
ပြင်းထန်တဲ့ ရာသီဥတုအပြောင်းအလဲတွေ၊ ပျက်စီးလာတဲ့ သဘာဝပတ်ဝန်းကျင်တွေ၊ မြင့်မားလာတဲ့ နေထိုင်မှုစရိတ်နဲ့ ကုန်စျေးနှုန်းတွေကြောင့် လူတွေရဲ့ နေထိုင်စားသောက်မှုပုံစံတွေလည်း တဖြည်းဖြည်း ပြောင်းလဲလာကြပါတယ်။ အထူးသဖြင့် နေ့ရက်တိုင်းအတွက် အစားအသောက်ပြင်ဆင်မှုတွေမှာ မလိုလားအပ်တဲ့ အလေအလွင့်တွေ၊ အညစ်အကြေးတွေ စုပုံလာကာ သဘာဝအတိုင်း ရရှိ၊ စားသုံးနိုင်တဲ့ အသားငါးနဲ့ ဟင်းသီးဟင်းရွက် အစိတ်အပိုင်းတွေကို ချက်ပြုတ်စားသင့်တာတွေ စွန့်ပစ်ပြီး၊ စွန့်ပစ်သင့်တာတွေ ချက်ပြုတ်စားမိတာကြောင့် အဘက်ဘက်က ဆိုးကျိုးတွေပဲ ဖြစ်လာရတော့တာပါပဲ။ ဒါကြောင့် မီးဖိုချောင်မှာ အလေအလွင့် နည်းနည်း၊ အမှိုက်ထွက် နည်းနည်း ဖြစ်အောင် စီမံခန့်ခွဲနိုင်မဲ့ ချက်ပြုတ်ခြင်းနည်းလမ်းကောင်းတွေကို ဖော်ပြရင်း ထင်မထားမိကြတဲ့ သူ့ရဲ့ အကျိုးကျေးဇူးတွေကိုပါ တခါတည်း ဖတ်ကြည့်လိုက်ရအောင်။

ဘာကြောင့် အလေအလွင့်နည်းဖို့ လိုတာလဲ
အစားအသောက်တွေကို မီးဖိုချောင်မှာ အပိုအလို မရှိ၊ စနစ်တကျ ချက်ပြုတ်တာက လူ့ကျန်းမာရေးအတွက်ရော၊ ပြင်ပပတ်ဝန်းကျင်အတွက်ပါ အကျိုးကျေးဇူးကောင်းတွေ ရှိလို့နေပါတယ်။
ကုန်ကျစရိတ် သက်သာစေမယ် - အစားအစာတွေကို သူ့နေရာနဲ့ ကောင်းကောင်းအသုံးချ မစားတတ်တာက ဒီအတွက် ကုန်သွားတဲ့ ပိုက်ဆံတွေလည်း အချည်းနှီးဖြစ်စေပါတယ်။ ဒါကြောင့် အသားဆိုလည်း အသားဓာတ်အပြည့်အဝရအောင်၊ အသီးအရွက်တွေဆိုလည်း အပင်၊ အရွက်တွေက အစ စားလို့ရတဲ့အပိုင်းတွေအထိ မလွင့်ပစ်လိုက်ဘဲ အကုန်အစင် အသုံးချတာက ။ ဒါ့အပြင် အဓိကဟင်းလျာချက်ရင်းနဲ့ ပိုကျန်နေတတ်တဲ့ အသားငါးနဲ့ ဟင်းသီးဟင်းရွက်ကို ကြော်တာ၊ ပြုတ်တာ စသဖြင့် ထပ်ချက်ဖြစ်ရင်း ကိုယ့်ရဲ့ ထီထွင်နိုင်စွမ်းတွေပါ တိုးတက်လာမှာပါ။
အာဟာရတန်ဖိုးတွေ ပိုမို ရရှိမယ် - တော်တော်များများ ဟင်းချက်တဲ့အခါ အသီးအရွက်တွေရဲ့ အခွံတွေ၊ အစေ့တွေ၊ အရွက်တွေမှာ ခန္ဓာကိုယ်အတွက် အရမ်းအကျိုးရှိတဲ့ အမျှင်ဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါတွေကို မလွှင့်ပစ်ဘဲ သေချာချက်ပြုတ်စားပေးတာက အာဟာရတန်ဖိုးတွေ အပြည့်အဝရရှိပြီး နှမြောစရာလည်း မဖြစ်တော့ဘူးပေါ့။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာ ရောက်တယ် - အစားအစာအကြွင်းအကျန်တွေကို စွန့်ပစ်ပါများလာတဲ့အတွက် ပုပ်ပွပြီး မီသိန်းဓာတ်ငွေ့တွေ ထွက်ပေါ်ကာ ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် အစားအသောက်အကြွင်းအကျန်တွေကို တတ်နိုင်သလောက် မရှိအောင် လျော့ချပြီး အရာရာကို အကျိုးရှိရှိ အသုံးချတာက သဘာဝပတ်ဝန်းကျင်ပြဿနာတွေကို တစ်ဖက်တစ်လမ်းကနေ လျှော့ချပေးနိုင်မှာပါ။

အလေအလွင့်နည်းနည်းနဲ့ ချက်ပြုတ်နိုင်မဲ့ နည်းလမ်းတွေ
ဟင်းချက်တိုင်းမှာ လိုတဲ့ ပါဝင်ပစ္စည်းတွေကိုပဲ လှီးချွတ်ပြီး ချက်ပြုတ်ပြီးတဲ့အခါ ကျန်နေတဲ့ ဟင်းသီးဟင်းရွက်အခွံနဲ့ ပင်စည် စတာတွေကိုလည်း အသုံးချနိုင်မဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ ဒါတွေက မလိုတော့တဲ့ ဟင်းသီးဟင်းရွက်တွေလို့ ထင်ကြပေမဲ့ အစာခြေစနစ်ကို အားကောင်းစေကာ အမျှင်ဓာတ်တွေကို အပြည့်အဝရရှိစေတာကြောင့် အခုလိုသိမ်းဆည်းပြီး ချက်ပြုတ်သင့်တာပါ။
- ကြက်သွန်နီခွံ၊ မုန်လာဥအခွံ၊ မှိုပင်စည်ပိုင်း စတဲ့ အကြွင်းအကျန်တွေကို သေချာဆေးကြောပြီး ရေခဲသေတ္တာထဲ သိမ်းထားကာ လိုအပ်သလိုပြုတ်ပြီး အရသာရှိတဲ့ ဟင်းသီးဟင်းရွက်ဟင်းရည် (Broth) အဖြစ် ဖန်တီး အသုံးချနိုင်ပါတယ်။
- မုန်လာဥထိပ်ပိုင်းတွေ၊ နံနံပင်ပင်စည်နဲ့ အမြစ်တွေ စတာတွေကို လွင့်မပစ်ဘဲ အားလုံးကြိတ်ချေကာ သံလွင်ဆီ၊ ကြက်သွန်ဖြူတွေနဲ့ ရောစပ်ပြီး အရသာရှိတဲ့ Sauce သို့ Pesto တွေ ဖန်တီးနိုင်ပါသေးတယ်။
- အာလူးအခွံ၊ ကန်စွန်းဥအခွံတွေကိုလည်း ဆီ၊ ဆားအနည်းငယ်နဲ့ နယ်ကာ ကျက်အောင်ကြော်လှော် စားသုံးရင်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့မုန့်တွေအဖြစ် စားသုံးနိုင်ပါတယ်။
အခုလို နည်းလမ်းကောင်းလေးတွေအပြင် စျေးဝယ်ယူတဲ့အခါမှာလည်း ကိုယ်နဲ့ ကိုယ်စားသုံးမဲ့ ပမာဏကိုသာ ရွေးချယ်ဝယ်ယူပြီး ပစ္စည်းတွေ အလေအလွင့်မဖြစ်အောင်၊ မပျက်စီးအောင် စနစ်တကျသိုလှောင်တတ်ဖို့လည်း လိုပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့လည်း ညီညွတ်၊ ကုန်ကျစရိတ်လည်း သက်သာ၊ သဘာဝပတ်ဝန်းကျင်နဲ့ ထိန်းသိမ်းနိုင်မဲ့ အလေအလွင့်နည်းစေတဲ့ ချက်ပြုတ်နည်းတွေကို သိရှိပြီဆိုတော့ အခုဆောင်းပါးလေးက တစ်ဆင့် အခုပဲ လက်တွေ့ အကောင်အထည် ဖော်ကြည့်လိုက်ရအောင်ပါ။
Comments