ကောင်းကျိုးများပြား ရိုးရာအသီးအရွက်အသုပ်များ

Posted in အစားအစာ


အသီးအရွက်တစ်မျိုးတည်း ဒါမှမဟုတ် အသီးအရွက်အစုံအလင်ကို ကြက်သွန်နီ၊ ဆီချက်၊ နှမ်း၊ မြေပဲထောင်း၊ သံပုရာသီး၊ ငရုပ်သီးတို့နဲ့ ဖွယ်ဖွယ်ရာရာ သုပ်စားလေ့ရှိကြတဲ့ မြန်မာ့ရိုးရာ အသီးအရွက်အသုပ်တွေဟာ အရသာအားဖြင့် စုံလင်တဲ့ ရသကို ပေးစွမ်းနိုင်သလို ကျန်းမာ‌ရေးအရလည်း များစွာသော ကောင်းကျိုးတွေကို ပေးစွမ်းနိုင်ပါတယ်။ အသီးအရွက်လို့ ချုံငုံပြီး ခေါ်ကြပေမဲ့ တကယ်တော့ အပင်အလိုက် သုပ်စားကြတဲ့ အစိတ်အပိုင်းတွေ အမျိုးမျိုးရှိကြပါတယ်။ အဲဒီလို အစိတ်အပိုင်းတွေအလိုက် ကျန်းမာရေးကောင်းကျိုးတွေ ဘယ်လိုရှိလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အဖူးအညှောက်များ

မြန်မာ့ရိုးရာအသုပ်တွေထဲမှာတော့ မဲဇလီဖူးသုပ်နဲ့ မျှစ်သုပ်တွေဟာဆိုရင် အဖူးအညှောက်တွေကို အဓိကထားတဲ့ အသုပ်တွေဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း မဲဇလီဖူးသုပ်ဟာ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိတဲ့အတွက် တန်ဆောင်မုန်းလပြည့်ညမှာဆိုရင် ဆေးပေါင်းခ,တယ်ဆိုတဲ့ ဓလေ့ရိုးရာယုံကြည်မှုတစ်ခုတောင် ရှိပါတယ်။ တကယ်တော့ မဲဇလီဖူးကို ဘယ်အချိန်မှာပဲ စားစား ခန္ဓာကိုယ်အတွက် ကျန်းမာရေးကောင်းကျိုးတွေ အများကြီးရရှိနိုင်ပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကို ကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိဟာ မဲဇလီဖူးရဲ့ ထူးခြားကောင်းမွန်တဲ့ အကျိုးကျေးဇူးတစ်ခုဖြစ်ပါတယ်။ မျှစ်သုပ်ကို စားမယ်ဆိုရင်တော့ ခန္ဓာကိုယ်အလေးချိန် ထိန်းချုပ်ဖို့အတွက် ကူညီပေးနိုင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင်စီ၊ ဗီတာမင်အီးတို့အပြင် ကိုယ်ခံအားကောင်းစေတဲ့ သဘာဝဒြပ်ပေါင်းတွေလည်း ပါဝင်ပါသေးတယ်။

အမြစ်/ဥ များ

မုန်လာဥနီ၊ မုန်လာဥဖြူ၊ အာလူးနဲ့ ကန်စွန်းဥ တို့လို အမြစ်ဥတွေဟာ မြေအောက်မှာ ကြီးထွားပြီး သတ္တုဓာတ်တွေ သိုလှောင်ရာ အဓိကနေရာဖြစ်တဲ့အတွက် အာဟာရဓာတ်တွေ အများကြီးရနိုင်တဲ့ အသုပ်တွေဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေကို ပြောရမယ်ဆိုရင် မုန်လာဥနီကတော့ အမြင်အာရုံနဲ့ ကိုယ်ခံအားအတွက် အထောက်အပံ့ပေးနိုင်ပြီး မုန်လာဥဖြူကတော့ အသည်းနဲ့ ကျောက်ကပ်ကို သန့်စင်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ အာလူးမှာတော့ သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်တဲ့ ပိုတက်ဆီယမ်တွေ ကြွယ်ဝပြီး ကန်စွန်းဥမှာ‌တော့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

အပွင့်များ

မြန်မာ့ရိုးရာ အသုပ်တွေထဲမှာ သခွတ်ပွင့်သုပ်၊ ပေါက်ပွင့်သုပ်နဲ့ မလှပွင့်သုပ်တို့က အပင်ရဲ့ အပွင့်တွေကို အဓိကထားတဲ့ အသုပ်တွေဖြစ်ပါတယ်။ ဒီအပွင့်တွေရဲ့ ထူးခြားတဲ့ အကျိုးကျေးဇူးကတော့ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ကျန်းမာရေးကို အထောက်အပံ့ပေးနိုင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အစာချေဖျက်မှုနဲ့ အူလမ်းကြောင်းကိုလည်း ကောင်းမွန်စေပါတယ်။ ပေါက်ပွင့်မှာတော့ အ‌ရေပြားကျန်းမာရေးကို ထောက်ပံ့ပေးတဲ့ antioxidant တွေလည်း ပါဝင်ပါတယ်။

အသီးအရွက်များ

အသီးအရွက်တွေကတော့ အမျိုးအစားစုံလင်ပြီး အသုပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့်စားကြတဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။ အသီးတွေမှာဆိုရင် ခရမ်းချဉ်သီး၊ ဘူးသီး၊ ဂေါ်ရခါးသီး၊ ပဲတောင့်ရှည် စတဲ့အသီးတွေကို အသုပ်အဖြစ် စားလေ့ရှိကြပြီး အရွက်တွေမှာဆိုရင် မြင်းခွာရွက်၊ ရေမုန်ညင်း၊ ဟင်းနုနွယ်၊ မန်ကျည်းရွက် စတဲ့ အရွက်သုပ်တွေကတော့ အစားများတဲ့ အသုပ်တွေဖြစ်ပါတယ်။

ဒါတွေအပြင် မြန်မာ့ရိုးရာမှာ ထူးထူးခြားခြားအနေနဲ့ ကြက်သဟင်းရွက်၊ ညောင်ချဉ်ရွက်၊ ငါးရံ့ပလူရွက်၊ ကုက္ကိုလ်ရွက်နဲ့ မြူရွက်တို့လို အရွက်သုပ်တွေလည်း ရှိပါသေးတယ်။ ဒီအရွက်တွေကိုတော့ “အညာရွက်” တွေလို့ ခေါ်ဝေါ်လေ့ရှိကြပါတယ်။ ဒီလို အသီးအရွက်သုပ်တွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေအပြင် နှလုံး၊ အစာအိမ်နဲ့ အူလမ်းကြောင်း၊ အသည်း စတဲ့ အရေးကြီးအစိတ်အပိုင်းတွေရဲ့ ကျန်းမာရေးကို အထောက်အပံ့ပေးနိုင်တဲ့ စွမ်းအင်တွေပါဝင်ပါတယ်။

ဒါကြောင့် အခုပြောပြခဲ့တဲ့ အသီးအရွက်သုပ်တွေဟာ နေ့စဉ်စားသောက်တဲ့ အစားအစာတွေထဲမှာ အမြဲလိုလို ပါဝင်နေသင့်ပါတယ်။ ဒီလို မြန်မာ့ရိုးရာ အသီးအရွက်သုပ်တွေကို လတ်လတ်ဆတ်ဆတ်၊ အရသာရှိရှိနဲ့ တစ်နေရာတည်းမှာ စုံစုံလင်လင်ရွေးချယ်နိုင်ဖို့အတွက် marketplace by City Mart ဆိုင်ခွဲတွေမှာရှိတဲ့ Salad Bar counter မှာ အမြဲတမ်း ဝယ်ယူရရှိနိုင်တယ်ဆိုတာကိုလည်း ဒီဆောင်းပါးလေးနဲ့အတူ သတင်းကောင်းပါးလိုက်ပါရစေ။


Share

Comments

Related Posts