
ဒီနေ့ခေတ်မှာ လူတစ်ယောက်ကို Introvert ဒါမှမဟုတ် Extrovert ဆိုတဲ့ ခွဲခြားသတ်မှတ်ခြင်းက အရေးပါတဲ့ကိစ္စတစ်ခု ဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ လူမှုဆက်ဆံရေးမှာ တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံဖို့အတွက် အပြန်အလှန်နားလည်ထားသင့်တဲ့ မတူညီမှုတွေကို ယေဘုယျအားဖြင့် သိထားဖို့အတွက်ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Introvert နဲ့ Extrovert တွေရဲ့ အဓိက ကွဲပြားခြားနားမှုတွေနဲ့ လူတွေအမှတ်မှားနေတတ်တဲ့ အကြောာင်းအရာလေးတွေကို ပြောပြပေးသွားမှာပါ။
Introvert နဲ့ Extrovert ဆိုတာ ဘာလဲ
Introvert ဆိုတာကို အကြမ်းဖျဉ်း အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင် “သီးသီးသန့်သန့် တစ်ယောက်တည်းနေဖို့ လိုအပ်တဲ့သူ” လို့ ဆိုနိုင်ပါတယ်။ Extrovert ဆိုတာကတော့ Introvert ရဲ့ပြောင်းပြန် “လူအများနဲ့ သွားလာလှုပ်ရှားဖို့ လိုအပ်တဲ့သူ” ဖြစ်ပါတယ်။ ဒီနေရာမှာ “လိုအပ်တဲ့သူ” ဆိုတဲ့စကားလုံးက အသက်ပါ။ ဘာကြောင့်လဲဆိုတာကို ဆက်ပြီး ရှင်းပြပေးပါမယ်။
လူတွေဟာ တစ်နေ့တာ လှုပ်ရှားသွားလာဖို့၊ အလုပ်လုပ်ဖို့အတွက် အစားအသောက်၊ အနေအထိုင်တွေကနေ ရုပ်ပိုင်းဆိုင်ရာစွမ်းအင် (physical energy) ကို ရရှိဖို့လိုအပ်သလို တစ်ဖက်မှာလည်း စိတ်ပိုင်းဆိုင်ရာစွမ်းအင် (mental energy) ကို လိုအပ်ပါတယ်။ အဲဒီစိတ်ပိုင်းဆိုင်ရာစွမ်းအင်ကို ပြန်လည်ဖြည့်တင်းဖို့အတွက် ဘယ်နည်းလမ်းကို လိုအပ်သလဲဆိုတဲ့အချက်က Introvert နဲ့ Extrovert တွေကို ကွဲပြားသွားစေတာဖြစ်ပါတယ်။
အရှေ့မှာ အဓိပ္ပာယ်ဖွင့်ပြခဲ့သလိုပဲ Introvert တွေက တစ်ယောက်တည်း သီးသန့်ကိုယ်ပိုင်အချိန်ယူပြီး စွမ်းအင်ကို ပြန်လည်ဖြည့်တင်းကြပြီး Extrovert တွေကတော့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အပြင်ထွက်လည်ပတ်ပြီး စွမ်းအင်ကို ပြန်လည်ဖြည့်တင်းတတ်ကြပါတယ်။ အလွယ်ဆုံးဥပမာပေးရမယ်ဆိုရင် တစ်ပတ်တာလုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး သောကြာနေ့ည ဒါမှမဟုတ် စနေနေ့မှာ သူငယ်ချင်းတွေနဲ့ လျှောက်လည်ချင်သလား၊ အိမ်မှာပဲ အေးအေးဆေးဆေး ရုပ်ရှင်ကြည့်ပြီး အနားယူချင်သလားဆိုတာကို စဥ်းစားကြည့်လိုက်ပါ။ အနားယူချင်တဲ့သူက Introvert ဖြစ်ဖို့များပြီး လျှောက်လည်ချင်တဲ့သူက Extrovert ဖြစ်နိုင်ပါတယ်။
အမှတ်မှားလေ့ရှိတဲ့ အချက်များ
Introvert, Extrovert တွေနဲ့ ပတ်သက်ပြီး အမှတ်မှားလေ့ရှိကြတဲ့ အချက်တွေကိုလည်း ပြောပြချင်ပါတယ်။
၁။ Introvert ဆိုတိုင်း ရှက်တတ်တဲ့သူတွေ၊ လူတောမတိုးတဲ့သူတွေ မဟုတ်ပါဘူး။ အရှေ့မှာပြောခဲ့သလိုပါပဲ၊ Introvert ဆိုတာဟာ energy ကို တစ်ယောက်တည်း ပြန်ဖြည့်ဖို့ လိုတဲ့သူတွေပါ။ လူတွေနဲ့ စကားပြောရမှာကြောက်တာတို့၊ ရှက်တတ်တာတို့ဟာ လူမှုဆက်ဆံရေးနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြစိတ်များတဲ့ အခြေအနေ (social anxiety) တွေပဲ ဖြစ်ပါတယ်။ အဲဒါက Introvert ဖြစ်ဖြစ်၊ Extrovert ဖြစ်ဖြစ် ရှိနိုင်တဲ့ အခြေအနေတွေပါ။
၂။ Extrovert ဆိုတိုင်း အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေတာ မဟုတ်ပါဘူး။ လူတွေရှေ့မှာ စကားပြောရမှာကြောက်တဲ့ Extrovert တွေရှိသလို မကြောက်တဲ့ Introvert တွေလည်းရှိပါတယ်။ ဒီလိုပါပဲ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဆိုတာ တည်ဆောက်ယူရတဲ့အရာတစ်ခုဖြစ်ပြီး Introvertဖြစ်ခြင်း၊ Extrovert ဖြစ်ခြင်းနဲ့ မသက်ဆိုင်ပါဘူး။
၃။ အမြဲတမ်း တစ်ဖက်တည်းမှာပဲ ရောက်မနေနိုင်ပါဘူး။ ယေဘုယျအားဖြင့် Introvert, Extrovert လို့ ခွဲခြားပြီး ပြောနိုင်ပေမဲ့ ကိစ္စတိုင်း၊ နေရာတိုင်းမှာတော့ ပုံသေကြီးဖြစ်နေလေ့မရှိကြပါဘူး။ အခြေအနေ၊ အချိန်အခါပေါ်လိုက်ပြီး ပြောင်းလဲတတ်ကြပါတယ်။ Introvert ဖြစ်ပေမဲ့ Festival တွေသွားတတ်တယ်၊ Extrovert ဖြစ်ပြီး တစ်ယောက်တည်း စာဖတ်တတ်တယ် စသဖြင့်ပေါ့။
အဓိက ကွဲပြားခြားနားချက်များ
ပေါင်းသင်းဆက်ဆံရေးမှာ Introvert တွေနဲ့ Extrovert တွေရဲ့ အဓိကခြားနားချက်တွေကတော့ အခုလိုရှိပါတယ်။
INTROVERTS | EXTROVERTS | |
ပေါင်းသင်းဆက်ဆံမှုပုံစံ | လူနည်းနည်း ဒါမှမဟုတ် တစ်ယောက်ချင်း အတွင်းကျကျ စကားပြောရတာကို ပိုနှစ်သက် | လူများတဲ့ စကားဝိုင်းတွေ၊ ပွဲလမ်းသဘင်တွေကို ပိုနှစ်သက် |
တွေးခေါ်မှုပုံစံ | စကားမပြောခင် အရင်ဆုံး စိတ်ထဲမှာ တွေးနေလေ့ရှိ | အတွေးနဲ့ အပြောနဲ့ တစ်ဆက်တည်းဖြစ်လေ့ရှိ |
နှစ်သက်သော ပတ်ဝန်းကျင် | တိတ်ဆိတ်ပြီး သီးသန့်ဖြစ်သော နေရာ | တက်ကြွလှုပ်ရှားပြီး အလုပ်များသောနေရာ |
အဓိကထားသော ဆက်ဆံရေး | နက်ရှိုင်းပြီး နည်းပါးသော ဆက်ဆံရေးများ | ကျယ်ပြန့်ပြီး များပြားသော ဆက်ဆံရေးများ |
ကြုံတွေ့ရတတ်သော ပြဿနာ | တစ်ယောက်တည်း စဥ်းစားဖို့ အချိန်ယူရခြင်း | အခြေအနေတစ်ခုကို မစဉ်းစားဘဲ ချက်ချင်းဖြေရှင်းဖို့ ကြိုးစားတတ်ခြင်း |
ဒီအချက်တွေကတော့ ယေဘုယျအားဖြင့် Introvert တွေနဲ့ Extrovert တွေရဲ့ ကွဲပြားခြားနားမှုတွေဖြစ်ပြီး ဒါတွေကို သိထားခြင်းအားဖြင့် လူမှုဆက်ဆံရေးမှာ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးနားလည်လာနိုင်မှာဖြစ်ပါတယ်။
Comments