အိမ်မှာ ချက်စားတိုင်း ကျန်းမာရေးနဲ့ ညီညွတ်တာ မဟုတ်ပါ

Posted in အစားအစာ


အစားအသောက်တွေကို ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပြီး စားသောက်တာဟာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးပဲလို့ ယေဘုယျအားဖြင့် ဆိုလို့ရပါတယ်။ ဒါပေမဲ့ တကယ်တမ်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ချက်ပြုတ်ပြင်ဆင်ခြင်းဖြစ်ဖို့အတွက် ရှောင်ကြဉ်ရမယ့်အချက်တွေ ရှိပါတယ်။ မရှောင်ကြဉ်ဘူးဆိုရင်တော့ အပြင်စာတွေ ဝယ်စားတာနဲ့ အတူတူ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ ဖြစ်သွားမှာပါပဲ။ အလုပ်ရှုပ်တာပဲ အဖတ်တင်သွားပါလိမ့်မယ်။ ဒီတော့ ဘယ်အချက်တွေလဲဆိုတာ ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

“ငါ ဒီနေ့ လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေရယ်၊ အဆီနည်းတဲ့ ကြက်သားရယ် ချက်စားမှာဆိုတော့ ကျန်းမာရေးနဲ့ ညီညွတ်နေပြီ” လို့ အလွယ်လေး တွေးလိုက်လို့ရပါတယ်။ ဒါပေမဲ့ အသေးစိတ်ကြည့်လိုက်တဲ့အချိန်မှာတော့ တခြားဟင်းခတ်အမွှေးအကြိုင်တွေထဲမှာ အချိုမှုန့်တွေ၊ ဟင်းခတ်မှုန့်တွေ အများကြီးထည့်မယ်၊ စားအုန်းဆီတွေ သုံးမယ်၊ အသင့်လုပ်ထားတဲ့ ဆော့စ်တွေနဲ့ စားမယ် ဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တယ် ဆိုတဲ့ လမ်းကြောင်းက ချွတ်ချော်သွားပါပြီ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ဖြစ်ဖို့ဆိုတာ ပါဝင်သမျှ ပစ္စည်းတွေအကုန်လုံးက သဘာဝနဲ့ နီးစပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်နေဖို့ အရေးကြီးပါတယ်။

ဒါဆိုရင် ဘယ်လိုပြင်ဆင်မလဲ? - အတတ်နိုင်ဆုံး အချိုမှုန့်တွေ၊ ဟင်းခတ်မှုန့်တွေ မသုံးပါနဲ့။ အဲဒီအစား သဘာဝဟင်းခတ်အမွှေးအကြိုင်တွေဖြစ်တဲ့ ဂျင်း၊ ကြက်သွန် စတာတွေနဲ့ ချက်ပြုတ်ပါ။ ဆီကို သံလွင်ဆီ၊ နေကြာဆီ စသဖြင့် ကျန်းမာရေးနဲ့ ပိုပြီး ညီညွတ်တဲ့ ဆီတွေသုံးပါ။ ဆားလျှော့စားပါ။

စနစ်တကျ ချက်ပြုတ်ခြင်း

ပါဝင်ပစ္စည်းတွေကတော့ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်၊ ဒါပေမဲ့ ချက်ပြုတ်တဲ့နေရာမှာ လွဲနေမယ် ဆိုရင်လည်း မရပြန်ပါဘူး။

ဟင်းသီးဟင်းရွက်တွေဆိုရင် အပူနဲ့ ၁၀ - ၁၅ မိနစ်လောက်ပဲ အလွန်ဆုံးထိတွေ့သင့်ပါတယ်။ အတတ်နိုင်ဆုံး ရေစင်အောင်ဆေးပြီး အစိမ်းစားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ ဟင်းသီးဟင်းရွက်တွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ အများကြီးပါဝင်ပေမဲ့ အင်မတန်နူးညံ့သိမ်မွေ့ကြပါတယ်။ အပူရှိန်နဲ့ ကြာရှည်ထိတွေ့ရင် ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ပျောက်ကွယ်သွားတဲ့အတွက် ဘာအာဟာရမှမရှိတဲ့ အသီးအရွက်တွေကို ထိုင်စားနေရသလို ဖြစ်နေပါလိမ့်မယ်။

အသားတွေ ချက်ပြုတ်တဲ့နေရာမှာတော့ ဖြစ်တတ်တာက နှစ်မျိုးရှိပါတယ်။ အလွန်အကျွံချက်ပြုတ်တာနဲ့ အလုံအလောက်မချက်ပြုတ်တာပါ။ အလွန်အကျွံဆိုတဲ့နေရာမှာတော့ အများအားဖြင့် ကင်စားတဲ့အခါမျိုးမှာ အပြင်လွှာတွေ တူးသွားတဲ့အထိ ကင်တာမျိုးဖြစ်ပါတယ်။ အလုံအလောက်မချက်ပြုတ်တာကတော့ အသားတွေကို ကျက်တဲ့အထိ ချက်တာ၊ ပြုတ်တာ၊ ကင်တာမျိုး မလုပ်တာတွေ အကုန်ပါဝင်ပါတယ်။ တူးသွားတဲ့အခါ အန္တရာယ်ရှိတဲ့ ဒြပ်ပေါင်းအသစ်တွေ ပေါ်လာပြီး မကျက်တဲ့အခါမှာတော့ မသေသွားတဲ့ ရောဂါပိုးမွှားတွေ ခန္ဓာကိုယ်ထဲ ရောက်သွားပါလိမ့်မယ်။

နောက်တစ်ခုကတော့ အသုံးပြုတဲ့ ဆီပါ။ အထူးသဖြင့် ကြော်လှော်တဲ့အခါမျိုးမှာ ကျန်နေတဲ့ ဆီတွေကို ပြန်သုံးလေ့ရှိကြပါတယ်။ အဲဒါက အပြင်စာတွေမှာ အများဆုံးတွေ့ရတတ်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်မှု မရှိဆုံးအချက်တစ်ချက်ပါ။ အိမ်မှာချက်ပြုတ်ပေမဲ့လည်း အဲဒီလိုပဲ ဆီအကျန်တွေ ပြန်သုံးနေမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းလျာတွေ ဖြစ်လာမှာမဟုတ်ပါဘူး။

ဒါဆိုရင် ဘယ်လိုချက်ပြုတ်မလဲ? - ဟင်းသီးဟင်းရွက်တွေကို ရေသေချာဆေးပြီး ဖြစ်နိုင်ရင် အစိမ်းအတိုင်းစားပါ။ ချက်စားမယ်ဆိုရင် အပူနဲ့ ကြာရှည်မထိတွေ့ပါစေနဲ့။ အသားတွေကို ကျက်အောင်ချက်ပါ။ အလွန်အကျွံတော့ မဖြစ်ပါစေနဲ့။ ဆီကို လိုသလောက်လေးပဲ ထည့်ပြီး သုံးပြီးသားဆီကျန်တွေလည်း ပြန်မသုံးပါနဲ့။

သိမ်းဆည်းခြင်း

တချို့ကတော့ တစ်ခါတည်းချက်၊ တစ်ခါတည်း အကုန်စားလိုက်လေ့ရှိကြပေမဲ့ တချို့ကတော့ တစ်နေ့လုံးစာ မနက်ကတည်းက ချက်ပြုတ်ခဲ့တာ ဒါမှမဟုတ် ကျန်နေတဲ့ အစားအသောက်တွေကို နောက်မှ ဆက်စားမယ်ဆိုပြီး ချန်ထားတာမျိုး လုပ်လေ့ရှိကြပါတယ်။ အဲဒီနေရာမှာ အရေးကြီးတာကတော့ ဘယ်လိုသိမ်းဆည်းထားလဲ ဆိုတာပါပဲ။ တချို့က ဒီတိုင်းပဲ စားပွဲပေါ်မှာ၊ အခန်းထဲမှာ ထားထားလေ့ရှိကြပါတယ်။ မြန်မာနိုင်ငံလို ပူအိုက်စွတ်စိုတဲ့ ရာသီဥတုရှိတဲ့ အရပ်ဒေသတွေမှာ အဲဒါက အန္တရာယ်များတဲ့ လုပ်ရပ်ပါပဲ။ အခန်းအပူချိန်မှာ ၂ နာရီထက်ပိုပြီး ဟင်းတွေကို ထားမယ်ဆိုရင် ဘက်တီးရီးယားတွေကို ဖိတ်ခေါ်သလိုဖြစ်ပြီး ရောဂါတွေဖြစ်ဖို့ အားပေးနေတဲ့ အချက်တစ်ခု ဖြစ်သွားပါလိမ့်မယ်။

ဒါဆိုရင် ဘယ်လို သိမ်းဆည်းကြမလဲ? - ဖြစ်နိုင်ရင်တော့ တစ်ခါတည်းချက်ပြီး တစ်ခါတည်း ကုန်အောင်စားပါ။ မဟုတ်ရင်တော့ ကျန်နေတဲ့ အစားအသောက်တွေကို ရေခဲသေတ္တာထဲမှာ သိမ်းဆည်းပါ။

ဒီအချက်တွေကို လိုက်နာမှသာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ချက်ပြုတ်ပြင်ဆင်မှုဖြစ်ပြီး အချိန်ကုန်၊ လူပင်ပန်းရကျိုးနပ်မှာဖြစ်ပါတယ်။ လိုက်နာဖို့လည်း ခက်ခဲတဲ့ကိစ္စတွေမဟုတ်တာကြောင့် အိမ်မှာ ကျန်းမာရေးနဲ့အညီ ချက်ပြုတ်ပြင်ဆင်မယ်ဆိုရင် ဒါလေးတွေ မမေ့ဖို့ တိုက်တွန်းလိုက်ပါရစေနော်။


Share

Comments

Related Posts