အစားအသောက်သုံး ပလတ်စတစ်များအကြောင်း သိကောင်းစရာ

Posted in အစားအစာ


အလုပ်များလှတဲ့ ဒီနေ့ခေတ် လူနေမှုပုံစံမှာ အချိန်ကုန်လူပင်ပန်းသက်သာပြီး အသင့်စားနိုင်တဲ့ အစားအသောက်တွေ ရေပန်းစားလာပြီး ဒါတွေကို ထည့်သွင်းပြင်ဆင်ကြတဲ့ ပလတ်စတစ်အသုံးပြုပုံတွေကိုတော့ ကျန်းမာရေးအတွက် ဂရုပြုထားသင့်တာပါ။ တစ်ခါစားစရာ နှပ်ထားပြီးသား အသားငါးတွေ၊ ထုပ်ပိုးပြီးသား ဟင်းသီးဟင်းရွက်တွေနဲ့ နွှေးစရာ ထမင်းဗူး၊ ဟင်းဗူးတွေမှာ ပလတ်စတစ်နဲ့ လွတ်ကင်းစရာ မရှိဘဲ အဓိက အရေးပါတဲ့ အစိတ်အပိုင်းလို့ ပြောမယ်ဆိုလည်း မမှားပါဘူး။ ဒါကြောင့် ဒီတစ်ခေါက် ဆောင်းပါးထဲမှာတော့ အသင့်စား၊ အသင့်ချက် အစားအသောက်တွေ ဝယ်စားကြတဲ့အခါ Food-Grade Plastics လို့ခေါ်တဲ့ အစားအသောက်သုံး ပလတ်စတစ်တွေအကြောင်း အားလုံးတူတူသိထားရအောင် ဖော်ပြပေးချင်ပါတယ်။

Food-Grade Plastics ဆိုတာ

နိုင်ငံတကာ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး အဖွဲ့အစည်းတွေရဲ့ စံချိန်စံညွှန်းတွေနဲ့အညီ ထုတ်လုပ်ထားတဲ့ ပလတ်စတစ်အမျိုးအစားဖြစ်ပြီး ဒါကို အပူပေးတဲ့အခါ သို့ သိုလှောင်တဲ့အခါ အစားအစာအတွင်းကို ဓာတုပစ္စည်းတွေနဲ့ အဆိပ်အတောက်တွေ ကူးစက်မပြန့်ပွားအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။

အစားအစာတွေမှာ Food-Grade Plastics တွေ အသုံးပြုတာက

  • လတ်ဆတ်မှုနှင့် အာဟာရကို ထိန်းသိမ်းပေးခြင်း - Food-Grade Plastics တွေမှာ လေ၊ အစိုဓာတ်နဲ့ အောက်ဆီဂျင်ကို ကာကွယ်ပေးနိုင်တဲ့ ပလတ်စတစ် အကာအကွယ်တွေကြောင့် အစားအစာရဲ့ မူလအရသာ၊ အနံ့နဲ့ အာဟာရဓာတ်တွေကို အချိန်ကြာကြာ လတ်ဆတ်မှုရှိနေစေပါတယ်။
  • အပူဒဏ် ခံနိုင်ရည်ရှိခြင်း - Food-Grade Plastics အမျိုးအစားဖြစ်တဲ့ Polypropylene (PP) နဲ့ CPET ပလတ်စတစ်တွေက မိုက်ခရိုဝေ့ဖ် သို့ ပေါင်းအိုးတွေထဲ တိုက်ရိုက်ထည့်သွင်း ချက်ပြုတ်တဲ့အခါ အပူချိန် မြင့်မားစွာ ခံနိုင်ရည်ရှိပြီး ပလတ်စတစ်တွေ အရည်ပျော်တာ သို့ အဆိပ်အတောက် ထွက်တာမျိုး မရှိပါဘူး။
  • ရောဂါပိုးမွှားကူးစက်မှုကို ကာကွယ်ပေးခြင်း - သားစိမ်း၊ ငါးစိမ်းနဲ့ ဟင်းသီးဟင်းရွက်တွေကို ထုပ်ပိုးရတဲ့အခါ ဘက်တီးရီးယား ပေါက်ဖွားမှုကို ကာကွယ်ပေးပြီး သယ်ယူပို့ဆောင်တဲ့အခါတွေမှာလည်း ယိုဖိတ်တာတွေ မရှိအောင်နဲ့ လေလုံအောင် သိမ်းဆည်းပေးနိုင်ပါတယ်။

အစားအသောက်သုံး ပလတ်စတစ် အမျိုးအစားတွေ

  • Polypropylene (PP - Resin Code 5) - ပလတ်စတစ်သား မာကျောပြီး ပေါ့ပါးမှုရှိတဲ့အပြင် အပူချိန် (160°C / 320°F အထိ) ခံနိုင်ရည်ရှိတာကြောင့် အစားအသောက် ထုပ်ပိုးပြင်ဆင်ရာမှာ အသုံးများတဲ့ အစားအသောက်သုံး ပလတ်စတစ်အမျိုးအစားပါပဲ။
  • Crystallized Polyethylene Terephthalate (CPET) - အကန့်များများနဲ့ ထမင်း၊ ဟင်းထည့်ရာမှာ အသုံးဝင်တဲ့ ဒီပလတ်စတစ်အမျိုးအစားက အေးခဲအပူချိန် (-40°C) ကနေ မီးဖို အပူချိန် (220°C / 428°F) အထိ ခံနိုင်ရည်ရှိတာကြောင့် အသင့်စား အစားအစာတွေအတွက် အဓိက အသုံးပြုနိုင်တာပါ။

ပလတ်စတစ်နဲ့ အပူပေးချက်ပြုတ်ရာမှာ ဒါတွေသတိပြုပါ

  • အစားအသောက်သုံး ပလတ်စတစ် ဟုတ်မဟုတ်နဲ့ မိုက်ခရိုဝေ့ဖ် နဲ့ အသုံးပြုနိုင်ကြောင်း ဖော်ပြထားတဲ့ သင်္ကေတ (Food-Safe / Microwave-Safe Symbol) ပါမပါ အမြဲစစ်ဆေးပါ။
  • အစားအစာရဲ့ ညွှန်ကြားချက်မှာပါတဲ့ အပူချိန်နဲ့ အချိန်အတိုင်းအတာအတိုင်းသာ အပူပေး ချက်ပြုတ်ပါ။
  • တစ်ခါသုံး ရည်ရွယ်ထားသော ပလတ်စတစ် ဗူးတွေကို အကြိမ်ကြိမ် ပြန်လည် အပူပေးပြီး မသုံးစွဲပါနဲ့။

ဒီလောက်ဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဘေးကင်းလုံခြုံတဲ့ အသင့်စား၊ အသင့်ချက် အစားအစာတွေကို မှန်ကန်စွာ ရွေးချယ်ချက်ပြုတ်နိုင်ဖို့ ဒီဆောင်းပါးလေးက အထောက်အကူ ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်နော်။


Share

Comments

Related Posts