
မိုးရာသီဆိုရင် တချို့က စိုစိုစိစိနဲ့ စိတ်ရှုပ်စရာ ရာသီတစ်ခုလို့ မြင်တတ်ကြပါတယ်။ အဝတ်စိုတွေ၊ တော်တော်နဲ့ မခြောက်နိုင်တဲ့ လျှော်ပြီးသား အဝတ်တွေ၊ ညစ်ပတ်တဲ့ ကြမ်းပြင်တွေ၊ ရေဝပ်နေတဲ့လမ်းတွေ စသဖြင့် ဒါတွေဟာ မိုးရာသီရဲ့ စိတ်အနှောင့်အယှက်တွေ ဖြစ်နေတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ မိုးရာသီဆိုတာက အဲဒီလို စိုစွတ်ပြီး စိတ်ညစ်စရာကောင်းတဲ့ ရာသီတစ်ခုပဲတော့ မဟုတ်ပါဘူး။ အခါအခွင့်ကောင်းတွေလည်း အများကြီးရှိနေပါသေးတယ်။
တကယ်တော့ မိုးရာသီဟာ အသေးစိတ် အာရုံစိုက်ကြည့်မှ သိနိုင်ပြီး စိတ်ကို နွေးထွေးတည်ငြိမ်စေတဲ့ ခံစားချက်လေးတွေ အများကြီးနဲ့ ရာသီတစ်ခု ဖြစ်ပါတယ်။ ပြင်ပကမ္ဘာမှာတော့ စိမ်းစိုလန်းဆန်းနေတဲ့ ပတ်ဝန်းကျင်ကို ခံစားရမှာဖြစ်ပြီး အိမ်ထဲမှာတော့ နွေးထွေးတဲ့ အခိုက်အတန့်တွေကို ရရှိစေမှာပါ။ Petrichor လို့ခေါ်တဲ့ မြေသင်းနံ့၊ ကော်ဖီတစ်ခွက်ရဲ့ မွှေးပျံ့တဲ့အနံ့၊ ခေါက်ဆွဲပြုတ်ပူပူနွေးနွေးရဲ့ နွေးထွေးတဲ့ အနံ့တွေဟာ မိုးရာသီရဲ့ အနံ့တွေလို့ပြောရင် မှားမယ်မထင်ပါဘူး။ ဒီလို အနံ့တွေတင် မကပါဘူး၊ ပူပူနွေးနွေးအစားအသောက်တွေဟာလည်း မိုးရာသီနဲ့ လိုက်ဖက်ပြီး ကျန်းမာရေးနဲ့လည်း ပြည့်စုံတဲ့ အရသာတွေဖြစ်ပါတယ်။
အပြင်မှာ မိုးတွေ တဖွဲဖွဲကျနေတဲ့အချိန်၊ ဒီလိုမျိုး ပူပူနွေးနွေးအစားအသောက်တွေရဲ့ အနံ့အရသာတွေရယ်၊ နွေးထွေးတဲ့ အဝတ်အစားတွေနဲ့ အိပ်ရာရယ်၊ ရုပ်ရှင်ကောင်းကောင်းတစ်ကား ဒါမှမဟုတ် စာအုပ်ကောင်းကောင်းတစ်အုပ်ရယ်၊ အုံ့မှိုင်းနေတဲ့ ကောင်းကင်ကြီးနဲ့ မိုးစက်တွေကို မြင်နေရမယ့် ပြတင်းပေါက်တစ်ခုရယ်၊ ဒါတွေအားလုံးပေါင်းစပ်လိုက်မယ်ဆိုရင် အင်မတန်နှစ်လိုဖွယ်ကောင်းတဲ့ မိုးရာသီနေ့လေးတစ်နေ့ဖြစ်မှာ အသေအချာပါပဲ။ ဒါဟာ မိုးရာသီက ပေးတဲ့ အခွင့်အခါကောင်းတစ်ခုဖြစ်ပြီး ကျန်တဲ့အချိန်ကာလတွေမှာ မရရှိနိုင်ပါဘူး။
နောက်ထပ်တစ်ခုအနေနဲ့ ပြောရမယ်ဆိုရင်တော့ မိုးရွာတဲ့အသံပါ။ မိုးစက်တွေ ရိုက်ခတ်တဲ့အသံဟာ “White Noise” ဆိုတဲ့ စိတ်ကို ငြိမ်းချမ်းအောင်၊ တည်ငြိမ်အောင် ကူညီပေးတဲ့ ဆူညံသံအမျိုးအစားတွေထဲမှာ အကောင်းဆုံးအသံတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း တခြားရာသီတွေမှာတောင် မိုးရွာသံကို သီးသန့်နားထောင်ကြပြီး စိတ်ကို တည်ငြိမ်အောင်ကြိုးစားလေ့ရှိကြပါတယ်။ အထူးသဖြင့် အိပ်မပျော်တဲ့သူတွေပေါ့။ မိုးရာသီမှာတော့ ဒီအသံဟာ သီးသန့်ရှာဖွေပြီး နားထောင်နေစရာမလိုတော့ဘဲ သဘာဝအတိုင်း အမြဲတမ်းလိုလို ကြားနေရမယ့် အခွင့်အလမ်းတစ်ခုဖြစ်နေပါတယ်။
ဒီလိုမျိုး ရာသီဥတုရဲ့ အေးချမ်းမှုအပြင် မိုးစက်တွေနဲ့အတူ သယ်ဆောင်လာတဲ့ ခံစားချက်တွေကြောင့် နွေရာသီလိုလည်း မပူလောင်၊ ဆောင်းရာသီလောက်လည်း မအေးစက်ဘဲ ကြားထဲက နွေးထွေးပြီး တည်ငြိမ်တဲ့ ကိုယ်စိတ်နှစ်ခုလုံးကို တည်ဆောက်ဖို့အတွက် အကောင်းဆုံးကာလတစ်ခု ဖြစ်ပါတယ်။ သဘာဝတရားက အပြင်မထွက်ဘဲ အိမ်ထဲမှာ နွေးနွေးထွေးထွေး အနားယူရင်း ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့ အချိန်တစ်ခုပေးထားတာနဲ့တောင် တူပါတယ်။ ဒါကြောင့် စိတ်ရှုပ်ထွေးစရာမဟုတ်ဘဲ စိတ်ကို ရှင်းလင်းပြီး အားအင်တွေမွေးရမယ့် ရာသီကောင်းတစ်ခုဖြစ်တယ်လို့ မြင်ကြည့်လိုက်ပါ။
အိမ်ထဲမှာပဲ အမြဲမနေချင်ရင်တောင် ငြိမ်းချမ်းတဲ့ အထိအတွေ့၊ နွေးထွေးတဲ့ ခံစားချက်တွေကို အပြင်ဘက်ကမ္ဘာမှာ ရရှိနိုင်ပါသေးတယ်။ အပြင်ထွက်ပြီး မိုးစက်တွေကို ထိတွေ့ကြည့်ပါ။ မိုးကြောင့် လန်းဆန်းလာတဲ့ အပင်လေးတွေနဲ့ လေတိုက်လို့ လှုပ်ခတ်နေတဲ့ သစ်ရွက်လေးတွေရဲ့ လတ်ဆတ်မှုကို ခံစားကြည့်ပါ။ မိုးစက်တွေကို ဖြတ်ပြီး တိုက်ခတ်လာတဲ့ လေကို အားရပါးရ ရှူသွင်းကြည့်ပါ။ မိုးခိုပြီး ငိုက်မြည်းနေတဲ့ ငှက်ကလေးတွေ၊ ခွေးကလေးတွေကို ငေးကြည့်ပါ။ မိုးရာသီဟာ လှပပြီး အဓိပ္ပာယ်ပိုရှိလာတာကို ခံစားမိလာပါလိမ့်မယ်။
မိုးရာသီဆိုတာ စိုစွတ်ပြီး စိတ်ညစ်စရာကောင်းတဲ့ရာသီတစ်ခုပဲ မဟုတ်ပါဘူး။ နွေးထွေးပြီး နှစ်လိုဖွယ်ကောင်းတဲ့ ရာသီတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ မိုးရာသီကို ဒီအတိုင်း မြန်မြန်ကုန်ဆုံးလိုက်တာထက်စာရင် အခါအခွင့်ကောင်းတွေကို အပြည့်အဝခံစားရင်း နွေးထွေးတဲ့ မိုးရာသီနေ့စွဲတွေကို ဖန်တီးကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ။
Comments