
သားသားမီးမီးတို့အတွက် အိမ်မှာ စာလုပ်ဖို့ သီးသန့်နေရာ မရှိတာ၊ စာကြည့်စားပွဲပေါ်မှာ ရှုပ်ပွနေတာတွေက ကလေးရဲ့ အာရုံစူးစိုက်မှုကို လျော့နည်းစေတယ်ဆိုတာ သတိထားမိကြရဲ့လား။ သန့်ရှင်းသပ်ရပ်ပြီး စနစ်တကျရှိတဲ့ စာကြည့်ထောင့်လေးတစ်ခုက ကလေးရဲ့ ပညာရေးအပေါ် စိတ်ဝင်စားမှုကို အများကြီး ပြောင်းလဲပေးနိုင်ပါတယ်။
Study Corner ဘာကြောင့် ရှိသင့်တာလဲ?
ကလေးကို စာအုပ်စင်နဲ့ စာပွဲသီးသန့်ရှိရုံနဲ့ စနစ်တကျရှိတဲ့ စာကြည့်ထောင့်တစ်ခုက ကလေးရဲ့ စာလုပ်နိုင်စွမ်းရည်ကို အဆမတန် တိုးတက်လာစေပါတယ်။ ဘာကြောင့်လဲဆိုရင် ကလေးတွေရဲ့ အာရုံဟာ အမြဲတမ်း တည်ငြိမ်နေတာမျိုး မဟုတ်တဲ့အတွက် လှုပ်ရှားမှုအနည်းငယ်ရှိရုံနဲ့ ပျက်ပြယ်သွားတတ်ပါတယ်။ ပြီးတော့ ဧည့်ခန်း သို့မဟုတ် ထမင်းစားပွဲလို နေရာမျိုးမှာ စာလုပ်တဲ့အခါ ဘေးနားမှာ အရုပ်တွေ၊ ဖုန်းတွေ၊ တီဗီတွေ ရှိနေတာကြောင့် ကလေးရဲ့ဦးနှောက်ဟာ စာထဲကို အပြည့်အဝမရောက်ဘဲ ဘေးကအရာတွေကို စိတ်ဝင်စားနေတတ်ပါတယ်။ ဒါကြောင့် စာအုပ်တွေ၊ စာရေးကိရိယာတွေပဲ သီးသန့်ရှိတဲ့ Study Corner လေးတစ်ခု ဖန်တီးပေးလိုက်တဲ့အခါ မျက်စိရှေ့မှာ အာရုံထွေပြားစရာ အရုပ်တွေ၊ ဖျော်ဖြေရေးပစ္စည်းတွေ မရှိတော့ပါဘူး။
- စားပွဲပေါ်မှာ လက်ရှိလုပ်နေတဲ့ ကျောင်းစာကလွဲလို့ အခြားအရာမရှိတဲ့အတွက် မျက်စိနဲ့ ဦးနှောက်က စားပွဲပေါ်မှာ ကာလကြာရှည် အာရုံစိုက်ထားနိုင်စွမ်းကို တိုးတက်လာပါတယ်။
- ကျောင်းဆင်းလို့ အိမ်ပြန်ရောက်တာနဲ့ လွယ်အိတ်ကို ပစ်ချ၊ စာအုပ်တွေကို ဟိုနားတစ်အုပ် ဒီနားတစ်အုပ် မဖြစ်တော့ဘဲ နေရာသတ်သတ်မှတ်မှတ်ရှိစေပါတယ်။
- ဒါက သားသား/မီးမီး ရဲ့ ကိုယ်ပိုင်နေရာလို့ ခံယူသွားတဲ့အခါ ကလေးဟာ စာလုပ်ပြီးရင် စာအုပ်ကို ဘယ်နေရာမှာ ပြန်ထားရမလဲ? ခဲတံ၊ ခဲဖျက်တွေကို ဘယ်ဘူးထဲ ပြန်ထည့်ရမလဲဆိုတာကို အလိုလို သိလာပါတယ်။
- မိဘက အမြဲတစေ လိုက်သိမ်းပေးနေစရာမလိုဘဲ မိမိရဲ့ပစ္စည်းကို ကိုယ်တိုင်စီမံခန့်ခွဲတတ်တဲ့၊ တာဝန်ယူတတ်တဲ့ အလေ့အကျင့်ကောင်းကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးရာ ရောက်စေပါတယ်။
- ဘယ်စာအုပ်က ဘယ်စင်မှာရှိတယ်၊ ဘယ်ပစ္စည်းက ဘယ်ဘူးထဲမှာရှိတယ်ဆိုတာ အမြဲအတိအကျရှိနေလို့ ရှာဖွေရတဲ့အချိန်ကုန်သက်သာပြီး စိတ်တိုစရာ မလိုတော့ပါဘူး။ စာလုပ်ဖို့အတွက် စိတ်ရောကိုယ်ပါ အမြဲအသင့်ဖြစ်နေစေလို့ စာလုပ်ခြင်းကို ပျော်စရာ အလုပ်တစ်ခုလို ကလေးက ခံယူလာနိုင်ပါတယ်။

အာရုံစူးစိုက်မှု အားကောင်းစေဖို့ ဘယ်လိုမျိုးတွေကို ဂရုစိုက် ထားပေးသင့်လဲ?
အိပ်ရာပေါ်နဲ့ ဧည့်ခန်းနေရာတွေက အနားယူဖို့နဲ့ အိပ်စက်ဖို့အတွက် သတ်မှတ်ထားတဲ့နေရာဖြစ်လို့ အိပ်ရာပေါ်မှာ စာအုပ်ဖွင့်လိုက်တာနဲ့ ကလေးက အလိုလိုပျင်းရိငိုက်မြည်းလာပြီး အာရုံစူးစိုက်မှု ချက်ချင်းကျဆင်းသွားတတ်စေပါတယ်။ တီဗီက လာတဲ့အသံတွေ၊ လူအဝင်အထွက်လှုပ်ရှားမှုတွေက ကလေးရဲ့အာရုံကို အမြဲတစေ ဖျက်ဆီးနေတာကြောင့် စာတစ်လုံးရဖို့အတွက် ပုံမှန်ထက် အချိန်ပိုပေးရပြီး ဦးနှောက်ကို အလွန်အမင်း ပင်ပန်းစေပါတယ်။ ဒီလို သတ်မှတ်ချက်မရှိဘဲ ဟိုနားဒီနားမှာ ဖြစ်သလိုစာလုပ်ခြင်းက ကလေးငယ်တွေကို အာရုံပျံ့လွင့်လွယ်ရုံသာမက "စာလုပ်ရတာ ပျင်းစရာကြီး" ဆိုတဲ့ စိတ်အခံမျိုးကိုပါ ဖြစ်ပေါ်စေပါတယ်။
ဒါကြောင့် ကလေးငယ်တွေရဲ့ အာရုံစူးစိုက်နိုင်စွမ်းဟာ လူကြီးတွေထက် တိုတောင်းတာမို့ နှောင့်ယှက်မှုကင်းတဲ့ သီးသန့် Study Corner လေးတစ်ခု ရှိနေခြင်းက ကလေးရဲ့ ဦးနှောက်ကို ပြင်ပအာရုံနှောင့်ယှက်မှုများကနေ ကာကွယ်ပေးလိုက်သလို ဖြစ်စေပြီး ဉာဏ်ရည်ကို တစ်နေရာတည်းမှာ စူးစိုက်နိုင်အောင် ပံ့ပိုးပေးပါတယ်။
စာကြည့်ထောင့်လေးကို ဘယ်လိုဖန်တီးမလဲ?
စာကြည့်ထောင့်တစ်ခု ပြင်ဆင်ပေးဖို့ဆိုတာ ငွေကုန်ကြေးကျ အများကြီးရှိဖို့ မလိုသလို အခန်းအကျယ်ကြီးလည်း မလိုအပ်ပါဘူး။ အဓိကကတော့ ဒီအဆင့် (၄) ဆင့်ကို စနစ်တကျ ပြင်ဆင်ပေးဖို့ပဲ ဖြစ်ပါတယ်။
၁။ အလင်းရောင်နှင့် နေရာရွေးချယ်ခြင်း
ပထမဆုံးအဆင့်ကတော့ အိမ်ရဲ့ ဘယ်နေရာမှာ စာကြည့်ထောင့်လုပ်မလဲဆိုတာ ရွေးချယ်ဖို့ပါ။
တိတ်ဆိတ်မှု၊ လူအဝင်အထွက်များတဲ့ နေရာ သို့မဟုတ် တီဗီ အနီးအနားကို ရှောင်ပြီး အခန်းရဲ့ တိတ်ဆိတ်တဲ့ ထောင့်တစ်ထောင့်ကို ရွေးချယ်ပါ။ သဘာဝအလင်းရောင် ကောင်းကောင်းရတဲ့နေရာကိုရွေးချယ်ပြီး ဒီနေရာက မျက်စိညောင်းညာမှုကို လျော့နည်းစေပြီး စိတ်ကြည်လင်စေပါတယ်။ ညဘက်စာလုပ်တဲ့အခါ မျက်စိမပျက်စီးစေဖို့ စာအုပ်ပေါ်ကို အလင်းတည့်တည့်ကျစေတဲ့၊ မျက်စိကာကွယ်ပေးတဲ့ စာဖတ်မီးဆိုင်းတစ်လုံးကိုပါ ထည့်သွင်းပေးရပါမယ်။
၂။ ပရိဘောဂ ရွေးချယ်မှု
လှပတဲ့စားပွဲထက် ကလေးရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ ကိုက်ညီတဲ့ ပရိဘောဂက ပိုအရေးကြီးပါတယ်။
- အရပ်အမောင်းနဲ့ ကိုက်ညီမှုကလည်း ကလေးစာပွဲထိုင်တဲ့အခါ ခြေထောက်က ကြမ်းပြင်နဲ့ အပြားလိုက် ထိနေရပါမယ် (ခြေထောက်တွဲလောင်းကျမနေရပါ)။ စားပွဲအမြင့်ကလည်း တံတောင်ဆစ်ကို သက်တောင့်သက်သာ တင်လို့ရတဲ့ အနေအထား ဖြစ်ရပါမယ်။
- ထိုင်ခုံကလည်း ကျောမှီပါပြီး ထိုင်ရတာ သက်တောင့်သက်သာရှိတဲ့ ထိုင်ခုံဖြစ်ဖို့ လိုပါတယ်။ အရွယ်အစားမကိုက်ညီတဲ့ စားပွဲ/ကုလားထိုင်တွေက ကလေးကို ဇက်ကြောတက်ခြင်း၊ ခါးနာခြင်းနဲ့ ရေရှည်မှာ အရိုးအဆစ်ပုံစံပျက်ခြင်းတို့ကို ဖြစ်စေပြီး စားပွဲမှာ ကြာကြာမထိုင်နိုင်တာတွေ ဖြစ်လာတတ်ပါတယ်။

၃။ သပ်ရပ်မှုနဲ့ စနစ်ကျမှု
စားပွဲပေါ်မှာ ပစ္စည်းတွေ ရှုပ်ပွနေရင် ကလေးရဲ့ ဦးနှောက်ကလည်း လိုက်ရှုပ်နေတတ်ပါတယ်။ သန့်ရှင်းသော စားပွဲက စွမ်းဆောင်ရည်ကို တိုးတက်စေလို့ စားပွဲပေါ်မှာ လက်ရှိလုပ်နေတဲ့ စာအုပ်ကလွဲလို့ ကျန်တာတွေ ရှင်းလင်းနေရပါမယ်။
စနစ်ကျမှု - ခဲတံ၊ ပေတံ၊ ခဲဖျက်တွေကို ကွန်ပါဘူး လေးတွေနဲ့ သီးသန့်ခွဲထားပေးပါ။
စာအုပ်စင် - နေ့စဉ်သုံးတဲ့ ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်တွေကို စားပွဲဘေးနားမှာ စာအုပ်စင်အသေးလေးတစ်ခုလုပ်ပြီး စနစ်တကျ စီထားပေးပါ။ ပစ္စည်းတွေက မျက်စိရှေ့မှာ သပ်သပ်ရပ်ရပ်ရှိနေရင် စာလုပ်ချင်စိတ်ကို ပိုမိုလှုံ့ဆော်ပေးပါတယ်။
၄။ ကလေးရဲ့ စိတ်ကြိုက် ပြင်ဆင်မှု
- စာကြည့်ထောင့်လေးဟာ မိဘစိတ်ကြိုက်စတိုင်ထက် ကလေးကိုယ်တိုင် စာလုပ်ချင်စိတ် ဖြစ်စေ်တဲ့နေရာလေး ဖြစ်ဖို့လိုပါတယ်။ ဒါကြောင့် အလှဆင်တဲ့အခါ ကလေးကိုပါ အတူတူပါဝင်ခွင့်ပေးပါ။
- ကလေးကိုယ်တိုင် ဆွဲထားတဲ့ ပန်းချီကားလေးတွေ၊ ဒါမှမဟုတ် စာမေးပွဲမှာ အမှတ်ကောင်းလို့ ရထားတဲ့ ဆုတံဆိပ်လေးတွေကို စာပွဲရှေ့ နံရံမှာ ချိတ်ပေးထားပါ။
- ကလေးနှစ်သက်တဲ့ အရောင်ကို အသုံးပြုပြီး သူတို့ရဲ့ စိတ်ကူးအတိုင်း နေရာလေးတစ်ခု ဖန်တီးပေးခြင်းက အဲဒီစားပွဲလေးမှာ ထိုင်ပြီး စာလုပ်ချင်စိတ်ကို အဆမတန် တိုးတက်လာစေမှာ ဖြစ်ပါတယ်။
အိမ်ရဲ့ ထောင့်လေးတစ်ထောင့်မှာ ရှိပြီးသား စာပွဲအဟောင်းလေးကို သန့်ရှင်းအောင်သုတ်သင်၊ ခဲတံဘူးလေးတွေ စနစ်တကျစီပြီး အလင်းရောင်ရအောင် ဖန်တီးပေးလိုက်ရုံနဲ့တင် ကလေးအတွက် အဖိုးမဖြတ်နိုင်တဲ့ စာကြည့်ထောင့်လေးတစ်ခု ဖြစ်လာနိုင်ပါတယ်။မိဘတွေရဲ့ စေတနာနဲ့ ဖန်တီးပေးထားတဲ့ ဒီနေရာလေးဟာ ကလေးအတွက်တော့ အကောင်းဆုံး သင်ယူမှုနေရာလေး ဖြစ်နေမှာပါ။ ဒါကြောင့် ဒီနေ့ပဲ အိမ်က သားသားမီးမီးတို့အတွက် ကိုယ်ပိုင် Study Corner လေးတစ်ခုကို အတူတူ စတင်ဖန်တီးပေးလိုက်ကြရအောင်။
Comments