ကျန်းမာရေး အကျိုးကျေးဇူးတွေရှိတဲ့ ကောက်ညှင်းအမျိုးအစားတွေအကြောင်း

Posted in အစားအစာ


ဆန်အမျိုးအစားတွေ အများကြီးထဲကမှ အာရှနိုင်ငံတွေရဲ့ အစားအသောက်ယဥ်ကျေးမှုတွေမှာ ကောက်ညှင်းဆိုတာဟာ ထမင်းဝိုင်းတိုင်းမှာ မကြာခဏ ပါဝင်တတ်တဲ့ အစားအစာတစ်မျိုးပါ။ သူ့မှာ Amylopectin Starch ပါဝင်တဲ့အတွက် စေးကပ်ကပ်နဲ့ နူးနူးညံ့ညံ့ ဝါးရတာကြောင့် ပုံမှန် ထမင်းတွေထက် စားရတာ ထူးခြားနေတတ်ပါတယ်။ အရှေ့တောင်အာရှ တစ်ခွင်မှာ ရှိတဲ့ ထိုင်း၊ လာအို၊ တရုတ်၊ ဂျပန်၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေမှာ သာမာန် စားစရာတစ်ခုအနေနဲ့တင် မဟုတ်ဘဲ ရိုးရာပွဲတော်တွေမှာ ဟင်းပွဲတွေနဲ့ တွဲဖက်စားစရာ အနေနဲ့ရော၊ အချိုပွဲတွေ အနေနဲ့ပါ ထည့်သွင်းစားတတ်ကြတာကြောင့် လူမှုဘဝတွေမှာပါ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာပါ။ ဒါ့အပြင် ကောက်ညှင်းမှာ အမျိုးအစားအမျိုးမျိုးရှိသေးတဲ့အပြင် ကျန်းမာရေးအရ ကြည့်မယ်ဆိုလည်း အကျိုးကျေးဇူးတွေ အများကြီးရှိလို့နေပါတယ်။ ဒါကြောင့် အခု ဆောင်းပါးထဲမှာတော့ ကောက်ညှင်းဆန် မျိုးကွဲတွေအကြောင်းနဲ့ သူ့ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေကို ပြောပြပေးချင်ပါတယ်။

နာမည်ကျော်ကြားတဲ့ ကောက်ညှင်းအမျိုးအစားတွေ

ကောက်ညှင်းအမျိုးမျိုး ရှိတဲ့အထဲကမှ အာရှတစ်ခွင်မှာ နာမည်ကြီးပြီး ပုံမှန်စားဖြစ်တတ်ကြတဲ့ ‌ကောက်ညှင်းဆန်အမျိုးအစားတစ်ချို့ကို ဖော်ပြချင်ပါတယ်။

  • ရိုးရာကောက်ညှင်း (Long-Grain Glutinous Rice) - ထိုင်းနဲ့ လာအိုနိုင်ငံတွေမှာ ဝါးဗူးခွံ သို့မဟုတ် ပေါင်းအိုးတွေနဲ့ ကောက်ညှင်းတွေကို ပေါင်းစားတတ်ကြပြီး အသားဟင်းတွေနဲ့ဖြစ်ဖြစ်၊ အသီးအနှံတွေ၊ အချိုပွဲတွေနဲ့ဖြစ်ဖြစ် စားတတ်ကြပါတယ်။ လာအိုနိုင်ငံမှာဆို ကောက်ညှင်းစားသုံးမှုက ကမ္ဘာပေါ်မှာ အများဆုံးဖြစ်ပြီး ကောက်ညှင်းတွေကို လက်နဲ့ လုံးကာ အရသာရှိတဲ့ဟင်းလျာတွေနဲ့ အစပ်အဟပ်တည့်အောင် တွဲစားတတ်ကြပါတယ်။
  • ကောက်ညှင်းနက် (Black/Purple Sticky Rice) - သဘာဝအတိုင်း အရောင်ခြယ်ပစ္စည်းတွေ ပါဝင်တဲ့ ဒီကောက်ညှင်းနက်မှာဆိုရင် အစေ့အဆန် အရသာတစ်မျိုး ရရှိပြီး အာဟာရပြည့်ဝနေတတ်ပါတယ်။ သူ့ကို အရှေ့တောင်အာရှတစ်ခွင်မှာ အစားများကြပြီး ဆန်ပြုတ်ချိုချို လုပ်သောက်တာ၊ အုန်းသီးနဲ့တွဲဖက်ပြီး အချိုပွဲတွေ၊ ကိတ်မုန့်တွေ ဖန်တီးစားလို့လည်း ရပါသေးတယ်။ 
  • ဂျပန်စတိုင် ကောက်ညှင်း (Mochigome) - အလွန်စေးကပ်တဲ့ ကောက်ညှင်းဆန်သေးသေးလေးတွေနဲ့ ပြုလုပ်တဲ့ ဒီကောက်ညှင်းမုန့်မှာဆိုရင် ကျုံ့နိုင်၊ဆန့်နိုင်အားလည်း ကောင်းတာကြောင့် အခုခေတ်စားနေတဲ့ Mochi ပြုလုပ်ဖို့ အဓိကကျပြီး အကောင်းဆုံးကောက်ညှင်းဆန် အမျိုးအစားလည်း ဖြစ်ပါတယ်။ 

ကောက်ညှင်းကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

ကောက်ညှင်းအမျိုးအစားတစ်မျိုးစီဟာ စားရတာအရသာပြည့်ဝတဲ့အပြင် ကျန်းမာရေးနဲ့စွမ်းအင် ပြည့်ဝစေတဲ့ ကောင်းကျိုးတွေ အများကြီးရှိလို့နေပါတယ်။ 

  • ကာဗိုဟိုက်ဒရိတ် ကြွယ်ကြွယ်ဝဝပါဝင်သောကြောင့် လှုပ်လှုပ်ရှားရှား သွားလာရင်း အလုပ်လုပ်ကိုင်နေရတဲ့သူတွေနဲ့ အားကစားသမားတွေအတွက် လိုအပ်တဲ့ စွမ်းအင်ကို အမြန်ဆုံး ဖြည့်တင်းပေးပါတယ်။
  • ဒီဆန်အမျိုးအစားမှာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့ Copper ၊ Zinc နဲ့ Vitamin B တို့ပါဝင်ပြီး မလိုအပ်တဲ့ ရောင်ရမ်းမှုတွေကို လျှော့ချပေးပြီး ကိုယ်ခံအားစနစ်ကို ဖိအားပေးစေတဲ့အရာတွေကို သက်သာအောင် လိုဆောင်ပေးပါတယ်။
  • ဒါ့အပြင် ကောက်ညှင်းနက်မှာ ပါဝင်တဲ့ Anthocyanins မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ဆဲလ်များကို ကာကွယ်ပေးပြီး ရောင်ရမ်းမှုတွေကိုပါ လျှော့ချပေးနိုင်ပါတယ်။

ကောက်ညှင်းကို မချက်ပြုတ်ခင် အနည်းဆုံး ၄ နာရီ ရေစိမ်ထားဖို့ လိုအပ်ပြီး ရေစိမ်ပြီးသား ကောက်ညှင်းကို ရေနွေးငွေ့နဲ့ ပေါင်းချက်တာက အဆီအစိမ့်နည်းစေကာ အကောင်းဆုံးအနေအထားကို ရရှိမှာ ဖြစ်ပါတယ်။ အခုလို အာရှတစ်လွှားက ရိုးရာဟင်းပွဲတွေ၊ အချိုပွဲတွေနဲ့ တွဲဖက်စားနိုင်ပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေပါ ရှိနေတဲ့ ကောက်ညှင်းရဲ့ ထူးခြားချက်တွေကို ဒီဆောင်းပါးလေးက တစ်ဆင့် သိရှိသွားမယ်လို့ မျှော်လင့်ပါတယ်နော်။ 


Share

Comments

Related Posts