
မီးခိုးမြူ (smog) ဆိုတဲ့ စကားလုံးကို သိပါသလား။ ဒီစကားလုံးဟာ မီးခိုး (smoke) နဲ့ မြူ (fog) တို့ကို ပေါင်းစပ်ထားတဲ့ စကားလုံးဖြစ်ပြီး လေထုညစ်ညမ်းလာမှုကြောင့် ပတ်ဝန်းကျင်လေထု အနေအထားက မြူထူသလို ဖြစ်နေခြင်းကို ရည်ညွှန်းပါတယ်။ ၂၀ ရာစုအစောပိုင်းမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ ဒီစကားလုံးကို ၁၉၂၆ ခုနှစ်မှာ အောက်စ်ဖို့ဒ် အင်္ဂလိပ် အဘိဓာန် (Oxford English Dictionary) ထဲ တရားဝင်ထည့်သွင်းခဲ့ရလောက်အောင် တွင်တွင်ကျယ်ကျယ်အသုံးပြုလာရတဲ့အထိ မီးခိုးမြူတွေ များပြားလာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း မြို့ပြတွေ အထူးသဖြင့် ရန်ကုန်မှာ မိုးအုံ့နေသလို၊ မြူဆိုင်းနေသလို အုံ့မှိုင်းမှိုင်း မနက်ခင်းတွေကို မကြာခဏဆိုသလို သတိပြုမိကြမယ်လို့ ထင်ပါတယ်။ တကယ်တော့ ဒါတွေဟာ မီးခိုးမြူတွေပါပဲ။
မီးခိုးမြူဖြစ်ပေါ်စေတဲ့ အကြောင်းရင်းများ
မြိုပြတွေရဲ့ လေထုညစ်ညမ်းမှုဟာ မော်တော်ယာဥ်မီးခိုးငွေ့တွေ၊ စက်မှုလုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေက ဖုန်မှုန့်တွေနဲ့ ဇီဝလောင်စာတွေ စတဲ့ အကြောင်းရင်းများစွာ ပေါင်းစုံပြီး ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ မြို့ပြဖွဲ့စည်းမှုပုံစံ နဲ့ ရာသီဥတုကလည်း လေထုညစ်ညမ်းမှုမှာ တစ်စိတ်တစ်ဒေသ ပါဝင်နေပါတယ်။ ခြောက်သွေ့ပြီး လေငြိမ်တဲ့ရာသီနဲ့ ပူပြင်းတဲ့ရာသီတွေမှာ ဖုန်မှုန့်တွေ အလွန်ထူထပ်ခြင်းကလည်း မီးခိုးမြူတွေဖြစ်ပေါ်စေဖို့ ဦးတည်နေပါတယ်။
ရန်ကုန်မြို့လမ်းမ,တွေပေါ်က ယာဥ်ကြောပိတ်ဆို့မှုတွေကို ကြည့်ရင်တောင် မြို့ပြမှာ မီးခိုးငွေ့ထွက်တဲ့ ယာဥ်တွေ ဘယ်လောက်များနေလဲဆိုတာ သိသာပါတယ်။ ပြုပြင်ထိန်းသိမ်းမှုနည်းပြီး မီးခိုးထွက်များတဲ့ ဘတ်စ်ကားတွေ၊ ကုန်တင်ကားတွေ၊ ဆိုင်ကယ်တွေ၊ ယာဥ်အိုယာဥ်ဟောင်းတွေကနေ ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ် စတဲ့ အဆိပ်အတောက်ဓာတ်ငွေ့မျိုးစုံဟာ လေထုညစ်ညမ်းစေတဲ့ အဓိက အကြောင်းအရင်းတွေပါပဲ။
မြို့ပြင်စက်မှုဇုန်တွေမှာရှိတဲ့ စက်မှုလုပ်ငန်းတွေကနေလည်း ဆာလဖာဒိုင်အောက်ဆိုဒ်နဲ့ အခြားအမှုန် အမွှားများစွာကို လေထုထဲကို ဆက်တိုက်ထုတ်လွှင့်နေပါသေးတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကလည်း တူးဖော်ဖြိုဖျက် လုပ်ကိုင်တဲ့အခါ ဖုန်မှုန့်နဲ့ အမှုန်အမွှားများစွာ ထွက်လာပြီး စနစ်ကျတဲ့ ဖုန်မှုန့်ထိန်းချုပ်မှုမရှိတဲ့အခါ လေထုထဲကို အလုံးအရင်းအလိုက် ရောက်ရှိသွားပြီး အထူးသဖြင့် ခြောက်သွေ့ရာသီမှာ မီးခိုးမြူတွေကို ဖြစ် ပေါ်စေပါတယ်။ မြို့ရဲ့ ဆင်ခြေဖုန်းနေရာတွေနဲ့ အနီးတဝိုက် ကျေးလက်ဒေသတွေမှာ အမှိုက်မီးရှို့တာ၊ သစ် ရွက်မီးရှို့တာ၊ တောင်ယာမီးရှို့တာတွေက စပြီး ထင်း၊ မီးသွေး အသုံးပြုပြီး ချက်ပြုတ်တာအထိ ဇီဝလောင်စာ လောင်ကျွမ်းမှုတွေကလည်း မီးခိုးမြူတွေကို ဖြစ်ပေါ်စေပြီး လေထုညစ်ညမ်းစေခြင်းရဲ့ နောက်ထပ်အကြောင်းအရင်းတစ်ရပ် ဖြစ်နေပါတယ်။
ကျန်းမာရေး နှင့် အခြားထိခိုက်မှုများ
လေထုညစ်ညမ်းပြီး မီးခိုးမြူတွေများလာတာနဲ့အမျှ မြို့ပြရဲ့ လေထုအရည်အသွေး ကျဆင်းလာပြီး လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။ အမှုန်အမွှားပေါင်းစုံ၊ အခိုးငွေ့ပေါင်းစုံကို ရှူရှိုက်နေရသူတွေမှာ ပန်းနာရင်ကြပ်၊ အဆုတ်ရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါမျိုးစုံ ဖြစ်ပွားစေနိုင်ပါတယ်။ အထူးသဖြင့် ရောဂါအခံရှိသူတွေ ကိုယ်ခံအားနည်းတဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ပိုပြီး အန္တရာယ်များပါတယ်။
လေ့လာချက်တွေအရ လေထုညစ်ညမ်းမှုနဲ့ အချိန်အကြာကြီး ထိတွေ့လာတဲ့အခါ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ သွေးတိုးရောဂါ အပါအဝင် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနိုင်ချေလည်း မြင့်မားလာပါတယ်။ ရှူရှိုက်လိုက်တဲ့ အမှုန်အမွှားတွေ၊ အညစ်အကြေးတွေဟာ နှလုံးသွေးကြောထဲကို ရောက်ရှိသွားတဲ့အခါ ယောင်ယမ်းမှုတွေ၊ ဓာတ်တိုးမှုတွေ ဖြစ်ပေါ်လာပြီး နှလုံးနဲ့ နှလုံးလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေပျက်စီးပြီး အရွယ်မတိုင်ခင် သေဆုံးမှုနှုန်းကို မြင့်တက်စေတဲ့အထိ လေထု ညစ်ညမ်းမှုရဲ့ အကျိုးသက်ရောက်မှုက ကြီးမားနိုင်ပါတယ်။
ဒါကြောင့် နေ့စဥ် မဖြစ်မနေရှူရှိုက်နေရတဲ့ လေထုက ညစ်ညမ်းနေမယ်ဆို လူတိုင်းအတွက် ထိခိုက်မှု များပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ အများသုံးယာဥ်တွေကို ပိုသုံးတာ၊ အမှိုက်မီးရှို့တာတွေကို လျှော့ချတာ စတဲ့ ကိုယ်တိုင်တာဝန်ယူလုပ်ဆောင်နိုင်တဲ့ ကဏ္ဍတွေမှာ ပါဝင်ဖို့ လိုအပ်ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီက,စလို့ လူ့အဖွဲ့အစည်းတစ်ရပ်လုံး ပါဝင်ဆောင်ရွက်ကြပြီး ပိုမိုကောင်းမွန် သန့်ရှင်းတဲ့လေထုနဲ့ ဝန်းကျင်ကို ဖန်တီးခြင်းဖြင့် ပိုမိုကျန်းမာတဲ့ လူနေမှုဘဝတွေကို ဦးတည်လိုက်ကြရအောင်။
Comments