
ခရီးသွားရာသီလည်း ရောက်ပြီ၊ အိမ်က သားသားမီးမီးတို့ရဲ့ ကျောင်းပိတ်ရက်တွေနဲ့လည်း တိုက်ဆိုင်ပြီဆိုတော့ ခရီးတိုလေးဖြစ်ဖြစ် သွားဖို့ စိတ်ကူးမိကြမှာပါ။ ဒါပေမဲ့လည်း ဘယ်နေရာသွားသွား ခန့်မှန်းရခက်တဲ့ ရာသီဥတုအပြောင်းအလဲတွေကြောင့် နုနယ်တဲ့ ကလေးတွေကို ခရီးခေါ်သွားဖို့ သင့်မသင့် စဥ်းစားနေရပြန်ပါတယ်။ အယ်လ်နီညို (El Niño) ရာသီဥတုလည်း ဖြစ်နေတဲ့အလျောက် ခရီးသွားရင်း အပူချိန်လွန်ကဲတာတွေ၊ မိုးကြီးရေလျှံတာတွေ ဖြစ်နိုင်ခြေများတာကြောင့် ကလေးတွေနဲ့ မဖြစ်မနေ ခရီးသွားရတဲ့အခါ ကိုယ်တတ်နိုင်တဲ့ဘက်က ကာကွယ်ထားနိုင်ဖို့ ပြင်ဆင်ထားသင့်တဲ့အချက်လေးတွေကို တူတူဖတ်ကြည့်ထားလိုက်ရအောင်။

ကြိုတင် အစီအစဥ်ဆွဲပါ
ခရီးသွားဖို့ စပြင်ဆင်ပြီဆိုတာနဲ့ ကိုယ်နဲ့ကလေးတွေ သွားမဲ့နေရာရဲ့ ရာသီဥတုကို ကြိုတင်လေ့လာထားဖို့ လိုပါတယ်။ ဘာကြောင့်ဆို အခုလိုကာလမှာ ဘယ်သွားသွား တစ်ချို့နေရာတွေမှာ အပူချိန်ပြင်းထန်ကာ ခြောက်သွေ့နေတတ်ပြီး တစ်ချို့နေရာတွေမှာတော့ မိုးရေချိန်များကာ ရေကြီးရေလျှံတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ခရီးထွက်မဲ့ရက်နဲ့ မိုးလေဝသခန့်မှန်းချက်တွေပေါ် မူတည်ပြီး ကလေးတွေနဲ့ လျှောက်လည်မဲ့ရက် သို့ Hotel မှာပဲ အေးအေးဆေးဆေးအနားယူမဲ့ရက်တွေကို ကြိုတင်တွက်ဆထားတာက ကလေးတွေနဲ့ အသင့်တော်ဆုံးဖြစ်စေတာပါ။
အပူဒဏ် ကာကွယ်ပေးပါ
ကလေးငယ်တွေက လူကြီးတွေထက် အပူကို ပိုခံစားရလွယ်တာကြောင့် အင်မတန် ဂရုစိုက်ရပါတယ်။ ခရီးသွားတဲ့အခါ အပြင်ဘက် လျှောက်လည်ရတာများတဲ့အတွက် နေနဲ့တိုက်ရိုက်ထိတွေ့ရနိုင်တာကြောင့် တတ်နိုင်သလောက် အပူချိန်လျော့ကျအောင် နေ့လယ်ပိုင်းတွေ၊ မွန်းတည့်ချိန်တွေ အပြင်ထွက်တာကို ရှောင်ကြဥ်သင့်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ချောင်ချောင်ချိချိ အဝတ်အစားလေးတွေ ဝတ်ဆင်ပေးပြီး အကာအကွယ်သေချာပေးနိုင်တဲ့ ဦးထုပ်နဲ့ နေလောင်ကာခရင်မ်ကို သေချာလိမ်းပေးထားသင့်ပါတယ်။ ဒါ့အပြင် ရေဗူးလေးတွေ၊ Wet Tissue လေးတွေနဲ့ အလွယ်တကူသယ်လို့ရတဲ့ ပန်ကာအသေးလေးတွေလည်း ဆောင်ထားနိုင်ပါတယ်။

ပြင်ဆင် စုဆောင်းထားပါ
အယ်လ်နီညို (El Niño) ရာသီဥတုမှာ အခန့်မသင့်လို့ ကိုယ်သွားလည်တဲ့နေရာမှာ အပူချိန်အရမ်း လွန်ကဲတာတွေ၊ ရေကြီးရေလျှံတာတွေ ဖြစ်လာတယ်၊ ခရီးစဥ်လည်း ရုတ်တရက်ပြောင်းလဲသွားတယ်ဆို လိုအပ်မဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ကလေးအတွက် မရှိမဖြစ်ပစ္စည်းလေးတွေအပြင် အရေးကြီးစာရွက်စာတမ်းတွေ၊ ရေနဲ့ အဆာပြေအစားအစာတွေကို ခဏတာအတွက် စုဆောင်းပြင်ဆင်ထားသင့်တာပါ။ ကျန်းမာရေးက အရေးကြီးဆုံးဖြစ်တဲ့အတွက် ကလေးသုံး ဓာတ်ဆားထုပ် (ORS)၊ အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေး၊ ခြင်ဆေးနဲ့ အနာကျက်ဆေးတွေကိုလည်း ခရီးဆောင်အိတ်ထဲ ထည့်ဆောင်ထားဖို့ မမေ့ပါနဲ့။
ကလေးတွေနဲ့ ခရီးသွားရတဲ့အခါ အလည်အပတ်ဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ခရီးခေါ်သွားရပြီဆို အပေါ်မှာပြောပြသွားတဲ့အချက်လေးတွေနဲ့ တတ်နိုင်သလောက် ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။ ဒါကပဲ ရာသီဥတုအခြေအနေ ဘယ်လိုရှိရှိ ကိုယ့်မိသားစုရဲ့ အားလပ်ရက်အချိန်ကောင်းလေးတွေကို ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ဖို့ အထောက်အကူကောင်းဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်နော်။
Comments