စွန့်ပစ်ပစ္စည်းမှသည် ရတနာဆီသို့

Posted in အိမ်မှုရေးရာ, ကိုယ်တိုင်လုပ်အနုပညာ


ကမ္ဘာကြီးဟာ တစ်ခါသုံးပစ္စည်းတွေ၊ နေ့စဥ်နဲ့အမျှ သစ်ဆန်းနေတဲ့ ဖက်ရှင်တွေအောက်မှာ တဖြည်းဖြည်း နစ်မြုပ်နေပြီး စွန့်ပစ်ပစ္စည်းတွေကို ရင်ဆိုင်ကြတဲ့ အရင်ကနည်းလမ်းတွေက ထိထိရောက်ရောက် မဖြေရှင်းနိုင်ကြတော့ပါဘူး။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာတော့ လျှော့ချ၊ ပြန်လည်သုံးစွဲ၊ ပြန်လည်ပြုပြင် ဆိုတဲ့ Reduce, Reuse, Recycle နည်းလမ်းတွေကို အဓိက မှီခိုခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ အနုပညာနဲ့ပေါင်းစပ်ပြီး စွန့်ပစ်ပစ္စည်းတွေကို အရည်အသွေးပြန်လည်မြှင့်တင်တဲ့ နည်းလမ်းတစ်ခုဆီ လျှောက်လှမ်းနေကြပါပြီ။ အဲဒါကတော့ “Upcycling” ပါ။

အများအားဖြင့် “Recycling” နဲ့ “Upcycling” ကို အတူတူသုံးလေ့ရှိကြပေမဲ့ တကယ်တမ်းမှာတော့ သဘာဝပတ်ဝန်းကျင်ဘက်က ကြည့်မယ်ဆိုရင် သိသိသာသာ ကွာခြားကြပါတယ်။

မူလ ပြန်လည်ပြုပြင်အသုံးချခြင်းနည်းလမ်း (Traditional Recycling သို့မဟုတ် Downcycling) မှာဆိုရင် ရေဘူးလို ပလတ်စတစ်ပစ္စည်းတွေ၊ သံဖျော်ရည်ဘူးလို သတ္တုပစ္စည်းတွေ၊ စက္ကူအဟောင်းတွေကို ဓာတုနည်းနဲ့ ဖြိုဖျက်တာ၊ အရည်ဖျော်တာ၊ အပိုင်းအစတွေ ဖြတ်တောက်ပစ်တာ စတဲ့ နည်းလမ်းတွေ အသုံးပြုပြီးမှ အစကနေ ပြန်လည်တည်ဆောက်ကြတာဖြစ်ပါတယ်။ အဲဒီနည်းလမ်းတွေက စွမ်းအင်အမြောက်အများလိုအပ်သလို ထွက်လာတဲ့ပစ္စည်းတွေကလည်း အရည်အသွေးနိမ့်ကျသွားလေ့ရှိပါတယ်။

အရည်အသွေးမြှင့်တင်ပြီး ပြန်လည်အသုံးချခြင်း Upcycling မှာတော့ မူလ Recycling နည်းလမ်းတွေရဲ့ အရင်ဆုံးဖြိုချဖျက်ဆီးတဲ့အဆင့် မပါဝင်တော့ဘဲ အဲဒီအစား အနုပညာက ဝင်ရောက်လာပါတယ်။ လက်မှုအနုပညာ၊ ဒီဇိုင်းပညာရှင်တွေက ရှိနေပြီးသား စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုလို့ရပြီး လှပတဲ့ပစ္စည်းတွေအဖြစ် ပြောင်းလဲလိုက်ကြပါတယ်။ ရာဘာအဟောင်းတွေကနေ ပိုက်ဆံအိတ်ကောင်းကောင်းတစ်လုံးလည်း ဖြစ်သွားနိုင်သလို ပုလင်းအဟောင်းတွေက ဖန်ခွက်လှလှလေးတစ်လုံးလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါကတော့ Upcycling ရဲ့ အကြီးမားဆုံး အကျိုးကျေးဇူးပါပဲ။

သဘာဝပတ်ဝန်းကျင်အတွက် ကြီးမားတဲ့ အရွေ့တစ်ခု

ပစ္စည်းတစ်ခုကို upcycle လုပ်လိုက်တိုင်းမှာ ကမ္ဘာကြီးအတွက် အခုလို အကျိုးသက်ရောက်မှု နှစ်ခု တစ်ပြိုင်တည်း ရနိုင်ပါတယ်။

၁။ နှစ်ပေါင်းများစွာ စုပုံနေမယ့် စွန့်ပစ်ပစ္စည်းတွေထဲမှာ ပစ္စည်းတစ်ခုလျော့သွားသလို မီးရှို့ဖျက်ဆီးရမယ့် စွမ်းအင်တွေ၊ လေထဲကို ရောက်လာမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို လျှော့ချပြီးသားလည်းဖြစ်ပါတယ်။

၂။ ပစ္စည်းအသစ်တစ်ခုကို ဖန်တီးတဲ့အခါမှာ လိုအပ်တဲ့ ကုန်ကြမ်းတွေ၊ စွမ်းအင်တွေ၊ ကုန်ကျစရိတ်တွေကို လုံးဝ သုံးစရာမလိုတော့တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကိုရော လူမှုစီးပွားရေးကိုရော မြှင့်တင်ပေးရာလည်း ရောက်ပါတယ်။

မြန်မာနိုင်ငံမှ Upcycling

ကမ္ဘာတစ်ဝှမ်းမှာ လုပ်နေကြတဲ့ Upcycling တွေ အများကြီးရှိသလို အခုဆိုရင် မြန်မာနိုင်ငံမှာလည်း ဆန်းသစ်တဲ့ အနုပညာဖန်တီးမှုတွေနဲ့ Upcycling တွေကို မြင်တွေ့နိုင်နေပါပြီ။ ထင်ရှားတဲ့ ဥပမာအနေနဲ့ဆိုရင်တော့ လှတယ် (Hla Day) ဆိုတဲ့ လူမှုအကျိုးပြုလုပ်ငန်းတစ်ခုကို ပြချင်ပါတယ်။ လှတယ် (Hla Day) မှာဆိုရင် စွန့်ပစ်ပစ္စည်းတွေကို လှပဆန်းသစ်တဲ့ လူနေမှုလူသုံးကုန်ပစ္စည်းတွေအဖြစ် ပြောင်းလဲဖန်တီးပေးနေတဲ့ တစ်ပိုင်တစ်နိုင် လက်မှုပညာရှင်တွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ဒီလို မြန်မာ့လက်မှုအနုပညာရှင်တွေအနေနဲ့ မြို့ပြစွန့်ပစ်ပစ္စည်းတွေကို ဘယ်လိုမျိုး အသုံးဝင်တဲ့ ပစ္စည်းတွေအဖြစ် အသက်သွင်းနေကြလဲဆိုရင်တော့

၁။ ပလတ်စတစ်အိတ်တွေကို တစ်လွှာချင်း ထပ်ပြီး ဖန်တီးခြင်း (The Fused Plastic Process)

တစ်ခါသုံး ပလတ်စတစ်အိတ်တွေဟာ ရေလမ်းကြောင်းတွေအတွက် တကယ့်ကို ခေါင်းခဲစရာ သဘာဝပတ်ဝန်းကျင် ပြဿနာတစ်ခုပါ။ ဒါကို ဖြေရှင်းဖို့အတွက် လက်မှုပညာရှင်တွေက စွန့်ပစ်ထားတဲ့ ပလတ်စတစ် (LDPE) အိတ်များ၊ စက်ရုံများမှ အသုံးပြုပြီးသား ထုတ်ပိုးမှုအိတ်များကို  သန့်စင်ပြီး အရောင်အလိုက် ခွဲခြားကြပါတယ်။ ပြီးရင်တော့ စနစ်တကျသတ်မှတ်ထားတဲ့ အပူချိန်တစ်ခုမှာ ဒီပလတ်စတစ်အိတ်တွေကို တစ်လွှာချင်းစီထပ်ပြီး (အနည်းဆုံး ၃ လွှာမှ အများဆုံး အလွှာ ၃၀ အထိ) ပေါင်းစပ်လိုက်ကြပါတယ်။ ရလဒ်ကတော့ အရည်ပျော်နေတဲ့ ပလတ်စတစ်တွေ မဟုတ်ပါဘူး။ ထူထဲပြီး ရေစိုခံတဲ့အပြင် လှပတဲ့ ပလတ်စတစ်အချပ်တစ်ခု ဖြစ်လာတာပါ။ ဒီအလွှာတွေကိုမှ ခိုင်ခံ့တဲ့ ဈေးဝယ်အိတ်တွေ၊ ခရီးဆောင်လက်ကိုင်အိတ်တွေနဲ့ အလှဆင်ပစ္စည်းတွေအဖြစ် ပြန်လည်ချုပ်လုပ်ကြပါတယ်။

၂။ အကြမ်းခံ ရာဘာတွေကို ပုံစံသစ်ဖော်ခြင်း (Tough-Grade Rubber Engineering)

ပေါက်ပြဲနေတဲ့ တာယာအတွင်းသားတွေ၊ စက်ရုံတွေက ထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေက ဘယ်လောက်ပဲ ကြာကြာ အမှိုက်ပုံထဲမှာ ဘယ်တော့မှ ဆွေးမြည့်မသွားနိုင်လောက်အောင် ကြံ့ခိုင်မှု အားကောင်းကြပါတယ်။ Upcycling မှာတော့ ဒီရာဘာကြမ်းတွေကို သန့်စင်တာ၊ ဖြတ်တောက်တာနဲ့ ပုံစံသစ်ဖော်တာတွေကို လုပ်ဆောင်ကြပါတယ်။ ဒီပစ္စည်းတွေက သဘာဝအတိုင်း ရေစိုခံ၊ အကြမ်းခံတာကြောင့် လက်ပ်တော့အိတ်တွေ၊ ပတ်စ်ပို့အိတ်တွေ စသဖြင့် ပြောင်းလဲပြီး အသုံးပြုလို့ရအောင် ဖန်တီးကြပါတယ်။

၃။ ဖန်ချက်လက်မှုပညာ (Artisanal Glass Blowing)

အသုံးပြုပြီး စွန့်ပစ်ထားတဲ့ ဖန်ပုလင်းတွေကို အမှိုက်ပုံထဲမှာ ဒီအတိုင်း ပုံထားမယ့်အစား ပညာရှင်တွေက အမှိုက်ကောက်ယူသူတွေရဲ့ ကွန်ရက်ဆီကနေ ပြန်လည်ဝယ်ယူကြပါတယ်။ ပြီးရင်တော့ ဖန်ပုလင်းတွေကို အမှုန့်ကြိတ်ပြီး အထူးပြုလုပ်ထားတဲ့ ဖိုတွေထဲမှာ အရည်ပျော်အောင် လုပ်လိုက်ကြပါတယ်။ အဲဒီလို အရည်ပျော်နေတဲ့ ဖန်ရည်တွေကိုမှ ခေတ်မီ ထမင်းစားပွဲသုံးပစ္စည်းတွေ၊ လှပတဲ့ ပန်းအိုးတွေနဲ့ ရိုးရှင်းဆန်းသစ်တဲ့ အိမ်အလှဆင်ပစ္စည်းတွေအဖြစ် ပါးစပ်ဖြင့်မှုတ်၍ဖြစ်စေ၊ လက်ဖြင့် ပုံသွင်း၍ ဖြစ်စေ ပြန်လည်ပုံဖော်ပြီး ဖန်တီးယူကြတာ ဖြစ်ပါတယ်။

ဒီလိုမျိုး Upcycling နဲ့ အနုပညာဖန်တီးမှုတွေကို လှတယ် (Hla Day) မှာ လေ့လာပြီး ဝယ်ယူနိုင်ပါတယ်။ တကယ်လို့ နောက်တစ်ခါ ကိုယ့်အိမ်အတွက် ပစ္စည်းတစ်ခုခု ဝယ်တော့မယ်ဆိုရင် ဒါမှမဟုတ် ချစ်ရသူတွေကို လက်ဆောင်ပေးဖို့ အဓိပ္ပာယ်ရှိတဲ့ပစ္စည်းတစ်ခုခု ရွေးချယ်တော့မယ်ဆိုရင် အခုလိုမျိုး သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုသလို အနုပညာဆန်ဆန် အဓိပ္ပာယ်ရှိတဲ့ Upcycling ပစ္စည်းလေးတွေကို သတိရဖို့ အကြံပြုလိုက်ပါရစေနော်။


Share

Comments

Related Posts