ကျစ်လစ်သန်မာတဲ့ ကြွက်သားတွေအတွက် လုပ်ဆောင်နိုင်မယ့် လေ့ကျင့်ခန်းတစ်ချို့

Posted in ကျန်းမာရေး, ကိုယ်ကာယကြံ့ခိုင်ခြင်း

Photos Credit to BANGTANTV Youtube channel


ကိုယ်တွင်းက မလိုအပ်တဲ့ အဆီတွေ လျော့ချပြီး သန်မာတဲ့ ကြွက်သားတွေကို တည်ဆောက်ဖို့အတွက် ဖြည်းဖြည်းချင်းနဲ့ ပုံမှန်လေး လေ့ကျင့်သွားနေဖို့ အရေးကြီးပါတယ်။ နောက်ပြီး လေ့ကျင့်ခန်းတွေ လုပ်ဖို့ Gym သွားမှ မဟုတ်ဘဲ ကိုယ့်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ မလုပ်ကိုင်ခင် အိမ်မှာပဲ ပေါ့ပေါ့ပါးပါး လေ့ကျင့်နေနိုင်တာပါ။ ဒီလို အိမ်မှာပဲ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ၊ ကြွက်သားတည်ဆောက်မှုတွေ လုပ်ဆောင်ဖို့ဆို အနုပညာမှာ ထူးချွန်သလို ကိုယ်ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံ အချိုးကျအောင် လေ့ကျင့်ထားတဲ့ BTS Jung Kook ရဲ့ Workout Plan တွေကိုလည်း ချန်ထားလို့ မဖြစ်ပါဘူး။ သူ့ရဲ့ လေ့ကျင့်ခန်းတွေက လူတိုင်း ကိုယ့်အိမ်မှာပါ အလွယ်တကူ လိုက်ပါလုပ်ဆောင်နိုင်တာကြောင့် သူ့ရဲ့ ကြွက်သား တည်‌ဆောက်ဖို့ မျှဝေနေကျဖြစ်တဲ့ နည်းလမ်းတွေထဲကတစ်ချို့ကို အားလုံးအတွက် ပြောပြပေးချင်ပါတယ်။ 

K-pop Idol တစ်ယောက်ဖြစ်တဲ့ Jung Kook က ကိုယ်ကာယလေ့ကျင့်ခန်းတွေကို Gym မှာလည်း ပြုလုပ်ပေမဲ့ သူကိုယ်တိုင် အင်တာဗျူးတွေမှာ ပြောပြဖူးတဲ့ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းလေ့ကျင့်ခန်းတွေကို ပရိသတ်တော်‌တော်များများက လိုက်လုပ်ဆောင်ကြပါတယ်။ သူ့လေ့ကျင့်ခန်းတွေကလည်း တစ်ကိုယ်လုံးအတွက် ကြံ့ခိုင်သန်စွမ်းမှုကို အဓိကထားပြီး ရိုးရှင်းတဲ့ လှုပ်ရှားမှုတွေနဲ့ ရေရှည်ပုံမှန် လုပ်ဆောင်သွားနိုင်တာပါ။ ဒါကြောင့် သက်တောင့်သက်သာ ရှိတဲ့ အဝတ်အစားနဲ့ ရှင်းလင်းကျယ်ပြန့်တဲ့ နေရာကောင်းတစ်ခုမှာ ဒီလေ့ကျင့်ခန်းလေးတွေ လိုက်လုပ်ကြည့်ရအောင်။ 

ထိုင်ထ (Squats) - ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်အတိုင်း နေရာချပြီး ရင်ဘတ်ကော့ကာ ဒူးကို ခြေချောင်းတွေနဲ့အညီ ကွေးချပါ။ ဒါကို စုစုပေါင်း အကြိမ် ၁၀၀ကို၊ ၂၀ကြိမ်တစ်ခါ၊ စက္ကန့် ၃၀ ကနေ ၆၀ အထိ အနားယူပြီး လုပ်ဆောင်နိုင်ပါတယ်။ 

ဗိုက်ကြွက်သားလေ့ကျင့်ခန်း (Core exercise) - ဝမ်းဗိုက်ကြွက်သားကို အဓိကထားပြီး ‌ဖြေးဖြေးချင်းလုပ်ဆောင်နိုင်ဖို့ ခြေထောက်မြှောက်တာဖြစ်ဖြစ်၊ အိပ်ထမတင် လုပ်တာဖြစ်ဖြစ် လုပ်ဆောင်ရင်း အမြန်နှုန်းကို အဓိကမထားဘဲ အကြိမ် ၃၀ လုပ်ဆောင်ပေးရပါမယ်။

 

ရှေ့တိုးထိုင်ထ (Lunges) - ရှေ့ကို ခြေတစ်လှမ်းတိုးပြီး ဒူးနှစ်ဖက်လုံး ၉၀ဒီဂရီလောက် ဖြစ်တဲ့အထိ ထားပေးမှ မူလအနေအထားသို့ သွားပါ။ ကိုယ်ခန္ဓာအပေါ်ပိုင်းကို မတ်မတ်ထားဖို့ လိုပြီး ရှေ့ခြေဖဝါးက ကြမ်းပြင်ကို ထိနေဖို့ လိုပါတယ်။ ခြေတစ်ဖက်ကို အကြိမ် ၂၀စီ ၂ခါ လုပ်ပေးပါ။

ပလန့် (Plank) - ခေါင်းကနေ ခြေဖနောင့်ထိ မှောက်ရက်ပုံစံနဲ့ ဖြောင့်တန်းတဲ့ မျဥ်းကြောင်းပုံစံထားကာ တံတောင်ဆစ်တွေကို ပခုံးအောက်ဘက်မှာ ထောက်ထားပါ။ စစချင်းတွေမှာ ၁မိနစ် လုပ်ရတာတောင် ခက်ခဲနိုင်တဲ့အတွက် စက္ကန့် ၂၀ ကနေ ၃၀ အထိ စတင်လုပ်ဆောင်ကြည့်ပြီး နောက်မှ တဖြည်းဖြည်းချင်း တိုးသွားပါ။

ဘေးတိုက် ပလန့် (Side plank) - ကိုယ်ခန္ဓာကို ဖြောင့်တန်းတဲ့ မျဉ်းကြောင်းအတိုင်း ဘေးတိုက် ထိန်းထားပါ။ ခြေဖဝါးတွေကို ကပ်ထားပြီး တင်ပါးကိုလည်း မြှောက်တင်ထားပါ။ တစ်ဖက်ကို ၁ မိနစ်စီ လုပ်ဆောင်နိုင်ပြီး လိုအပ်ရင် ဒူးတွေ ကွေးထားပြီး ဟန်ချက်ထိန်းလို့ ရပါတယ်။

ဘာပီ (Burpees) - မတ်မတ်ရပ်နေရင်းကနေ ခုနက Plank အနေအထားကို ပြောင်းပြီး push-up လေ့ကျင့်ခန်း ပြုလုပ်ပါ၊ ပြီးရင် ခြေထောက်တွေကို ခုန်ပြီး စုလိုက်ကာ အပေါ်သို့ ခုန်ပါ။ ဒါကို ၁၅ ကြိမ် လုပ်ဆောင်နိုင်ပြီး အခုမှ စတင် လေ့ကျင့်မဲ့သူတွေ အတွက်ကတော့ ဖြေးဖြေးချင်းပဲ ကိုယ်ခံနိုင်ရည်ရှိသလောက်သာ လုပ်ဆောင်နိုင်ပါတယ်။ 

အခုလို Jung Kook ရဲ့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းလေးတွေ လိုက်ပါလုပ်ဆောင်ကြည့်ရင်း အကြိမ်ရေ ပိုလုပ်လာနိုင်တာ၊ Plank ကြာကြာထောက်နိုင်လာတာ၊ အမောခံနိုင်လာတာတွေ သတိထားမိရင်း ဖြည်းဖြည်းချင်း ကိုယ့်ကိုယ်ကိုယ် အားပေးကာ ဆက်ကြိုးစားနိုင်ပါတယ်။ အရေးကြီးဆုံးကတော့ ဆယ်လီတစ်ယောက်နဲ့ တစ်ပုံစံတည်း တူဖို့အတွက် မဟုတ်ဘဲ ကိုယ့်ရဲ့ ကျန်းမာကြံ့ခိုင်မှုအတွက်သာ လေ့ကျင့်နေတာဖြစ်ကြောင်း သတိရပေးဖို့ လိုပါတယ်နော်။ 


Share

Comments

Related Posts