
လူတွေအချင်းချင်း ဆက်သွယ်ပြောဆိုကြတဲ့အခါ ပြောစကားက အဓိကဆက်သွယ်မှုပုံစံ ဖြစ်ပေမဲ့လည်း အသံမပါဘဲ ဆက်သွယ်နိုင်တဲ့ လက်သင်္ကေတပြ ဘာသာစကားတွေလည်း ရှိပါသေးတယ်။ ဒီဘာသာစကားတွေက နှုတ်နဲ့ အကြားအာရုံ ချို့တဲ့သူတွေအတွက် ပေါ်ပေါက်လာပြီး လက်ပုံစံ၊ မျက်နှာအမူအရာနဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုတွေကို အသုံးပြုကာ ရှုပ်ထွေးတဲ့ ခံစားချက်တွေ၊ အတွေးအခေါ်တွေကို ဖော်ပြနိုင်တဲ့ ဘာသာစကား (Sign Language) တစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ စကားပြောရတဲ့ ဘာသာစကားတွေလိုမျိုး လက်သင်္ကေတပြ ဘာသာစကားတွေကလည်း တစ်မျိုးနဲ့တစ်မျိုး မတူညီဘဲ နိုင်ငံအလိုက်၊ ယဥ်ကျေးမှုအလိုက် သီးခြားစီ တည်ရှိနေတာကို သတိမထားမိကြပါဘူး။ ဒါကြောင့် ကမ္ဘာပေါ်မှာ နိုင်ငံအလိုက် Sign Languages တွေ ဘယ်နှစ်မျိုးရှိနေလဲဆိုတာနဲ့ မြန်မာနိုင်ငံမှာရော ဘယ်လို Sign Language အသုံးပြုနေကြလဲဆိုတာ ဒီဆောင်းပါးမှာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

နိုင်ငံအလိုက် Sign Languages ကွဲပြားပုံ
လက်သင်္ကေတပြ ဘာသာစကားမှာ အပြည်ပြည်ဆိုင်ရာ ပွဲအခမ်းအနားတွေမှာ သုံးတဲ့ International Sign (IS) ရှိပေမဲ့လည်း တော်တော်များများ ထင်ထားသလို Universal Sign Language မဟုတ်တာကြောင့် နိုင်ငံအလိုက် လက်သင်္ကေတပြ ဘာသာစကားတစ်ခုစီမှာ
- ကိုယ်ပိုင် သဒ္ဒါစနစ်နဲ့ ဝါကျဖွဲ့စည်းပုံတွေ မတူညီတာ၊
- ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းအပေါ် မူတည်ပြီး ကွဲပြားတာ စသဖြင့် အမျိုးမျိုးရှိကြောင်း ASL Bloom ရဲ့ ဆောင်းပါးမှာ လေ့လာနိုင်ပါတယ်။

ကမ္ဘာပေါ်က အသုံးများတဲ့ Sign Languages အမျိုးအစားတွေ ပြောရမယ်ဆို
- အမေရိကန် လက်သင်္ကေတပြ ဘာသာစကား (ASL) - အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးများပြီး လက်ရှိ ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံး လက်သင်္ကေတပြ ဘာသာစကားတွေထဲက တစ်ခုဖြစ်ပါတယ်။
- ဗြိတိန် လက်သင်္ကေတပြ ဘာသာစကား (BSL) - ဗြိတိန်၊ သြစတေးယျနဲ့ နယူးဇီလန်နိုင်ငံတွေမှာ အသုံးပြုကြတဲ့ BSL က ASL နဲ့ မတူဘဲ အက္ခရာ စာလုံးပေါင်းရာမှာ လက်နှစ်ဖက်လုံး အသုံးပြုဖော်ပြတတ်ကြပါတယ်။
- ပြင်သစ် လက်သင်္ကေတပြ ဘာသာစကား (LSF) - Sign Language ရဲ့ သမိုင်းတစ်လျှောက် အရေးပါခဲ့တဲ့ ပြင်သစ်သင်္ကေတပြ ဘာသာစကားက ASL အပါအဝင် နိုင်ငံတော်တော်များများက လက်သင်္ကေတပြ ဘာသာစကားတွေရဲ့ အခြေခံလို့ ဆိုနိုင်ပါတယ်။

Sign Language ကို ဘယ်လိုသင်ယူနိုင်လဲ
ဆွံ့အ နားမကြား မိဘကနေ မွေးဖွားလာတဲ့ ကလေးငယ်တွေက ငယ်ကတည်းက မြင်တွေ့လေ့လာရတဲ့ လက်သင်္ကေတပြ ဘာသာစကားကို မိခင်ဘာသာစကား အနေနဲ့ အလွယ်တကူတက်မြောက်ကြပါတယ်။ လက်ပုံစံ လှုပ်ရှားမှုတွေအပြင် မျက်ခုံးပင့်တာ၊ ခေါင်းငြိမ့်တာ၊ နှုတ်ခမ်း လှုပ်ရှားမှုတွေကနေ ခံစားချက်တွေကို ဖော်ပြကြပါတယ်။
မြန်မာနိုင်ငံမှာတော့ ရန်ကုန်မြို့မှာ ၁၉၂၀ က စတင်တည်ထောင်ခဲ့တဲ့ Mary Chapman School for the Deaf နဲ့ မန္တလေးမြို့၊ ကလေးမြို့တို့မှာ ရှိတဲ့ နားမကြား ကလေးများကျောင်းတွေမှာ လက်သင်္ကေတပြ ဘာသာစကား ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျတဲ့ ကျောင်းနေရာတွေ ဖြစ်ခဲ့ပြီး ဒီနေရာတွေကနေ အခြေပြုသင်ကြားနေကြပါတယ်။ ဒီကျောင်းတွေမှာပဲ ဒေသအလိုက် ကွဲပြားမှုတွေရှိတာကြောင့် အသုံးပြုတဲ့ လက်သင်္ကေတအချို့လည်း ကွဲပြားမှုတွေရှိတတ်တာပါ။ အခုနောက်ပိုင်းမှာ ဒေသတွင်း အဖွဲ့အစည်းတွေ၊ သင်တန်းကျောင်းတွေ တစ်ဆင့် မြန်မာ့လက်သင်္ကေတပြ ဘာသာစကား (Myanmar Sign Language) ကိုလည်း စံသတ်မှတ်သင်ကြားနေကြပြီး လွယ်လွယ်ကူကူလေ့လာနိုင်အောင် ဖန်တီးနေကြပါပြီ။
ဒီလို ဘာသာစကားတွေက အမျိုးမျိုးကွဲပြားခြားနားမှုတွေ ရှိနေပေမဲ့လည်း လူသားတွေရဲ့ အပြန်အလှန် နားလည်ချင်စိတ်နဲ့ ဆက်သွယ်တတ်တဲ့ စွမ်းရည်ကြောင့် မတူညီတဲ့ ဒေသကလူတွေနဲ့ အမြန်ဆုံး အံဝင်ခွင်ကျဖြစ်အောင် ဆက်သွယ်ပြောဆိုနိုင်ကြပါတယ်။ ဒါကြောင့် အသံထွက်ပြီး မပြောတာတောင် လက်သင်္ကေတပြ ဘာသာစကားတွေက လူတွေရဲ့ ဆက်သွယ်ပြောဆိုနိုင်စွမ်းတွေကို ထင်ဟပ်စေတဲ့ အလှပဆုံး ဘာသာစကားတစ်ခုလို့ ဆိုရင် မှားမယ်မထင်ပါဘူး။
Comments