
တစ်နေ့တစ်နေ့ ထမ်းပိုးထားတဲ့အရာတွေ များလာပြီး ဘဝကြီးက သိပ်ကို လေးလံတယ်လို့ ခံစားနေရပြီလား။ ဒါမှမဟုတ် ခေတ်ရေစီးကြောင်း၊ လူ့ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားရင်း စိတ်တွေ ကျဉ်းကြပ်လာလို့ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါးဖြစ်မယ့် နေ့စဉ်ဘဝလေးတစ်ခုကို တောင့်တနေမိပြီလား။ ဒါတွေက လူတိုင်းနီးပါး စဉ်းစားမိတဲ့ အတွေးတစ်ခုပါပဲ။ ဒါပေမဲ့ တကယ်လုပ်ဖြစ်ဖို့တော့ အကြောင်းအမျိုးမျိုးနဲ့ ခြေလှမ်းမစဖြစ်ကြပါဘူး။
တကယ်တော့ လွတ်လပ်ပေါ့ပါးတဲ့ နေ့စဉ်ဘဝမျိုးဟာ လက်လှမ်းမီဖို့ အရမ်းဝေးတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စိတ်နဲ့ ခံယူချက်တွေအပေါ်မှာပဲ မူတည်နေပါတယ်။ ကိုယ့်ရဲ့ စိတ်မှာ လိုချင်တာတွေ၊ ဖြစ်ချင်တာတွေ သိပ်များနေသလား ဒါမှမဟုတ် ကိုယ်တကယ်လိုချင်တာက လွတ်လပ်ပေါ့ပါးတဲ့ နေ့ရက်လေးတွေပဲလား ဆိုတာကို သေချာအောင် အရင်မေးကြည့်ပါ။ လွတ်လပ်ပေါ့ပါးတဲ့ နေ့စဉ်ဘဝကိုပဲ တကယ်တောင့်တပါတယ် ဆိုရင်တော့ ဒီဆောင်းပါးလေးနဲ့အတူ ဆက်ပြီး အဖြေရှာကြည့်လိုက်ကြရအောင်။
လိုချင်တာတွေ သိပ်များတဲ့အခါ လွတ်လပ်ပေါ့ပါးမှုကို ရှာမတွေ့ပါ
အရှေ့မှာ ကိုယ့်ကိုယ်ကိုယ် လိုချင်တာတွေ၊ ဖြစ်ချင်တာတွေ သိပ်များနေသလား လို့ မေးကြည့်ဖို့ ပြောခဲ့တာက ဒီအချက်ကြောင့်ပါ။ လွတ်လပ်ပေါ့ပါးမှုဆိုတာ လိုချင်တာ၊ ဖြစ်ချင်တာတွေ များတဲ့အခါ ဒါမှမဟုတ် ပိုင်ဆိုင်တာတွေ၊ တွယ်တာတာတွေ ပိုများလာတဲ့အခါမှာ ရှာမတွေ့နိုင်တော့ပါဘူး။
ဘာကြောင့်လဲဆိုတော့ ပစ္စည်းဥစ္စာ၊ ဂုဏ်ဒြပ် စသဖြင့် တစ်ခုခုနောက်ကို လိုက်နေတဲ့အခါမှာ အဲဒီအရာနဲ့ကိုက်ညီတဲ့ ကြိုးစားအားထုတ်မှုတွေ၊ အချိန်တွေကို ကိုယ့်ဘက်က ပေးဆပ်ရမှာ ဓမ္မတာပါပဲ။ အဲဒီအချိန်မှာ ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်က ဒီအရာအပေါ်မှာပဲ မှီခိုနေမှာဖြစ်တဲ့အတွက် လွတ်လပ်ပေါ့ပါးမှုဆိုတာကို ရှာတွေ့ဖို့ မလွယ်ကူပါဘူး။ ဒီလိုပါပဲ။ ပိုင်ဆိုင်တာတွေ၊ တွယ်တာတဲ့အရာတွေ များနေရင်လည်း ဝန်တွေအများကြီးသယ်ထားတဲ့ လှည်းတစ်ခုလို လေးလံနေမှာပါ။
လွှတ်ချတတ်ပါစေ
ဒါကြောင့် ကိုယ်က တကယ်လွတ်လပ်ပေါ့ပါးချင်တယ်ဆိုရင် လွှတ်ချတတ်ဖို့ အင်မတန်အရေးကြီးပါတယ်။ ဒါက ရည်မှန်းချက်မှမရှိတာ၊ ဘာမှမလုပ်ဘဲနေတာ၊ တာဝန်မယူတာ၊ လူတွေနဲ့ ဝေးဝေးနေတာ၊ ဒါမျိုးတွေ မဟုတ်ဘူးဆိုတာတော့ နားလည်ထားဖို့လိုပါတယ်။ လွှတ်ချတယ်ဆိုတာ ဘဝမှာ မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ချန်ထားခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင်တော့ နေ့စဉ်ဘဝဟာ ခရီးတစ်ခုထွက်တာဆိုရင် လိုအပ်တဲ့ အစားအသောက်၊ ရေ၊ သက်တောင့်သက်သာဖြစ်မယ့် အဝတ်အစား၊ ခရီးသွားဖို့ အဖော်ကောင်းတစ်ယောက် စသဖြင့် လိုအပ်တာတွေ ပါနေရင် ရပါပြီ။ ဘာမှအသုံးမဝင်တဲ့ ပစ္စည်းအလေးကြီးတွေကို ထားခဲ့ရမှာဖြစ်သလို တစ်ရက်လောက်ခရီးထွက်ဖို့ တစ်လစာလောက် အစားအသောက်တွေ သယ်စရာလည်း မလိုပါဘူး။ ဒီလိုမျိုး ဆိုလိုချင်တာဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာလည်း လိုအပ်သလောက်ပဲ သယ်ပိုးပြီး မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လွှတ်ချထားလိုက်ပါ။ ဘယ်အရာတွေက မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေဖြစ်မလဲဆိုတာ ဆက်ပြီး ဆွေးနွေးကြည့်ရအောင်။
၁။ လူတွေက ကိုယ့်ကို ဘယ်လိုမြင်မလဲ ဆိုတဲ့ ဝန်ထုပ်ဝန်ပိုး
နေ့စဉ်ဘဝမှာ ပင်ပန်းပြီး လေးလံရတဲ့ အကြောင်းအရင်းတွေထဲ ဒီအချက်ဟာ ထိပ်ဆုံးလောက်က ပါဝင်နေပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်အောင် ဂရုတစိုက်နေတတ်တာ ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ့်အပေါ် ဘယ်လိုမြင်မလဲဆိုတာကိုပဲ ဂရုစိုက်နေဖြစ်တယ်ဆိုရင်တော့ မကောင်းတော့ပါဘူး။ လူတွေဟာ သူတို့ မြင်ချင်ရာကိုပဲ မြင်တယ် ဆိုတဲ့ သဘာဝကို နားလည်ထားရပါမယ်။ တစ်နည်းအားဖြင့်ပြောရရင် ကိုယ်က အကောင်းဆုံးနေရင်တောင် အကောင်းမမြင်တဲ့လူတွေကို ကြုံဖူးကြမှာပါ။ ဒါကြောင့် လူတွေက ဘယ်လိုမြင်မလဲဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကို လက်လွှတ်လိုက်မယ်ဆိုရင် နေ့စဉ်ဘဝမှာ တစ်ခု ပိုလွတ်လပ်ပေါ့ပါးသွားပါပြီ။
၂။ အချိန်တိုင်း အဓိပ္ပာယ်ရှိဖို့ ကြိုးစားရတဲ့ ဝန်ထုပ်ဝန်ပိုး
ဒီနေ့ခေတ်မှာ လူအများစုက အချိန်တိုင်းကို အဓိပ္ပာယ်ရှိဖို့၊ အလုပ်ဖြစ်မြောက်ဖို့ စသဖြင့် ကြိုးစားကြလေ့ရှိပါတယ်။ တကယ်တော့ အဲဒါက မလိုအပ်ဘဲ ဝန်ထုပ်ဝန်ပိုးတွေဖြစ်လာစေပါတယ်။ စက်ပစ္စည်းတွေတောင်မှ အချိန်တိုင်း အလုပ်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဓိပ္ပာယ်ရှိတဲ့အချိန်ဆိုတာကလည်း ဘယ်လိုသတ်မှတ်သလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဥပမာ ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းခဲ့တဲ့ အခိုက်အတန့်တွေကို စဉ်းစားကြည့်ပါ။ အဲဒီအချိန်တွေဟာ ဘဝမှာ အင်မတန် လွတ်လပ်ပေါ့ပါးခဲ့ပြီး ပြန်လိုချင်မိတဲ့ အခိုက်အတန့်တွေအဖြစ် လူတိုင်းရဲ့ မှတ်ဉာဏ်ထဲမှာ ကျန်နေပါလိမ့်မယ်။ အလုပ်ဖြစ်မြောက်ခဲ့တာတွေ၊ အဓိပ္ပာယ်ကြီးကြီးမားမားရှိခဲ့တာတွေကြောင့် တစ်ခုမှ မဟုတ်ပါဘူး။ ဒါကြောင့် လွတ်လပ်ပေါ့ပါးတဲ့ နေ့စဉ်ဘဝအတွက် လွတ်လပ်ပေါ့ပါးတဲ့ အခိုက်အတန့်တွေ လိုအပ်ပါတယ်။
၃။ လူမှုကွန်ယက်ပေါ်မှ ဝန်ထုပ်ဝန်ပိုးများ
ဒီနေ့ခေတ်မှာ ပိုပြီးပင်ပန်းလေးလံရတဲ့ အကြောင်းအရင်းတစ်ခု ထပ်တိုးလာတာကတော့ လူမှုကွန်ယက်တွေပါပဲ။ လူတွေက လူမှုကွန်ယက်ပေါ်မှာ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးပဲ ချပြကြပြီး ကိုယ်နဲ့ မသက်ဆိုင်တဲ့အရာတွေကိုတော့ လွယ်လွယ်ကူကူပဲ ထိုးနှက်နိုင်ကြပါတယ်။ အကောင်းဆုံးချပြတဲ့အရာတွေကို ကြည့်ရင်းနဲ့ တိုးလာတဲ့ ဝန်ထုပ်ဝန်ပိုးတွေကတော့ ဘဝချင်း နှိုင်းယှဉ်ပြီး သိမ်ငယ်တဲ့စိတ်တွေနဲ့ ပိုများလာတဲ့ လိုအင်ဆန္ဒတွေပဲဖြစ်ပါတယ်။ တစ်ဖက်မှာတော့ အဆိပ်အတောက်တွေကို ကြည့်ရင်း ကိုယ်ပါလိုက်ပြီး ပူလောင်ဆွေးမြေ့လာတာမျိုး ဖြစ်လာကြပါတယ်။ ဒါကြောင့် လွတ်လပ်ပေါ့ပါးတဲ့ နေ့စဉ်ဘဝကို တည်ဆောက်ဖို့ဆိုရင် လူမှုကွန်ယက်တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို အမြဲဂရုပြုမိနေဖို့ လိုအပ်ပါလိမ့်မယ်။
အခုပြောခဲ့တာကတော့ ယေဘုယျအားဖြင့် တူညီတတ်ကြတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်ပါတယ်။ ထပ်ပြီး ကိုယ့်ရဲ့ အခြေအနေကို ကိုယ်တိုင် အေးအေးဆေးဆေး အချိန်ပေးပြီး သုံးသပ်ကြည့်ပါ။ နောက်ထပ် လွှတ်ချလို့ရတဲ့ အရာတွေ ထွက်လာပါလိမ့်မယ်။ ပြီးရင်တော့ နေ့စဉ်ဘဝဟာ တဖြည်းဖြည်း လွတ်လပ်ပေါ့ပါးလာတာကို ခံစားရပါလိမ့်မယ်နော်။
Comments