ကလေးငယ်တွေ ဉာဏ်ရည်ထက်မြက်စေမယ့် ကစားစရာများ

Posted in မိဘအုပ်ထိန်းခြင်း


ကိုယ့်ရဲ့ ကလေးငယ်တွေက အရုပ်ပူဆာတဲ့အခါ၊ ဒါမှမဟုတ် သူတို့ ဆော့ကစားဖို့အတွက် ကိုယ်တိုင် ကစားစရာအရုပ်လေးတွေ ရွေးချယ်ပေးတဲ့အခါမှာဆိုရင် တချို့က အပေါ်ယံပဲ ဆုံးဖြတ်ပြီး ဝယ်ပေးလိုက်လေ့ရှိကြပါတယ်။ တကယ်တမ်း ရွေးချယ်သင့်တာကတော့ ကလေးငယ်တွေလည်း ဆော့ကစားရတာ စိတ်ဝင်စားဖို့ကောင်းသလို သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပေးနိုင်မယ့် ကစားစရာမျိုးတွေ ရွေးချယ်ပေးသင့်ပါတယ်။ ကလေးရဲ့ အသက်အရွယ်အလိုက် ဘယ်လို ကစားစရာမျိုးတွေ ရွေးချယ်သင့်လဲဆိုတာကိုတော့ ဒီဆောင်းပါးလေးမှာ ပြောြပသွားမှာပါ။

ငါးနှစ်အောက် ကလေးငယ်များအတွက်

ဒီအရွယ်ဟာ ပထမဆုံး ဦးနှောက်နဲ့ ခန္ဓာကိုယ်စတင်ဖွံ့ဖြိုးတဲ့ အသက်အရွယ်ဖြစ်တဲ့အလျောက် ရိုးရှင်းပြီး ဖွံ့ဖြိုးမှုကို အ‌ထောက်အကူဖြစ်စေမယ့် ကစားစရာမျိုးတွေ ဝယ်ပေးသင့်ပါတယ်။ ဥပမာ အဝိုင်း၊ တြိဂံ၊ လေးထောင့် စတဲ့ ပုံစံလေးတွေကို သက်ဆိုင်ရာအပေါက်လေးတွေထဲကနေ ဘူးထဲကိုထည့်ရတဲ့ Shape sorter လို ကစားစရာမျိုးနဲ့ ဆော့ကစားစေမယ်ဆိုရင် အခြေခံပုံသဏ္ဍာန်လေးတွေနဲ့ ရင်းနှီးမှု ရရှိစေသလို ဖြတ်ထိုးဉာဏ်ကိုလည်း တိုးတက်စေပါတယ်။ ဒါ့အပြင် အရာဝတ္ထုတွေကို လက်နဲ့ ခိုင်ခိုင်မြဲမြဲကိုင်တတ်အောင် လေ့ကျင့်ရာလည်း ရောက်ပါသေးတယ်။

ငါးနှစ်မှ ဆယ်နှစ်အရွယ် ကလေးငယ်များအတွက်

ငါးနှစ်ကို ကျော်လာပြီး ဆယ်နှစ်အောက် ကလေးငယ်တွေဆိုရင်တော့ စူးစမ်းချင်စိတ်တွေ များလာသလို ဦးနှောက်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကလည်း အရှိန်ပိုမြင့်လာပါတယ်။ ဒီအချိန်မှာ သူတို့‌ဆော့ကစားတဲ့အရာတွေဟာ ဘဝတစ်လျှောက်လုံးကို သက်ရောက်မှုရှိသွားတတ်ပါတယ်။ ဒါကြောင့် ဒီအရွယ်မှာ ဦးနှောက်ကို များများလှုံ့ဆော်ပေးနိုင်တဲ့ ကစားစရာတွေကို ဝယ်ယူပေးသင့်ပါတယ်။ အကောင်းဆုံးကတော့ LEGO လိုမျိုး အတုံးလေးတွေဆက်ရတဲ့ ကစားစရာမျိုးဖြစ်ပါတယ်။ အဲဒီလို ကစားစရာတွေဟာ ကလေးငယ်တွေကို STEM လို့ခေါ်တဲ့ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာနယ်ပယ်တွေမှာ ထူးချွန်အောင် ကူညီပေးနိုင်တယ်လို့ ပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။

ဆယ်နှစ်အထက် ကလေးငယ်များအတွက်

အသက်ဆယ်နှစ်ကျော်လာတဲ့အခါမှာတော့ ကလေးငယ်တွေဟာ ပိုကျယ်ပြန့်ပြီး နက်ရှိုင်းတဲ့ နယ်ပယ်တွေကို လက်လှမ်းမီလာပြီဖြစ်ပါတယ်။ ဒီလိုအချိန်မှာတော့ ကစားစရာတွေဟာ ကစားစရာသပ်သပ်ပဲ မဖြစ်သင့်တော့ပါဘူး။ ပုံပေါ်လာအောင် အရုပ်ဆက်ရတဲ့ Jigsaw puzzle လိုမျိုး၊ ဒါမှမဟုတ် LEGO ကစားစရာတွေထဲမှာမှ ပိုအသေးစိတ်ပြီး များများဆက်ရတာမျိုးတွေ ဝယ်ပေးသင့်ပါတယ်။ ဉာဏ်ရည်ထက်မြက်တဲ့ ကလေးငယ်တွေဆိုရင် ဒီအချိန်မှာ အခြေခံ coding ကစားစရာတွေ၊ စက်ရုပ်တည်ဆောက်တဲ့ ကစားစရာတွေကိုလည်း မိတ်ဆက်ပေးသင့်ပါတယ်။

ကလေးငယ်တွေရဲ့ အနာဂတ်ဟာ သူတို့ကြီးပြင်းလာရတဲ့ ငယ်ဘဝတစ်လျှောက်လုံးပေါ်မှာ အများကြီးမူတည်နေပါတယ်။ ဒါကြောင့် ငြိမ်ရင်ပြီးရော၊ ပျော်ရင်ပြီးရော ဆိုတာမျိုးမဟုတ်ဘဲ အနာဂတ်အတွက်ပါ စဥ်းစားပြီး သေချာပြုစုပျိုးထောင်ကြဖို့ ဖေဖေ၊ မေမေတို့ကို တိုက်တွန်းလိုက်ပါရစေ။


Share

Comments

Related Posts