
စစ်မှန်တဲ့ မြန်မာအစားအစာတွေရဲ့ ချက်ပြုတ်ပုံအဆင့်ဆင့်၊ စားသောက်မှုပုံစံ အမျိုးမျိုးတွေမှာ ငပိကတော့ မပါမဖြစ် ဇာတ်လိုက်ကျော်ဖြစ်ပါတယ်။ ထမင်းနဲ့ ဟင်း အမယ်စုံ စားနေရရင်တောင် ငပိ၊ တို့စရာနဲ့ တွဲဖက်မစားရရင် အာသာမပြေ၊ မပြည့်စုံတော့တာမျိုးပါ။ ဒါကြောင့် အစားအစာတွေကို အရသာထိမိ၊ ကောင်းမွန်စေတဲ့ ငပိဟာဆိုရင် နေ့ရက်တိုင်း မပါမဖြစ် ဟင်းခတ်ပစ္စည်း သို့ အရံဟင်း တစ်မျိုး ဖြစ်ပြီး တစ်ချို့တွေမှာ ငပိကို အဓိက အာဟာရအနေနဲ့ပါ စားသုံးကြပါတယ်။ တစ်ခုရှိတာကတော့ တန်ဆေး၊ လွန်ဘေး အနေနဲ့ ကိုယ့်ကျန်းမာရေးနဲ့ ချင့်ချိန်စားတတ်ဖို့ လိုအပ်ပြီး သန့်သန့်ရှင်းရှင်းနဲ့ ချက်ပြုတ်၊ သိုလှောင်နိုင်ဖို့လည်း အရေးကြီးပြန်တာပါ။ ဒါကြောင့် ငပိကြိုက်သူတွေအနေနဲ့ ဂရုပြုပေးသင့်တဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေနဲ့ အစားအသောက်သန့်ရှင်းမှုဆိုင်ရာ သတိထားသင့်တာလေးတွေကို ဒီတစ်ခေါက် ဆောင်းပါးလေးမှာ ဖော်ပြပေးသွားပါမယ်။

ဆားပါဝင်မှုကို သတိပြုပါ
ငပိပြုလုပ်ရာမှာ တော်တော်များများသိကြတဲ့အတိုင်း ဆားကို အဓိကအသုံးပြုရတာကြောင့် ဆိုဒီယမ်ပါဝင်မှု မြင့်မားပါတယ်။ စိမ်းစားငပိ၊ မျှင်ငပိ၊ ငပိကောင် စသဖြင့် ငပိအမျိုးမျိုး ရအောင် ငါး၊ ပုစွန်ပေါက်လေးတွေ ဖမ်းမိသမျှ အခြောက်လှန်းပြီး တစ်မျိုး၊ ဆားနယ်ပြီး တစ်ဖုံ ရောနှောထုထောင်းကာ ငါးပိဖြစ်အောင် ဖန်တီးကြပါတယ်။ အသုံးပြုတဲ့ ငါး၊ ပုစွန် အမျိုးအစားတွေအပေါ်မူတည်ပြီးတော့ အနံ့အသက်၊ အရသာလည်း ကွာခြားတတ်ပါသေးတယ်။ ဒီလို ဆားပါဝင်မှု များတာကြောင့် သွေးတိုးရောဂါရှိသူတွေ၊ ဆားလျော့စားသင့်သူတွေ တော်တော်လေး သတိထားရမဲ့ အစားအစာတစ်မျိုးပါ။ စားမယ်ဆို ငပိကို အဓိကဟင်းအနေနဲ့ မဟုတ်ဘဲ အရသာကောင်းစေဖို့ အနည်းငယ်သာ အသုံးပြုပေးသင့်ပါတယ်။ ငပိ ထည့်ချက်ပြီးရင်လည်း ဆားထပ်မထည့်မိအောင် သတိထားရှောင်ကြဥ်ရမှာပါ။

သန့်သန့်ရှင်းရှင်းပြုလုပ်ထားတဲ့ ငပိကို ရွေးချယ်ပါ
အချဥ်ဖောက်ထားတဲ့ ငါးပိတွေက ကြာရှည် သိမ်းခံပေမဲ့ သန့်ရှင်းတဲ့ ပါဝင်ပစ္စည်းတွေ၊ သင့်တော်တဲ့ ဆားပမာဏနဲ့ အရည်အသွေးကောင်းအောင် စနစ်တကျပြုလုပ်ထားတဲ့ ငပိဖြစ်ဖို့ အရေးကြီးပါတယ်။
ဒီလို ကိုင်တွယ်ပြုလုပ်ပုံတွေ၊ သိုလှောင်သိမ်းဆည်းပုံတွေ စိတ်မချရဘူးဆို အစားအစာ ပုပ်သိုးပျက်စီးနိုင်ခြေများပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ ဇီဝကမ္မပစ္စည်းတွေ (biogenic amines) ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ငါးပိဝယ်တဲ့အခါမှာလည်း ယုံကြည်စိတ်ချရတဲ့ အမှတ်တံဆိပ်၊ စျေးဆိုင်တွေကပဲ ရွေးချယ်ဝယ်ယူကာ သန့်ရှင်းသပ်ရပ်တဲ့ ထုပ်ပိုးမှုရှိပြီး စနစ်တကျ သိုလှောင်ထားတာမျိုးကိုပဲ သတိထား ဝယ်ယူပါ။ ပုံမှန်မဟုတ်ဘဲ မှိုတက်နေတာ၊ အရောင်အဆင်း ပုံမမှန်တာ၊ ပုလင်း သို့ ဗူး ယိုစိမ့်နေတဲ့ ငါးပိမျိုးတွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်နော်။

မှန်ကန်သပ်ရပ်စွာ သိမ်းဆည်းပါ
ငပိတွေကို သေချာစစ်ဆေးပြီး ဝယ်ယူပြီးပြီဆိုလည်း ဗူးအညွှန်းအတိုင်း သေချာသိမ်းဆည်းဖို့ လိုပါတယ်။ တစ်ခါဖွင့်ပြီးသား ငပိဗူးကို သန့်ရှင်းခြောက်သွေ့တဲ့ ဇွန်းနဲ့သာ နှိုက်ယူပြီး ဗူးကို အဖုံးလုံအောင် ပိတ်သိမ်းပါ။ ရာသီဥတုပူပြင်းတတ်တယ်ဆို ငပိရဲ့ အရည်အသွေး ပျက်စီးတတ်လို့ ရေခဲသေတ္တာထဲမှာ ထားတာက ပိုသင့်တော်ပါတယ်။
ငါးပိဆိုတာ နေ့စဉ် အစားအစာတွေထဲမှာ သင့်တင့်တဲ့ပမာဏနဲ့ အာဟာရမျှတစွာ ထည့်သွင်းစားသုံးလို့ရတဲ့ တန်ဖိုးရှိအစားအစာတစ်ခုပါ။ ကိုယ်စားဖြစ်နေတဲ့ ဆားပမာဏကို သတိထားထိန်းချုပ်ရင်း သန့်ရှင်းမှုကို ဦးစားပေးမယ်ဆို ငပိချစ်သူတွေအတွက် အရသာပြည့်စုံတဲ့ အစားအစာတွေကို စိတ်ချကျေနပ်စွာ စားသုံးနိုင်မှာ ဖြစ်ပါတယ်။
Comments