
ဘာမဆို သင်လွယ်၊ တတ်လွယ်၊ အတုယူလွယ်တဲ့ ကလေးတွေဟာ စာသင်ခန်းထဲမှာတင် မဟုတ်ဘဲ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ နေရာတိုင်းကနေ လေ့လာသင်ယူနိုင်စွမ်း အရမ်းကောင်းမွန်ကြပါတယ်။ မိဘတွေကတော့ ကလေးတွေ စတင်ထိတွေ့ရတဲ့ ပထမဆုံးသော ဆရာတွေ ဖြစ်တာကြောင့် ဘာသာစကားနဲ့ နေ့စဥ်လူနေမှုပုံစံတွေကို သင်ယူနိုင်ဖို့ ကူညီပေးကြပါတယ်။ ပြီးရင် ဆရာ၊ ဆရာမတွေက တစ်ဆင့် ပညာသင်ယူတာ၊ သူငယ်ချင်းဖွဲ့တာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ဆက်လက် အားပေးကူညီကြပါတယ်။ ဒီလိုအထောက်အပံ့ကောင်းတဲ့ သင်ယူမှုပတ်ဝန်းကျင် ရှိနေမှ ကလေးတွေရဲ့ ပညာရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ရှိနေမှ ဖြစ်တဲ့အတွက် မိဘနဲ့ ဆရာတွေက ဘယ်လိုအပေးအယူ မျှမျှတတ ရှိသင့်လဲဆိုတာ ဒီဆောင်းပါးလေးမှာ အဆုံးထိ ဖတ်ကြည့်လိုက်ရအောင်ပါ။

ကျောင်းမှာ မိဘသဖွယ် ဖြစ်ကြတဲ့ ဆရာများ
ဆရာ၊ ဆရာမ ဆိုတာ စာပေသင်ကြားပေးခြင်းထက် အများကြီးပိုတဲ့ အနာဂတ်အတွက် ဦးဆောင်လမ်းပြသူတွေ ဖြစ်ပါတယ်။ သူတို့က ဘာသာရပ်မျိုးစုံကို ရှင်းပြ သင်ကြားပေးတာတင်မဟုတ်ဘဲ ကလေးတွေကို သေချာနားထောင်ပေးပြီး အမြင်မတော်တာတွေ ရှိနေတယ်ဆို သတိပြုပြင်ဆင်ပေးကာ ကြိုးစားမှုအတွက်လည်း အားပေးချီးကျုးတတ်ကြတာပါ။ ဒါကြောင့် မိဘနဲ့ အတူမရှိနေတဲ့ ကျောင်းတက်ချိန်လေးမှာ ကလေးတွေအတွက် ဆရာ၊ဆရာမတွေက လုံခြုံစိတ်ချရတဲ့ စာသင်ခန်းပတ်ဝန်းကျင်နဲ့ စူးစမ်းလေ့လာ၊ သင်ယူတက်မြောက်မှုတွေကို ဖန်တီးပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဒီလို စောင့်ရှောက်ပေးမှုကြောင့် ကလေးတွေက ကျောင်းမှာ လုံခြုံစိတ်ချမှုနဲ့ စိတ်အားထက်သန်မှုတွေ ရှိစေပြီး ကျောင်းတက်ဖို့ ကြောက်နေ၊ တွန့်ဆုတ်နေတာတွေ မရှိတော့ဘဲ ကျောင်းပျော်လေးတွေ ဖြစ်စေနိုင်မှာပါ။

အိမ်မှာ ဆရာသဖွယ် ဖြစ်ကြတဲ့ မိဘများ
မွေးခါစ အချိန်လေးတွေကနေ အသက်အရွယ်တစ်ခု ရောက်တဲ့အထိ အနီးကပ်ဆုံးမှာ ရှိနေတဲ့ အုပ်ထိန်းသူမိဘတွေက သူတို့ရဲ့ ပုံမှန်လုပ်ရိုးလုပ်စဥ်တွေက တစ်ဆင့် သဘာဝကျကျ သင်ကြားပေးသွားကြတာပါ။ ချက်ပြုတ်တာ၊ အိမ်သန့်ရှင်းရေးလုပ်တာ၊ စာဖတ်တာ၊ ကစားတာ၊ စကားပြောတာ စတာတွေက ကလေးတွေရဲ့ ဘာသာစကားတက်မြောက်မှု၊ ကိုယ်ပိုင်ရပ်တည်နိုင်မှု၊ ပြဿနာဖြေရှင်းနိုင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ နားလည်မှုတွေအထိ ဖွံ့ဖြိုးတိုးတက်စေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် စာသင်ခန်းထဲမှာမှ သင်ယူတိုးတက်မှုတွေ ရှိမှာမဟုတ်ဘဲ အိမ်မှာပဲ နေ့စဥ်လုပ်ငန်းဆောင်တာတွေက တစ်ဆင့် သင်ပြ၊ ရှင်းပြ၊ နားထောင်ပေးခြင်းတွေကလည်း ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ကောင်းဖြစ်စေပါတယ်။

အရေးကြီးတဲ့ မိဘ၊ဆရာ ပူးပေါင်းဆောင်ရွက်မှု
မိဘတွေနဲ့ ဆရာ၊ ဆရာမတွေဟာ ကလေးတစ်ယောက်ချင်းစီကို မတူညီတဲ့ရှုထောင့်ကနေ သိမြင်တတ်ကြပါတယ်။ မိဘတွေက ကိုယ့်ကလေးရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စူးစမ်းလေ့လာနိုင်စွမ်းတွေကို မြင်တွေ့တတ်ကြကြီး ဆရာ၊ ဆရာမတွေကတော့ စာသင်ခန်းတွင်း ပညာသင်ယူနိုင်စွမ်းတွေနဲ့ လူမှုဆက်ဆံရေးတွေကို စောင့်ကြည့်လေ့လာနိုင်တာပါ။ ဒီလိုလေ့လာတွေ့ရှိတာတွေကို မိဘ၊ ဆရာ အချင်းချင်း မျှဝေတာက ကိုယ့်ကလေးရဲ့ သဘောသဘာဝလေးတွေ၊ ပြောင်းလဲတိုးတက်မှုတွေကို နားလည်ပြီး လိုအပ်လာမယ့် အထောက်အပံ့ကောင်းတွေကို ပံ့ပိုးကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ အခုလို အပြုသဘောဆောင်တဲ့ မိဘ၊ ဆရာ ပူးပေါင်းဆက်ဆံရေးကပဲ ကလေးတွေရဲ့ ကျန်းမာပျော်ရွှင်မှုနဲ့ ဘဝတိုးတက်မြင့်မားရေးအတွက် အကူအညီကောင်း ဖြစ်စေမှာပါ။
မိဘနဲ့ ဆရာဆိုတာ သားသမီးလေးတွေကို ပျော်ရွှင်ကျန်းမာပြီး ယုံကြည်မှုအပြည့်နဲ့ တိုးတက်အောင်မြင်စေလိုတဲ့ တူညီတဲ့ရည်မှန်းချက် ရှိကြစမြဲမို့ နှစ်ဦးနှစ်ဖက် ချိတ်ဆက်ဆောင်ရွက်နိုင်မယ်ဆို ကလေးတွေ အနာဂတ်အတွက် အကျိုးကျေးဇူးကောင်း ရှိစေမှာ မလွဲဧကန်ပါပဲ။
Comments