နွေရာသီနှင့် အပူလျှပ်ခြင်း အန္တရာယ်

Posted in ကျန်းမာရေး, အထွေထွေကျန်းမာရေး


နွေရာသီလို အပူချိန်လွန်ကဲတဲ့ အချိန်ကာလမျိုးမှာ ကြောက်စရာကောင်းတဲ့ အန္တရာယ်တစ်ခုကတော့ အပူလျှပ်တာပဲ ဖြစ်ပါတယ်။ အပူလျှပ်တာက အချိန်တိုအတွင်းမှာ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်တဲ့အတွက် ဘာကြောင့်ဖြစ်တတ်သလဲဆိုတဲ့ အကြောင်းအရင်း၊ အပူလျှပ်တဲ့ လက္ခဏာတွေနဲ့ ကာကွယ်ကုသနည်းတွေကို သိထားဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အဲဒီအချက်တွေကို အသေးစိတ် ပြောပြပေးသွားမှာဖြစ်ပါတယ်။

အပူလျှပ်ခြင်းဆိုတာ

အပူလျှပ်ခြင်း (Heatstroke) ဆိုတာကတော့ လူ့ခန္ဓာကိုယ်က အပူချိန်ကို အလိုအလျောက်မထိန်းညှိနိုင်တော့ဘဲ လွန်ကဲတဲ့ ကိုယ်အပူချိန်ကို ရောက်ရှိလာတာပဲဖြစ်ပါတယ်။ ယေဘုယျအားဖြင့် အပူလျှပ်ပြီဆိုရင် ကိုယ်အပူချိန်ဟာ 40°C (104°F) ထက် ကျော်လွန်သွားတတ်ပါတယ်။ ဒီနေရာမှာ အပူများခြင်း (Heat Exhaustion) နဲ့ အပူလျှပ်ခြင်း (Heatstroke) တို့က အနည်းငယ်ကွာခြားပါတယ်။ အပူများတာက ရှေ့ပြေး အဝါရောင်အဆင့်ဖြစ်ပြီး အပူလျှပ်တာကတော့ ပိုမိုပြင်းထန်တဲ့ အနီရောင်အဆင့်ဖြစ်ပါတယ်။ အပူများတဲ့ အခြေအနေမှာဆိုရင် ခန္ဓာကိုယ်ရဲ့ အလိုအလျောက် အေးမြအောင်ပြုလုပ်တဲ့စနစ်ဖြစ်တဲ့ ချွေးထွက်ခြင်းက အလုပ်လုပ်နေပြီး ချွေးထွက်များတာ၊ အပူချိန်မြင့်တက်လာတာကို ခံစားမိမှာဖြစ်ပါတယ်။ အပူလျှပ်ခြင်းကတော့ ဒီလိုမဟုတ်ပါဘူး။

အပူလျှပ်ခြင်း၏ အဓိက အကြောင်းအရင်းများ

အပူလျှပ်တဲ့နေရာမှာ ပုံမှန်အပူလျှပ်တာနဲ့ လှုပ်ရှားမှုများလို့ အပူလျှပ်တာ ဆိုပြီး နှစ်မျိုးခွဲခြားလို့ရပါတယ်။ ပုံမှန်အပူလျှပ်တာကတော့ အပူလွန်ကဲတဲ့ ပတ်ဝန်းကျင်မှာ အချိန်ကြာကြာ ထိတွေ့ခဲ့တာကြောင့် ဖြစ်လေ့ရှိပြီး အသက်အရွယ်ကြီးတဲ့သူတွေ၊ ကလေးငယ်တွေနဲ့ နာတာရှည်ရောဂါအခံ ရှိတဲ့သူတွေမှာ ပိုပြီး အဖြစ်များပါတယ်။ လှုပ်ရှားမှုများလို့ အပူလျှပ်တာကတော့ အပူချိန်မြင့်တက်နေတဲ့ အချိန်မှာ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်မိတာကြောင့် ဖြစ်တတ်တဲ့ အပူလျှပ်နည်းမျိုးဖြစ်ပါတယ်။ ဒါကတော့ လူငယ်တွေ၊ ကိုယ်ကာယနဲ့ အလုပ်လုပ်ရတဲ့ လူလတ်ပိုင်းတွေမှာ အဖြစ်များပါတယ်။

အပူလျှပ်ခြင်း လက္ခဏာများ

အရှေ့မှာ ပြောခဲ့သလိုပါပဲ။ အပူလျှပ်တဲ့ လက္ခဏာတွေက သာမန်အပူများတာနဲ့ မတူပါဘူး။ ထင်ရှားတဲ့ လက္ခဏာတွေကတော့ ကိုယ်အပူချိန်က 40°C (104°F) ထက် များလာတာ၊ ချွေးလုံးဝမထွက်တော့တာ၊ အသားအရည်က ခြောက်သွေ့ပြီး အနီရောင်ဖြစ်လာတာ၊ နှလုံးခုန်နှုန်းပြင်းပြီး မြန်လာတာ၊ မူးဝေအော့အန်တာနဲ့ စိတ်ဂယောင်ခြောက်ခြားဖြစ်ပြီး သတိလွတ်တာတွေ ဖြစ်တတ်ပါတယ်။ လှုပ်ရှားမှုများလို့ဖြစ်တဲ့ အပူလျှပ်ခြင်းမှာတော့ ချွေးမထွက်တာ မဟုတ်ဘဲ ချွေးထွက်လွန်နေတာမျိုး ဖြစ်နိုင်ပါတယ်။ အဓိက သတိထားရမယ့်လက္ခဏာကတော့ စိတ်ဂယောင်ခြောက်ခြားဖြစ်တာနဲ့ သတိလက်လွတ်ဖြစ်တာပါ။ ပုံမှန်အသိစိတ်ရှိနေတယ်ဆိုရင် အဲဒါက အပူများတဲ့ အခြေအနေမှာပဲရှိပြီး အပူလျော့ကျအောင် အမြန်ဆုံး လုပ်ဆောင်လို့ရပါတယ်။

အပူလျှပ်ခြင်းနဲ့ တွေ့ကြုံရတဲ့အခါ

အပူလျှပ်တာကို ကြုံရတဲ့အခါမှာ တစ်ယောက်တည်းဖြစ်နေမယ်ဆို အသက်အန္တရာယ်စိုးရိမ်ရပါတယ်။ ဒါကြောင့် ဘေးက အကူအညီရဖို့က အရေးအကြီးဆုံးပါပဲ။ တကယ်လို့ ကိုယ်ကိုယ်တိုင် ဒီလက္ခဏာတွေကို ကြုံတွေ့လာရပြီဆိုရင် တစ်ယောက်ယောက်ကို အမြန်ဆုံးအကူအညီတောင်းပါ။ အေးတဲ့နေရာကို အမြန်ဆုံးသွားပါ။ တကယ်လို့ ကိုယ့်အနီးဝန်းကျင်က တစ်ယောက်ယောက်မှာ အပူလျှပ်တဲ့ လက္ခဏာတွေ ကြုံလာရပြီဆိုရင်တော့ အရေးပေါ်ကို ဆက်သွယ်ပါ။ ပြီးရင် သူ့ကို အရိပ်အောက်၊ အေးမြတဲ့ နေရာကို ချက်ချင်းခေါ်သွားပြီး ထူထပ်တဲ့ အဝတ်တွေရှိရင် ဖယ်ရှားပေးပါ။ ခန္ဓာကိုယ် အပူချိန်ကို လျှော့ချဖို့ ရေပတ်တိုက်ပေးပါ။ တကယ်လို့ သတိကောင်းကောင်းရှိသေးတယ်ဆိုရင် ရေကို ဖြည်းဖြည်းချင်းတိုက်ပါ။

အပူလျှပ်တာကို ကာကွယ်ဖို့

ကာကွယ်ခြင်းကတော့ ဘယ်အတွက်မဆို အမြဲတမ်း ပိုကောင်းပါတယ်။ အထူးသဖြင့် အပူလျှပ်တာဟာ အချိန်တိုအတွင်းမှာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့အတွက် မဖြစ်အောင် ဂရုစိုက်နေတာက အကောင်းဆုံးပါပဲ။ ဒီအတွက်တော့ အရေးအကြီးဆုံးအချက်က ပူပြင်းတဲ့အချိန်တွေမှာ ရေကို များများသောက်ဖို့ပါပဲ။ နောက်ပြီး ပေါ့ပေါ့ပါးပါးနဲ့ လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေကိုပဲ ရွေးချယ်ပါ။ အပူချိန်အမြင့်ဆုံးဖြစ်တဲ့ နေ့လယ်ခင်းအချိန်တွေမှာ အတတ်နိုင်ဆုံး အပြင်မထွက်ပါနဲ့။ နောက်ပြီး အရက်သေစာနဲ့ ကဖိန်းဓာတ်ကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။

ဒါဆိုရင်တော့ အပူလျှပ်ခြင်း အန္တရာယ်အကြောင်းကို သေချာသိသွားကြမယ်လို့ ထင်ပါတယ်။ အသက်ကို ဉာဏ်စောင့် ဆိုတဲ့အတိုင်း ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အသိ၊ သတိနဲ့ အပူဒဏ်ကို ရင်ဆိုင်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။


Share

Comments

Related Posts