဆိုသလို သန့်ရှင်းရေးလုပ်ပေးသင့်တဲ့ အပိုင်းလည်း ဖြစ်ပါတယ်နော်။

Condenser coil 

‌ရေခဲသေတ္တာအမျိုးအစားပေါ်မူတည်ပြီး Condenser coil တွေက နောက်ကျောဘက်မှာ ဒါမှမဟုတ် ရှေ့ဘက်အောက်ခြေနားမှာ ရှိတတ်ပါတယ်။ တချို့ရေခဲသေတ္တာတွေမှာ အဖုံးမပါပေမဲ့ အဖုံးပါရင်တော့ အရင်ဖြုတ်ပြီး သန့်ရှင်းပါ။ ဖုန်တွေ ထုလိုက်တင်နေတတ်တဲ့ နေရာြဖစ်လို့ ဖုန်စုပ်စက်ရှိရင် ဖုန်စုပ်စက်နဲ့ စုပ်ထုတ်ပါ။ မရှိရင်လည်း မခဲယဉ်းပါဘူး၊ ကြက်မွှေးဖြစ်စေ၊ အဝတ်စုတ်ဖြစ်စေ သုံးပြီး ဖုန်တွေ ခါထုတ်နိုင်ပါတယ်။ ကွိုင်တွေက ပူနေတတ်လို့ လက်အပူလောင်မှာကိုတော့ သတိထားရပါမယ်။

စုံစီနဖာ အကန့်များ

ကိုယ်ထည်ပြောင်စင်သွားပြီဆို ထုတ်ထားတဲ့ အကန့်တွေ၊ ဖန်ပြားတွေ၊ အံဆွဲတွေကို ပန်းကန်ဆေးဆပ်ပြာနဲ့ ဆေးပါ။ အံဆွဲ ရဲ့ ထောင့်တွေနဲ့ အနားသတ်တွေမှာ အစွန်းအထင်းတွေရှိတတ်လို့ အဲ့နေရာတွေကို သေချာလေး တိုက်ပေးပါ။‌ ပြောင်သွားပြီ ဆိုရင်တော့ အဝတ်တစ်ခုနဲ့ သုတ်ပြီး အခြောက်ခံပါမယ်။ ခြောက်သွားတဲ့အကန့်တွေကို ပြန်ထည့်ပြီး ဘာပစ္စည်းမှ ပြန်မထည့်သေးဘဲ မီးပလပ်ပြန်တပ်ပြီး အအေးဓာတ်ရအောင် နာရီဝက်လောက် ဒီတိုင်းထားလိုက်ပါ။

အနံ့ဆိုးကင်းစင်စေဖို့

ရေခဲသေတ္တာ အနံကင်းစေဖို့၊ အနံ့အသက်အားဖြင့် လတ်ဆတ်စေဖို့ဆို ဒီလိုအိမ်တွင်းနည်းလေးတွေကို အသုံးပြုလို့ရပါတယ်။ လူသုံးအများဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုကတော့ မုန့်ဖုတ်ဆိုဒါကို ပန်းကန်လုံးလေးတစ်လုံးထဲထည့်ပြီး အဖုံးမအုပ်ဘဲ အနံ့နံတဲ့ အပိုင်းမှာ ထားပါ။ အလွန်ဆုံး ၂၄ နာရီကြာတဲ့အခါမှာ အနံ့မကောင်းတာတွေကို စုပ်ယူပြီးသား ဖြစ်သွားပါလိမ့်မယ်။ ကော်ဖီမှုန့်ကလည်း အနံ့ဆိုးတွေစုပ်ယူတဲ့နေရာမှာ အစွမ်းထက်လို့ ခွက်တစ်ခုထဲ ထည့်ပြီးဖြစ်စေ၊ စက္ကူပါးလေးနဲ့ ထုပ်ပြီးဖြစ်စေ ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင် ကော်ဖီနံ့သင်းသင်းလေး မွှေးနေပါမယ်။ ဘဝက သံပုရာသီး ပေးလာရင် ရေခဲသေတ္တာထဲက အနံ့ဆိုးတွေကို တိုက်ထုတ်ဖို့ သုံးလိုက်ပါ။ သံပုရာသီးကို နှစ်ခြမ်းခွဲပြီး ပန်းကန်လေးထဲ ထည့်ထားတာကတော့ အလွယ်ဆုံးနည်းပါပဲ။ တချို့ကလည်း သံပုရာရည်ကို ဂွမ်းလုံးလေးတွေနဲ့ စုပ်ပြီး ရေခဲသေတ္တာ အတွင်းနံရံတွေကို တိုက်ကြပါတယ်။

ရေခဲသေတ္တာ ကြာရှည်အသုံးခံဖို့အပြင် သန့်ရှင်းနေဖို့ အနံ့ဆိုးကင်စင်နေဖို့ကလည်း အရေးကြီးပါတယ်။ ရေခဲသေတ္တာဆိုတာ မီးဖိုချောင်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေဖန်တီးဖို့အတွက် အခရာအကျဆုံးတွေထဲက တစ်ခုဖြစ်လို့ သန့်ရှင်းရေးပြုလုပ်တဲ့အခါ ရေခဲသေတ္တာကို ကျော်မသွားဘဲ အခုပြောပြခဲ့တဲ့ လွယ်ကူထိရောက်တဲ့ နည်းလမ်းလေးတွေနဲ့ ရှင်းလင်းလိုက်တော့နော်။


Share

Comments

Related Posts