စိုထိုင်းဆများခြင်းကြောင့် ဖြစ်လာတတ်တဲ့ အရေပြားပြဿနာတွေ

Posted in ကျန်းမာရေး


နွေရာသီပဲ ရောက်ရောက်၊ မိုးရာသီပဲ ဝင်ဝင်၊ ရာသီအပြောင်းအလဲနဲ့ အသားရည်ပြဿနာတွေက အနည်းနဲ့အများဆိုသလို လူကြီး၊ လူငယ်မရွေး တွေ့ကြုံရစမြဲပါ။ အခုလို လေထုစိုထိုင်းဆ များတဲ့ နွေအကုန်၊ မိုးအကူး ကာလတွေမှာ အရေပြားက ပုံမှန်ထက် ထိခိုက်လွယ်စေပြီး ချွေးနဲ့ အဆီတွေကြောင့် ချွေးပေါက်ပိတ်တာ၊ ဝက်ခြံထွက်တာနဲ့ အရေပြားယားယံတာ စတဲ့ အသားရည်ပြဿနာတွေ အဖြစ်များတတ်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်မှာ စိုထိုင်းဆတွေများတဲ့ ကာလရောက်ပြီဆို မျက်နှာ Skincare တာအပြင် ခန္ဓာကိုယ်အသားရည် လှပစိုပြေအောင် အသုံးပြုသင့်တဲ့ ပစ္စည်းအမျိုးအစားတွေနဲ့ ဖြစ်လာတတ်တဲ့ အရေပြားပြဿနာတွေကို ဖယ်ရှားကာကွယ်နိုင်မဲ့ နည်းလမ်းကောင်းတစ်ချို့ကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးလိုက်ပါတယ်။  

ဘာကြောင့်အပြောင်းအလဲတွေ ဖြစ်စေတတ်တာလဲ

အရင်ဆုံး ပတ်ဝန်းကျင်ရဲ့ စိုထိုင်းဆတွေက အသားရည်ကို ဘယ်လိုအပြောင်းအလဲတွေ ဖြစ်စေတာလဲဆိုတာ သိထားဖို့ လိုပါတယ်။ လေထုထဲမှာ အစိုဓာတ်များလွန်းတဲ့အခါ ကိုယ်ခန္ဓာက ထွက်လာတဲ့ ချွေးတွေက ကောင်းကောင်း အ‌‌ငွေ့မပျံတော့ဘဲ ချွေးပိတ်လာနိုင်ပါတယ်။ ဒီလို ချွေးတွေ အရည်ပြားမှာ ပိတ်ဆို့တာကနေ အညစ်အကြေးတွေရော၊ အဆီတွေရော ပေါင်းစပ်ကုန်ပြီး ဘတ်တီးရီးယားပေါက်ပွားဖို့ လွယ်ကူကာ အသားရည်ပြဿနာတွေ စဖြစ်လာတော့တာပါပဲ။ ဒါကြောင့် စိုထိုင်းဆများတာရဲ့ နောက်ဆက်တွဲအနေနဲ့

  • အဆီနဲ့ အညစ်အကြေးတွေများလာပြီး ချွေးပေါက်ပိတ်တာတွေ၊ ဝက်ခြံထွက်တာတွေ
  • ပတ်ဝန်းကျင်ရဲ့ အစိုဓာတ်နဲ့ အပူချိန်အပြောင်းအလဲကြောင့် ဘတ်တီးရီးယားပေါက်ဖွားလွယ်ပြီး အရေပြားမှာ အစက်အပြောက်လေးတွေ ထွက်လာတာ
  • ချွေးစေးတွေကြောင့် အသားရည်တွေ နီရဲယားယံတာ၊ ဓာတ်မတည့်တာ စသဖြင့် အသားရည်မှာ ပြဿနာအမျိုးမျိုး ဖြစ်လာတတ်ပါတယ်။

မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းကြမလဲ

လေထုစိုထိုင်းဆများတဲ့ ရာသီဥတုမှာ အဖြစ်များတတ်တဲ့ အရေပြားပြဿနာတွေကို တတ်နိုင်သလောက် ကာကွယ်ထိန်းသိမ်းနိုင်ဖို့ဆို Skincare ပစ္စည်းတွေ ရွေးချယ်တဲ့အခါ

  • တစ်နေ့တာ သွားလာလှုပ်ရှားထားတဲ့ အရေပြားပေါ်က အဆီနဲ့ ချွေးတွေကို မျက်နှာသစ်၊ ရေချိုးသန့်စင်တဲ့အခါ Gel သို့မဟုတ် Foam ပါတဲ့ ဆပ်ပြာအမျိုးအစားကို ရွေးချယ်ပါ။
  • အဆီများတဲ့ Cream တွေအစား Hyaluronic Acid ပါဝင်ပြီး အစိုဓာတ်ကို ပေါ့ပေါ့ပါးပါးပေးစွမ်းနိုင်တဲ့ Gelပုံစံ Moisturizer ကို အသုံးပြုပါ။
  • မိုးတွင်းဆိုပေမဲ့လည်း Sunscreen သေချာလိမ်းဖို့ အမြဲတမ်းလိုအပ်တာကြောင့် စေးကပ်မှုမရှိတဲ့ fluid ပုံစံ နေလောင်ကာခရင်မ်ကို အသုံးပြုပေးရပါမယ်။
  • အသားရည်ပေါ်က ချွေးပေါက်တွေကို အညစ်အကြေးတွေ မပိတ်ဆို့နေအောင် Salicylic Acid (BHA) ပါဝင်တဲ့ Skincare ပစ္စည်းတွေနဲ့လည်း ချွေးပေါက်သန့်စင်ပေးသင့်ပါတယ်။

မှန်ကန်တဲ့ လူနေမှုပုံစံ

အပေါ်မှာ ပြောပြသွားတဲ့ Skincare ပစ္စည်းအမျိုးအစားတွေနဲ့ အသားရည်ထိန်းသိမ်းနေရုံနဲ့ မလုံလောက်သေးဘဲ မျှတမှန်ကန်တဲ့ လူနေမှုပုံစံကလည်း ပံ့ပိုးကူညီမှ ဖြစ်မှာပါ။ ဒါကြောင့်

  • ချွေးထွက်များတဲ့ အလုပ်တွေ၊ လေ့ကျင့်ခန်းတွေ လုပ်ပြီးရင် ချွေးနဲ့ ဘတ်တီးရီးယားတွေကို သန့်စင်နိုင်ဖို့ မျက်နှာနဲ့ ကိုယ်တွေ လက်တွေကို ချက်ချင်းရေချိုးသန့်စင်ပါ။ 
  • အဝတ်အစား ဝတ်ရာမှာလည်း ချည်သား စတဲ့ လေဝင်လေထွက်ကောင်းတဲ့ ပေါ့ပေါ့ပါးပါး အကျီ၊ ဘောင်းဘီတွေကို ရွေးချယ်ဝတ်ဆင်ပါ။ 
  • ကိုယ်တွင်းအပူချိန်နဲ့ အသားရည်အဆီပြန်တတ်တာတွေကို ထိန်းချုပ်ဖို့ ရေများများသောက်ပေးတာကလည်း အသားရည်ကျန်းမာရေးအတွက် ကောင်းကျိုးတွေ ရှိစေပါတယ်။ 

ဒီလောက်ဆိုရင်တော့ လေထုစိုထိုင်းဆ မြင့်မားတဲ့ ရာသီဥတုမှာ ကိုယ့်မျက်နှာနဲ့ ကိုယ်ခန္ဓာအသားရည်လေးတွေ  ကျန်းမာလန်းဆန်းနေစေဖို့ အခုနည်းလမ်းလေးတွေက အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။


Share

Comments

Related Posts