အနုပညာသမိုင်းကြောင်းနှင့် ခေတ်အဆက်ဆက် ပြောင်းလဲမှုများ

Posted in လူမှုဘဝ


အနုပညာသမိုင်းကြောင်းဆိုတာ ခုနှစ်သက္ကရာဇ်အစဥ်လိုက် ဖြစ်ပေါ်လာတဲ့ အစဥ်လိုက်ဖြစ်စဥ်တစ်ခုတင် မဟုတ်ပါဘူး။ လူသားတွေရဲ့ နေ့စဥ်ဘဝ၊ အလှအပ၊ ယဥ်ကျေးမှု၊ ဘာသာ‌ရေး၊ နိုင်ငံရေးနဲ့ နည်းပညာတွေကို ဘယ်လိုနားလည်ပုံဖော်ခဲ့ကြလဲ ဆိုတာပါ ပြသပေးနိုင်တဲ့ မှတ်တမ်းတစ်ခုလို့လည်း ဆိုရမှာပါ။ ဒီလိုခေတ်ကာလအလိုက် စျာန်ဝင်ခံစားကြရာ ပန်းချီနဲ့ အနုပညာလက်ရာ‌တွေကလည်း တန်ဖိုးမဖြတ်နိုင်စရာနဲ့ စိတ်ဝင်စားစရာတွေ ပြည့်နှက်နေဆဲဖြစ်ပြီး ယနေ့ထိတိုင် အထင်အမြင် အမျိုးမျိုးကို ဆွေးနွေးပြောဆိုလို့ ကောင်းနေဆဲပါ။ ဒီတစ်ခေါက် ဆောင်းပါးထဲမှာတော့ သမိုင်းမှာ အရေးပါခဲ့တဲ့ အနုပညာလှုပ်ရှားမှုတစ်ချို့ဖြစ်တဲ့ Renaissance၊ Baroque တို့အပါအဝင် ပန်းချီနဲ့ အနုပညာချစ်သူတို့ လေ့လာနိုင်တဲ့ အကြောင်းအရာလေးတွေ စုစည်းဖော်ပြပေးချင်ပါတယ်။

Renaissance

၁၄ ရာစု ကနေ ၁၇ ရာစု အတွင်း ဥရောပမှာ ထွန်းကားခဲ့တဲ့ Renaissance လှုပ်ရှားမှုက ဂန္တဝင်အနုပညာ၊ ရှေးဟောင်းဂရိနဲ့  ရောမအယူအဆတွေကို ပြန်လည်အသက်သွင်းထားပြီး အနုပညာပြောင်းလဲလာမှုရဲ့ အဓိက လှုပ်ရှားမှုတွေထဲက တစ်ခုလို့ ဆိုနိုင်ပါတယ်။ ပြင်သစ်စကားလုံးဖြစ်တဲ့ Renaissance ဆိုတာကလည်း ပြန်လည်နိုးထခြင်းဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး လူ့သဘာဝကို လေ့လာကာ ပိုလက်တွေ့ကျတဲ့ အနုပညာတွေကို ဖန်တီးခဲ့ကြတာပါ။ ၁၄၅၀ ခုနစ် ကနေ ၁၅၇၀ ခုနစ်အတွင်းမှာဆိုရင် Leonardo da Vinci ၊ Michelangelo နဲ့ Raphael တို့က ဒီ Renaissance ခေတ်မှာ လူ့ခန္ဓာဗေဒ၊ ရှုထောင့်နဲ့ သဘာဝတွေကို ဖန်တီးပုံဖော်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ 

Baroque

၁၆ရာစု နှောင်းပိုင်းရဲ့  Baroque ခေတ်မှာတော့ အလင်းအမှောင် ကွာခြားမှုတွေ၊ အနုစိတ်နဲ့ လေးနက်တဲ့ ခံစားချက်တွေကို ထင်ရှားစွာ အသုံးပြုလာကြပါတယ်။ Baroque ဆိုတာ ပေါ်တူကီစကားကနေ ဆင်းသက်လာပြီး ခမ်းနားကြီးကျယ်ပြီး နက်ရှိုင်းတဲ့ စိတ်ခံစားမှုနဲ့ လက်ရာမြောက်တဲ့ အဆင်တန်ဆာတွေ မွမ်းမံထားတဲ့ အနောက်တိုင်း ယဉ်ကျေးမှုနဲ့ အနုပညာစတိုင် လို့ ဆိုနိုင်တာပါ။ အနုပညာ Caravaggio နဲ့ Rembrandt တို့ကတော့ အလင်းနဲ့ အရိပ်ကို အသုံးပြုပြီး နေ့စဉ်ဘဝမြင်ကွင်းတွေကို ထိရောက်စွာ ပုံဖော်ခဲ့ကြပါတယ်။ 

Impressionism

၁၉ ရာစု ပြင်သစ်မှာ ပေါ်ပေါက်ခဲ့တဲ့ Impressionism က မြင်နေကျ အနုပညာလက်ရာတွေကနေ ကွဲထွက်လာပြီး လွတ်လပ်တဲ့ စုတ်ချက်တွေနဲ့ သဘာဝအလှကို ဖော်ကျူးလာကြပါတယ်။ ခေတ်သစ်ဘဝကို ပုံဖော်ဖန်တီးလာကြတဲ့ ဒီ Impressionism မှာ သမိုင်းကြောင်းနဲ့ ဒဏ္ဍာရီ မြင်ကွင်းတွေအစား သာမန်ပြည်သူတွေ၊ မြို့ပြလူနေမှုဘဝတွေနဲ့ သဘာဝရှုခင်းတွေကို ပုံဖော် ရေးဆွဲခဲ့ကြပါတယ်။ ဒီထဲမှာ Claude Monet နဲ့ Edgar Degas တို့က လွတ်လပ်ပေါ့ပါးတဲ့ စုတ်ချက်တွေ၊ တောက်ပတဲ့အရောင်တွေနဲ့ ပြင်ပမြင်ကွင်းတွေကို အသုံးပြုပြီး အလင်းရောင်အပြောင်းအလဲနဲ့ ခေတ်သစ်ဘဝကို ဖမ်းယူခဲ့ကြတာပါ။

Cubism

မတူညီတဲ့ ရှုထောင့်တွေကနေ ပုံဖော်ထားတဲ့ Cubism ခေတ်မှာ အရာဝတ္ထုတွေကို ဂျီဩမေတြီပုံစံတွေအဖြစ် အမြင်ဆန်းစွာ တွေ့မြင်ရမှာပါ။ ၂၀ ရာစု အစောပိုင်းမှာ Pablo Picasso နဲ့ Georges Braque တို့ ဖော်ဆောင်ခဲ့သော Cubism က ပန်းချီပညာနဲ့ အနုပညာတွေကို တော်လှန်ပြောင်းလဲခဲ့ပြီး တေးဂီတ၊ အက၊ စာပေနဲ့ ဗိသုကာပညာတွေမှာလည်း အနုပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

Surrealism

၂၀ ရာစုမှာ ပေါ်ပေါက်လာတဲ့ အနုပညာအပြောင်းအလဲတွေမှာ စိတ်ကူးစိတ်သန်းတွေနဲ့ အိမ်မက်ဆန်ဆန် အခြေခံထားတဲ့ Surrealism ကလည်း သမားရိုးကျမဟုတ်တဲ့ စိတ်ဝင်စားစရာ အနုပညာတစ်မျိုးပါပဲ။ Salvador Dalí နဲ့ René Magritte တို့ရဲ့ အနုပညာလက်ရာကို ကြည့်မယ်ဆို အိပ်မက်ကမ္ဘာထဲက ထူးဆန်းတဲ့ပုံရိပ်တွေနဲ့ ကြည့်ရှုသူတွေရဲ့ အတွေးအခေါ်တွေကို နှိုးဆွပေးတတ်ကြပါတယ်။ 

ဒီလို Renaissance ခေတ်ကနေ အခုခေတ်ပေါ်အနုပညာ (Contemporary Art) လို့ခေါ်တဲ့ ဒစ်ဂျစ်တယ် ကိရိယာအစုံအလင်ကို သုံးပြီး ဖန်တီးမှုတွေမှာ ပြောင်းလဲလာတဲ့ ကမ္ဘာကို ခေတ်အဆက်ဆက် တွေ့မြင်ခံစားရမှာပါ။ ဒီလိုသမိုင်းကြောင်းတွေ နားလည်ထားတာက အနုပညာချစ်မြတ်နိုးသူတွေအတွက် ဟိုးအရင်ခေတ်တွေက သမားရိုးကျ အလေ့အထတွေကို ဘယ်လို စိန်ခေါ် ပြောင်းလဲခဲ့ကြလဲဆိုတာနဲ့ ကမ္ဘာကြီးကို ဘယ်လို ရှုမြင်ပုံအသစ်တွေနဲ့ ဖန်တီးခဲ့ကြလဲဆိုတာကိုပါ ပိုပြီး ထင်ရှားစွာ မြင်တွေ့လာနိုင်မှာ ဖြစ်ပါတယ်။


Share

Comments

Related Posts