
မိုးရာသီဟာ မိုးမရွာနေရင်တောင် စိုထိုင်းဆများပြားတဲ့ ကာလတစ်ခုဖြစ်ပါတယ်။ မိုးရွာနေချိန်မှာဆိုရင် စိုထိုင်းဆ ၉၀ - ၁၀၀ ရာခိုင်နှုန်းအထိရှိပြီး အိမ်ထဲမှာလည်း ပျမ်းမျှအားဖြင့် စိုထိုင်းဆက ၆၀ ရာခိုင်နှုန်းလောက် ရှိနေတတ်ပါတယ်။ ဒီလို စိုထိုင်းဆများတာကြောင့် ဖြစ်တတ်တဲ့ ပြဿနာတွေက ဘာတွေလဲ၊ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုတော့ ဒီဆောင်းပါးလေးမှာ ပြောပြပေးသွားမှာဖြစ်ပါတယ်။
စိုထိုင်းဆ ကြောင့်ဖြစ်တတ်တဲ့ ပြဿနာများ
၁။ မှို၊ ဖားဥ စွဲခြင်း
မိုးတွင်းမှာ အဝတ်တွေ မခြောက်တဲ့အခါ မှိုစွဲတာ၊ ဖားဥစွဲတာတွေကိုတော့ သတိထားလေ့ရှိကြပေမဲ့ အိမ်ထဲမှာလည်း မှို၊ ဖားဥ စွဲနိုင်တာကိုတော့ သတိမပြုမိတတ်ကြပါဘူး။ အိမ်ထဲမှာ ဒါမှမဟုတ် ကိုယ့်အခန်းထဲမှာ လေဝင်လေထွက်မကောင်းဘဲ စိုထိုင်းဆများလာတဲ့အခါ မှိုနဲ့ ဖားဥတွေ စွဲဖို့အတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်လာပါတယ်။ အများအားဖြင့် နံရံနဲ့ မျက်နှာကျက်တွေ၊ ဗီရိုတွေ၊ ပရိဘောဂတွေရဲ့ အနောက်ဘက်တွေမှာ မှိုတွေ၊ ဖားဥတွေ စွဲလာတာကို မြင်ရတတ်ပါတယ်။
၂။ အောက်သိုးသိုးအနံ့များ
မိုးတွင်းမှာ မြေသင်းနံ့လို နှစ်လိုဖွယ်ကောင်းတဲ့ အနံ့လေးတွေရှိသလို အိမ်ထဲမှာ ရတတ်တဲ့ အောက်သိုးသိုးအနံ့တွေကလည်း ပြယုဂ်တစ်ခုဖြစ်နေတတ်ပါတယ်။ အဲဒီအနံ့တွေဟာ စိုထိုင်းထိုင်းဖြစ်နေတဲ့ သစ်သားတွေ၊ အဝတ်အစားတွေနဲ့ အရှေ့မှာပြောခဲ့တဲ့ မှိုနဲ့ ဖားဥတွေဆီက ထွက်လာတဲ့ microbial volatile organic compound (mVOCs) တွေကြောင့် ဖြစ်ပါတယ်။ အများအားဖြင့် လျှော်ထားတဲ့အဝတ်တွေ မခြောက်လို့ ရတဲ့အနံ့အဖြစ် သိထားကြပေမဲ့ တကယ်တော့ ဒါက စိုထိုင်းဆများတာကြောင့် ဖြစ်တဲ့ ပြဿနာတစ်ခုပါပဲ။ မလျှော်ရသေးတဲ့အဝတ်တွေမှာလည်း ဒီလို အနံ့တွေ ရှိနိုင်ပါတယ်။
၃။ ပစ္စည်းများ ပျက်စီးယိုယွင်းမှု
အထူးသဖြင့် သစ်သားနဲ့ပြုလုပ်တဲ့ ပရိဘောဂတွေဆိုရင် ရေငွေ့တွေကို စုပ်ယူတတ်တဲ့အတွက် စိုထိုင်းဆများတဲ့အချိန်တွေမှာ ပုံစံပျက်လာတာ၊ ပွလာတာတွေဖြစ်လာလေ့ရှိပါတယ်။ မိုးတွင်းမှာ သစ်သားတံခါးတွေ ပုံမှန်ထက် ပိုကြပ်သွားတာမျိုး ကြုံဖူးကြမှာပါ။ အဲဒါ အိမ်ထဲမှာ စိုထိုင်းဆများနေတဲ့ လက္ခဏာပါပဲ။ သားရေဂျာကင်တွေ၊ အိတ်တွေ၊ ဖိနပ်တွေဆိုရင် မှိုတွေစွဲပြီး ပျက်စီးတတ်သလို စာအုပ်တွေဆိုရင်လည်း ရေမစိုဘဲ အရောင်ပြောင်းလာတာ၊ လှိုင်းထလာတာတွေ ကြုံတွေ့ရနိုင်ပါတယ်။
၄။ လျှပ်စစ်ပစ္စည်းများ ပျက်စီးခြင်း
ရေငွေ့တွေဟာ လျှပ်စစ်ပစ္စည်းတွေရဲ့ သေးငယ်တဲ့အစိတ်အပိုင်းတွေထဲမှာ ငွေ့ရည်ဖွဲ့လာနိုင်တဲ့အတွက် သံချေးတက်တာ၊ လျှပ်စီးပတ်လမ်းပြတ်တောက်တာတွေ ဖြစ်လာနိုင်ပြီး ပျက်စီးနိုင်ပါတယ်။ မျက်နှာပြင်ပါတဲ့ ပစ္စည်းတွေမှာဆိုရင် ငွေ့ရည်ဖွဲ့နေတာကို တိုက်ရိုက်မြင်တွေ့ရလေ့ရှိပါတယ်။
၅။ ကျန်းမာရေးပြဿနာများ
စိုထိုင်းဆများတဲ့အချိန်ဆိုရင် အိမ်ထဲမှာတွေ့ရတတ်တဲ့ ဖုန်လုံးကောင် (Dust mite) လေးတွေဟာ ပိုမိုများပြားလာပြီး အသက်ရှူလမ်းကြောင်းနဲ့ အရေပြားကို ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အမှုန်အမွှားတွေကို လေထဲမှာ ပိုပြီး ပျံ့နှံ့စေပါတယ်။ ရင်ကြပ်ရောဂါရှိတဲ့သူတွေဆိုရင် ပိုပြီး သတိထားသင့်ပါတယ်။
ဒီပြဿနာတွေကို ဘယ်လိုကာကွယ်ကြမလဲ
အိမ်တွင်းမှာ စိုထိုင်းဆများတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက်ကတော့ အိမ်တွင်းက ရေငွေ့တွေကို လျှော့ချဖို့နဲ့ ပြင်ပက စိုထိုင်းဆတွေ အိမ်ထဲဝင်မလာဖို့ နည်းလမ်းနှစ်မျိုးကို တစ်ပြိုင်တည်း စီမံရမှာဖြစ်ပါတယ်။
၁။ အိမ်တွင်း စိုထိုင်းဆ ထိန်းချုပ်ခြင်း
အခုခေတ်မှာဆိုရင် Dehumidifier လို့ခေါ်တဲ့ ရေငွေ့ထိန်းချုပ်စက်တွေကို အလွယ်တကူဝယ်ယူလို့ရနေပါပြီ။ ကိုယ့်အခန်းအကျယ်အဝန်းပေါ်မူတည်ပြီး အဲဒီလို စက်တစ်ခုကို စိုထိုင်းဆပမာဏ ၄၅ - ၅၅ ရာခိုင်နှုန်းလောက် ထားလိုက်ပါ။ အဲကွန်းတပ်ထားတဲ့အခန်းဆိုရင်တော့ အဲကွန်းမှာပါတဲ့ Dry Mode (ရေစက်ပုံစံခလုပ်လေး) ကို ထားမယ်ဆိုရင်လည်း အခန်းတွင်းက ရေငွေ့တွေကို အလိုအလျောက်ဖယ်ရှားပေးပါလိမ့်မယ်။ စက်တွေကို အသုံးမပြုဘူးဆိုရင်တော့ Calcium Chloride ပါဝင်တဲ့ ရေငွေ့ဖယ်ဘူးလေးတွေ၊ အထုပ်လေးတွေကို အသုံးပြုနိုင်ပါတယ်။ ဗီရိုထဲတွေ၊ ဖိနပ်စင်တွေမှာလည်း အဲဒါလေးတွေ ထားသင့်ပါတယ်။
၂။ လေဝင်လေထွက်ကို စနစ်တကျ စီမံခြင်း
မိုးရွာနေတဲ့အချိန်မှာ ပြတင်းပေါက်တွေကို ပိတ်ထားဖို့တော့ သတိရလေ့ရှိကြပေမဲ့ မိုးတိတ်သွားတဲ့အချိန်မှာ ပြန်ဖွင့်ဖို့တော့ မေ့နေတတ်ကြပါတယ်။ အကောင်းဆုံးကတော့ မိုး လုံးဝတိတ်သွားပြီး လေတိုက်တဲ့အချိန်မှာ ပြတင်းပေါက်တွေကို ဖွင့်ပေးသင့်ပါတယ်။ ဒါမှ အိမ်ထဲက စိုထိုင်းဆများတဲ့ လေတွေကို ခြောက်သွေ့တဲ့လေနဲ့ လဲလှယ်ပြီးသား ဖြစ်စေမှာပါ။ မိုးရွာနေတဲ့အချိန်မှာတော့ သေချာပေါက် ပြတင်းပေါက်တွေကို ပိတ်ထားသင့်ပါတယ်။
၃။ အိမ်တွင်းအလေ့အကျင့်ကောင်းများ
- အဝတ်အစိုတွေကို အပြင်မှာပဲ အတတ်နိုင်ဆုံး လှမ်းပါ။ အထူးသဖြင့် တိုက်ခန်းတွေမှာဆိုရင် မိုးရွာတဲ့အခါ အဝတ်စိုတွေကို အိမ်ခန်းထဲသွင်းလိုက်ခြင်းက စိုထိုင်းဆကို တော်တော်များများ မြင့်တက်လာစေပါတယ်။ အတတ်နိုင်ဆုံး အပြင်နဲ့ ဝရံတာတွေမှာပဲ လှမ်းပြီး မတတ်သာလို့ အခန်းထဲသွင်းရမယ်ဆိုရင် သီးခြားအခန်းတစ်ခုမှာ တံခါးပိတ်ပြီး လှမ်းနိုင်မယ်ဆို ပိုကောင်းပါတယ်။
- ပရိဘောဂတွေကို နံရံနဲ့ ခွာထားပါ။ ဆိုဖာခုံတွေ၊ ဗီရိုတွေ၊ ကုတင်တွေကို နံရံနဲ့ အနည်းဆုံး ၂ လက်မ၊ ၃ လက်မလောက် ခွာထားသင့်ပါတယ်။ အဲဒါမှ လေဝင်လေထွက်ကောင်းပြီး မှိုစွဲတာတွေ၊ ပျက်စီးတာတွေကို လျော့နည်းစေပါလိမ့်မယ်။
- ပစ္စည်းတွေကို ခြောက်သွေ့အောင် သိမ်းဆည်းပါ။ ဈေးကြီးတဲ့ ကင်မရာလို လျှပ်စစ်ပစ္စည်းတွေ ဆိုရင် ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းမယ့် ဘူးတွေထဲမှာ သိမ်းဆည်းသင့်ပါတယ်။ ပစ္စည်းတွေ သိမ်းဆည်းတဲ့နေရာမှာလည်း ပလတ်စတစ်အိတ်တွေအစား အထည်သား ဒါမှမဟုတ် စက္ကူသားတွေကို အသုံးပြုသင့်ပါတယ်။
မိုးရာသီဟာ ပြင်ပမှာ ဘယ်လောက်ပဲ စိုစိုထိုင်းထိုင်းဖြစ်နေပါစေ၊ အိမ်ထဲမှာတော့ နွေးနွေးထွေးထွေး ခြောက်ခြောက်သွေ့သွေ့ဖြစ်နေမှ စိတ်ချမ်းသာရမှာပါ။ ဒါကြောင့် အိမ်တွင်းစိုထိုင်းဆများတဲ့ ပြဿနာကို ပြောပြခဲ့တဲ့ နည်းလမ်းလေးတွေနဲ့ ဖြေရှင်းကြည့်လိုက်ပါနော်။
Comments