အိပ်ချိန် များလွန်း၊ နည်းလွန်းတာက ကျန်းမာရေးကို ဘယ်လိုသက်ရောက်နိုင်လဲ

Posted in ကျန်းမာရေး


အိပ်စက်ခြင်းနဲ့ ပတ်သက်လာပြီဆို အိပ်ချိန်များတာ ပိုကောင်းတာမျိုးလည်း မဟုတ်သလို အိပ်ချိန်နည်းတာကလည်း ကျန်းမာရေးအတွက် နည်းလမ်းကောင်းတစ်ခု မဟုတ်ပြန်ပါဘူး။ အရွယ်ရောက်ပြီးသူ တစ်ဦးရဲ့ ပုံမှန်အိပ်ချိန်မှာ တစ်နေ့ကို အနည်းဆုံး ၇နာရီ အိပ်စက်ချိန်ရှိသင့်ပြီး ဒါမှသာ တစ်နေ့တာအတွက် အပြည့်အဝ အနားရပြီး အားပြည့်စေတဲ့ ခံစားချက်ကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက် ဆောင်းပါးထဲမှာတော့ အိပ်ချိန်တွေက ပုံမှန်မရှိနေဘဲ များနေတာ သို့ နည်းနေတာတွေက ကျန်းမာရေးအတွက် ဘယ်လိုဆက်စပ်နေနိုင်လဲဆိုတာ ဖော်ပြပေးသွားမှာမလို့ အဆုံးထိ ဖတ်ကြည့်လိုက်နော်။  

အိပ်စက်ချိန် နည်းနေပြီဆို 

တစ်ရက်လောက် အိပ်ရေးမဝတော့တာနဲ့ စိတ်မကြည်တာ၊ လေးလံထိုင်းမှိုင်းနေတာမျိုးတွေက လူငယ်တော်တော်များများ နေ့တိုင်းနီးပါးလောက် ဖြစ်နေတတ်ကျတာမလို့ တစ်ညလောက် အိပ်ရေးပျက်တာဘဲ ဘာမှမဖြစ်ပါဘူးလို့ တွေးကြပါတယ်။ ဒါပေမဲ့ ဒီလိုအိပ်ချိန်နည်းနေတာကို မသိလိုက် မသိဘာသာနဲ့ ပုံမှန် အ‌လေ့အကျင့်တစ်ခုလို ဖြစ်လာပြီး ညတိုင်း အိပ်ချိန် ၅နာရီ၊ ၆နာရီလောက်နဲ့ ကော်ဖီသောက်ကာ နေတတ်လာကြပါတယ်။ ဒီလိုအကြောင်းအမျိုးမျိုးကြောင့် အိပ်ချိန်က ၇ နာရီ အောက် နည်းနေတာမလို့ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုနဲ့ စိတ်ခံစားချက်တွေ အပေါ် စတင် ထိခိုက်လာတယ်။ ပြီးရင် နောက်ဆက်တွဲအနေနဲ့ အဝလွန်တာ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်တာနဲ့ စိတ်ပိုင်းဆိုင်ရာအရ စိုးရိမ်ပူပန်လွန်တာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်ပွားနိုင်ခြေများတယ်လို့ CDC ရဲ့ ဆောင်းပါးမှာ ဖတ်ရှုနိုင်တာပါ။ ဒါကြောင့် အိပ်ရေးပျက်တာဟာ ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး နေ့စဥ်လုပ်ငန်းဆောင်တာတွေမှာလည်း အမှားအယွင်းတွေ၊ မတော်တဆတွေ အဖြစ်များစေနိုင်တာပါပဲ။ 

အိပ်စက်ချိန် များနေပြီဆို

အိပ်ချိန်များတာက ကျန်းမာရေးအတွက် ဆိုးကျိုးတွေရှိနေတာမျိုး မဟုတ်ပေမဲ့ နေမကောင်းတဲ့သူ၊ အိပ်ရေးပျက်လွယ်တဲ့ လူငယ်တွေအတွက်တော့ အပိုအိပ်စက်ချိန်တွေနဲ့ ပြန်လည်အားဖြည့်ခြင်းတစ်မျိုးပါပဲ။ တစ်ခုရှိတာက တစ်နေ့ ၉နာရီထက် ပိုပြီးအိပ်နေတာက အိပ်စက်ချိန်မှာ ဦးနှောက်နဲ့ ကိုယ်ခန္ဓာက အပြည့်အဝ အနားမရနေတာမျိုးလည်း ဖြစ်နိုင်သလို တခြားကျန်းမာရေးပြဿနာတစ်ခုခုကြောင့် အမြဲအိပ်ချင်နေမိတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်တာပါ။ နာရီပေါင်းများစွာ အိပ်စက်ပေမဲ့လည်း လူက ပင်ပန်းနွမ်းနယ်နေဆဲ ဖြစ်ပြီး၊ ဟောက်သံကျယ်ကျယ်နဲ့ အိပ်တာ၊ အသက်ရှူကြပ်ပြီး နိုးလာတာ၊ နေ့ဘက်မှာလည်း တက်ကြွလန်းဆန်းမနေဘဲ အမြဲအိပ်ငိုက်နေတာမျိုးတွေ ဖြစ်နေပြီဆို ကျွမ်းကျင်ရာဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ 

ဆိုတော့ … အိပ်စက်ချိန် ပုံမှန်ဘယ်လောက်ရှိသင့်လဲ

ကျန်းမာရေးအရ အသက်အရွယ်အလိုက် အိပ်စက်ချိန်တွေ ကွာခြားပါတယ်။ ပုံမှန်အားဖြင့် အရွယ်ရောက်ပြီး 

  • အသက် ၆ မှ ၁၂ နှစ် ကလေးတွေဆိုရင် ၉နာရီ မှ ၁၂ နာရီ
  • အသက် ၁၃ မှ ၁၇ နှစ် ဆယ်ကျော်သက်တွေဆိုရင် ၈နာရီ မှ ၁၀ နာရီ
  • အသက် ၁၈ မှ ၆၀ နှစ်ဆိုရင် ၇နာရီ
  • ၆၀ နှစ် အထက်ဆိုရင်  ၇နာရီ မှ ၈နာရီ  ရှိသင့်တာပါ။

ဒါကြောင့် ပိုမိုကောင်းမွန်ကျန်းမာတဲ့ အိပ်စက်ချိန် ရဖို့ဆို အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်တွေကို  အချိန်သတ်သတ်မှတ်မှတ် ထားထားပြီး အိပ်ခန်းကို သက်တောင့်သက်သာနဲ့ မီးရောင်ဖျော့ဖျော့ ထားပေးတာ အကောင်းဆုံးဖြစ်မှာပါ။ ညနေပိုင်းတွေမှာ ကော်ဖီသောက်တာကို လျော့ချပြီး မအိပ်ခင် ဖုန်းကြည့်တာမျိုးတွေကိုလည်း ရှောင်ကြဥ်ပေးသင့်ပါတယ်။ ဒါမှသာ အိပ်စက်ချိန် မနည်းလွန်း၊ မများလွန်းဘဲ လုံလုံလောက်လောက်နဲ့ ကောင်းမွန်ပြည့်ဝတဲ့ အနားယူချိန်လေးကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။


Share

Comments

Related Posts