ချက်ပြုတ်ကြော်လှော်ဖို့ အကောင်းဆုံး ဆီ ကို ရွေးချယ်ကြမယ်

Posted in အစားအစာ


ရွေးချယ်စရာများလှတဲ့ ဆီအမျိုးအစားတွေကြားထဲ ကျန်းမာတဲ့စားသောက်မှုပုံစံနဲ့ ကိုက်ညီတဲ့ ဆီ ကို ရှာဖွေတွေ့ရှိပြီး သင့်တော်သလို ချက်ပြုတ်တတ်ဖို့က ထင်သလောက် မလွယ်ကူလှပါဘူး။ ဆီ ဆိုတာကလည်း ချက်ပြုတ်ပြင်ဆင်မှုတိုင်းမှာ မပါမဖြစ်တဲ့ အခြေခံဟင်းချက်ပစ္စည်းတစ်မျိုး ဖြစ်တာကြောင့် အိမ်တိုင်း မဖြစ်မနေ ဝယ်ယူစုဆောင်းထားရတဲ့ ပစ္စည်းတစ်မျိုး ဖြစ်တာပါ။ ဒါကြောင့် ဟင်းချက်တဲ့အခါ အရသာရှိနေဖို့အပြင် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆီ ရွေးချယ်တဲ့အခါ အဓိကအကျဆုံးအနေနဲ့ ဆီတွေမှာ ရှိကြတဲ့ အပူခံနိုင်စွမ်း (Smoke Point) ကို နားလည်ထားဖို့ လိုပါတယ်။ ဘာကြောင့်ဆို ဆီတွေမှာ သူတို့ရဲ့ အပူချိန်ကန့်သတ်ချက်တွေ ရှိကြတဲ့အတွက် ခုနက အပူခံနိုင်စွမ်းတွေ ကျော်လွန်သွားတယ်ဆို ဆီအရည်အသွေး မကောင်းတော့ဘဲ မီးခိုးငွေ့တွေ၊ အဆိပ်အတောက်တွေပဲ ထွက်လာတတ်လို့ပါ။ ဒီလိုမဖြစ်ရအောင် ကိုယ့်အစားအသောက်တွေ၊ ချက်ပြုတ်နည်းတွေနဲ့ လိုက်ဖက်မဲ့ ဆီကို ရွေးချယ်နိုင်ဖို့ သိထားသင့်တဲ့ အချက်တစ်ချို့ကို ဖော်ပြလိုက်ပါရစေ။ 

ဆီတွေရဲ့ အပူခံနိုင်စွမ်းကို ဘာကြောင့်သိထားသင့်တာလဲ

အိမ်တွေမှာ ဟင်းချက်ကြပြီဆို ဘယ်လိုဆီအမျိုးအစားဖြစ်ဖြစ် ဆီပူလာအောင် အပူပေးလွန်တဲ့အခါ သူ့ရဲ့ အပူခံနိုင်စွမ်းကို ကျော်လို့ကျော်မှန်းမသိဘဲ ဓာတုဖွဲ့စည်းမှုတွေ ပျက်စီးပြီး ကျန်းမာရေးထိခိုက်လာတတ်ပါတယ်။ ကိုယ်အသုံးပြုနေတဲ့ ဆီရဲ့ အပူခံနိုင်စွမ်းကို သိနားလည်ပြီး ချက်ပြုတ်တာက အစားအစာရဲ့ အရသာနဲ့ ကျန်းမာရေးအတွက်ပါ အရေးကြီးတဲ့အကြောင်းကို Healthy Kitchen Magic ရဲ့ ဆောင်းပါးတစ်ခုမှာလည်း ဖတ်ရှုလေ့လာနိုင်တာပါ။ ဒါကြောင့် ဟင်းချက်သူတိုင်း ဆီရဲ့ သဘောသဘာဝအကြောင်းကို သိထားဖို့ လိုအပ်ပြီး မှားယွင်းအသုံးချမိမယ်ဆို  

  • ဆီကို အပူပေးချိန် ကြာမြင့်တာ၊ အပူချိန် အရမ်းမြင့်ပြီး ပစ်ထားမိတာတွေက ဆီမှာ ပါဝင်တဲ့ အကျိုးပြုဗီတာမင်နဲ့ အာဟာရဓာတ်တွေ ပျက်စီးဆုံးရှုံးစေပါတယ်။
  • ဆီတွေလည်း လောင်ကျွမ်းသွားတဲ့အတွက် ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ Free Radicals တွေ ထွက်ပေါ်လာပြီး ဟင်းပွဲတွေလည်း ခါးသက်သွားစေပါတယ်။
  • ဒါကြောင့် အပူချိန်ပြင်းပြင်းနဲ့ မချက်သင့်တဲ့ ဆီကို အခုလို အပူလွန်ပြီး ကြော်လှော်မိတာက ဆီတွေချက်ချင်း လောင်ကျွမ်းသွားပြီး အစားအစာရဲ့ မူလအရသာပါ ပျက်စီးသွားတော့တာပါပဲ။

အကြော်အလှော်အတွက် သင့်‌တော်တဲ့ဆီအမျိုးအစားတွေ

အာရှအစားအစာအများစုက မီးပြင်းပြင်းနဲ့ ဆီသတ်ပြီး ကြော်လှော်ချက်ပြုတ်ရတဲ့ အစားအစာတွေ များတာကြောင့် ရွေးချယ်သင့်တဲ့ အကြော်ခံ ဆီအမျိုးအစားတွေ ရှိပါတယ်။ 

မြေပဲဆီ - မွှေးကြိုင်ပြီး အရသာရှိတဲ့ ဟင်းလျာတွေအတွက် 450°F အထိ အပူခံနိုင်စွမ်းရှိတဲ့ မြေပဲဆီက အကြော်အလှော်တွေ၊ ဆီသတ်ကာ ဟင်းချက်ဖို့တွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ 

စားအုန်းဆီ - အတွေ့ရများတဲ့ စားအုန်းဆီနဲ့ အကြော်ကြော်တာက ကုန်ကျစရိတ်သက်သာပြီး အပူခံနိုင်စွမ်း မြင့်ပေမဲ့ ပြည့်ဝဆီ ပါဝင်မှုများပြီး သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်နိုင်လို့ အမြဲတမ်း ရွေးချယ်မသုံးစွဲသင့်ကြောင်း BBC ရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ 

နေကြာဆီနဲ့ ဟင်းသီးဟင်းရွက်ဆီ - ဈေးနှုန်းသင့်တင့်ပြီး အသုံးများကြတဲ့ ဒီဆီအမျိုးအစားတွေက အပူချိန် 400°F ကနေ 450°F အထိလည်း ခံနိုင်ရည်ရှိကြတာကြောင့် ကိုယ့်အိမ်မှာပဲ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးဖို့ အသင့်တော်ဆုံးတွေ ဖြစ်ပါတယ်။ 

ထောပတ်သီးဆီ - အပူချိန်ကို 520°F ခန့်အထိတောင် ခံနိုင်ရည်ရှိပြီး အရသာလည်း ပုံမှန်ဖြစ်သောကြောင့် အသားကင်တာနဲ့ အပူပြင်းပြင်း ကြော်လှော်တာတွေအတွက် အကောင်းဆုံးဆီလို့ ဆိုရမှာပါ။

အပေါ်မှာ ပြောပြသွားတဲ့ ဆီအမျိုးအစားတွေကတော့ မီးပြင်းပြင်းနဲ့ ကြော်လှော်ဖို့ သင့်တော်တဲ့ ဆီအမျိုးအစားတွေဖြစ်ပါတယ်။ ဒါပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ Salad လုပ်စားတဲ့အခါ အပူချိန်အလယ်အလတ် ခံနိုင်ရည်ရှိတဲ့ သံလွင်ဆီနဲ့ ဟင်းချက်ပြီးခါနီး အနံ့မွှေးစေဖို့ နောက်ဆုံးအဆင့်မှာ အနည်းငယ်ထည့်ရတဲ့ နှမ်းဆီတို့ကိုလည်း မှန်ကန်စွာ ရွေးချယ်အသုံးချသင့်တာပါ။

ဒီလောက်ဆိုရင်တော့ အပူချိန် သေချာမချိန်ညှိဘဲ အသုံးပြုနေမိတတ်တဲ့ ဆီအမျိုးအစားတွေရဲ့ အပူခံနိုင်စွမ်းတွေနဲ့ ဘယ်လိုဆီအမျိုးအစားတွေကို ရွေးချယ်သင့်လဲဆိုတာ သိရှိသွားလောက်ပြီမလို့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတဲ့ ဟင်းလျာတွေကို ကိုယ်နဲ့ ကိုယ့်မိသားစုအတွက် ဖန်တီးနိုင်ဖို့ အထောက်အကူဖြစ်စေမယ် မျှော်လင့်ပါတယ်နော်။ 


Share

Comments

Related Posts