ဟန်တာဗိုင်းရပ်စ် (Hantavirus) အကြောင်း သိကောင်းစရာ

Posted in ကျန်းမာရေး


မကြာသေးမီ ဧပြီလကုန်၊ မေလဆန်းလောက်မှာ ဟန်တာဗိုင်းရပ်စ် (Hantavirus) အမျိုးအစားတစ်ခုဖြစ်တဲ့ Andes virus ကို ပြန်လည်တွေ့ရှိလာပြီး ကမ္ဘာတစ်ဝန်းမှာ လူပြောများတဲ့ ကိစ္စတစ်ခု ဖြစ်နေပါတယ်။ ဒီဆောင်းပါးလေးမှာ‌တော့ ဟန်တာဗိုင်းရပ်စ် (Hantavirus) ရဲ့ သမိုင်းကြောင်း၊ လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ရောဂါလက္ခဏာတွေအကြောင်းကို အသေးစိတ်ပြောပြပေးသွားမှာပါ။

လတ်တလောဖြစ်ပွားမှု

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်က အာဂျင်တီးနားနိုင်ငံကနေ အနောက်အာဖရိကနဲ့ ဥရောပကို ခရီးစဉ်ထွက်ခွာနေတဲ့ MV Hondius နာမည်ရ အပျော်စီးသင်္ဘောပေါ်မှာ ဟန်တာဗိုင်းရပ်စ် (Hantavirus) ကို တွေ့ရှိခဲ့ပါတယ်။ အဲဒီသင်္ဘောပေါ်မှာတော့ လိုက်ပါစီးနင်းသူ ၁၅၀ ခန့်နဲ့ သင်္ဘောအမှုထမ်းတွေ ပါဝင်လာပြီး လက်ရှိမှာတော့ ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်ခံထားရသူ ရှစ်ဦးအထိ အတည်ပြုထားနိုင်ပြီး သေဆုံးသူ သုံးဦးအထိရှိလာပါတယ်။ စစ်ဆေးမှုတွေအရ ဒီဗိုင်းရပ်စ်ဟာ ဟန်တာဗိုင်းရပ်စ် (Hantavirus) ရဲ့ မျိုးကွဲတစ်ခုဖြစ်တဲ့ Andes virus ဖြစ်ကြောင်း အတည်ပြုထားပြီး လူအချင်းချင်းကူးစက်နိုင်တဲ့ မျိုးကွဲတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာတော့ အပျော်စီးသင်္ဘော MV Hondius ပေါ်က ခရီးသည်တွေနဲ့ အမှုထမ်းတွေကို သက်ဆိုင်ရာအခန်းတွေမှာ သီးသန့်ခွဲခြားထားပြီး WHO နဲ့ ဥရောပ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်‌ရေးစင်တာ (ECDC) တို့ ပူးပေါင်းပြီး ထိန်းချုပ်ကုသမှုတွေကို လုပ်ဆောင်နေကြပါတယ်။

ဟန်တာဗိုင်းရပ်စ် (Hantavirus) စတင်တွေ့ရှိခဲ့သော အပျော်စီးသင်္ဘော MV Hondius

ဟန်တာဗိုင်းရပ်စ် (Hantavirus) ရဲ့ သမိုင်းကြောင်း

တကယ်တော့ ဟန်တာဗိုင်းရပ်စ် (Hantavirus) ဆိုတာဟာ အခုမှ ပေါ်ပေါက်လာတာတော့ မဟုတ်ပါဘူး။ ၁၅ - ၁၆ ရာစုလောက်မှာကတည်းက ဟန်တာဗိုင်းရပ်စ် (Hantavirus) နဲ့ ဆင်တူတဲ့ ရောဂါမျိုး ဖြစ်ပွားခဲ့ဖူးပြီး ၁၉၅၀ - ၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲအတွင်းမှာလည်း စစ်သားပေါင်းသုံးထောင်ကျော်လောက်မှာ တူညီတဲ့ရောဂါလက္ခဏာတွေ တွေ့ခဲ့ရတဲ့ မှတ်တမ်းတွေ ရှိပါတယ်။ အဲဒီအချိန်တုန်းက ဖြစ်ပွားလေ့ရှိတဲ့ ဗိုင်းရပ်စ်ကတော့ အာရှနဲ့ ဥရောပတစ်ဝိုက်မှာ အခြေပြုခဲ့ပြီး ရောဂါလက္ခဏာအားဖြင့် ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းကို တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်မျိုးဖြစ်ပါတယ်။

 ၁၉၇၆ ခုနှစ်မှာတော့ တောင်ကိုရီးယားနိုင်ငံက ဗိုင်းရပ်စ်သုတေသနပညာရှင် ဒေါက်တာ Ho Wang Lee က ဟန်တန်မြစ်နားက ကြွက်တွေဆီမှာ ဒီဗိုင်းရပ်စ်ကို အတည်ပြုပေးနိုင်ခဲ့ပါတယ်။ ဟန်တန်မြစ်ကို အစွဲပြုပြီး အမည်ပေးခဲ့တဲ့အတွက် ဟန်တာဗိုင်းရပ်စ် (Hantavirus) ဆိုတဲ့နာမည်ကို ရရှိထားတာဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်လောက်အထိ ဟန်တာဗိုင်းရပ်စ် (Hantavirus) ဟာ ကျောက်ကပ်ကို ထိခိုက်စေတဲ့ ဗိုင်းရပ်စ်အဖြစ် တည်ရှိခဲ့ပြီး ကမ္ဘာဟောင်း (Old World) ပြဿနာတစ်ခုအဖြစ် မှတ်တမ်းတင်ထားရှိခဲ့ပါတယ်။

၁၉၉၃ ခုနှစ်နောက်ပိုင်းမှာတော့ ဟန်တာဗိုင်းရပ်စ် (Hantavirus) ဟာ ပုံစံပြောင်းလဲလာတာကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ၁၉၉၆ ခုနှစ်၊ အာဂျင်တီးနားနိုင်ငံမှာ အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်တဲ့ ဟန်တာဗိုင်းရပ်စ် (Hantavirus) အမျိုးအစားအသစ်ကို စတင်အတည်ပြုနိုင်ခဲ့ပါတယ်။ အဲဒါကတော့ အခုလက်ရှိ MV Hondius သင်္ဘောပေါ်မှာ တွေ့ရှိထားတဲ့ Andes virus အမျိုးအစားပဲဖြစ်ပါတယ်။ မူလ ဟန်တာဗိုင်းရပ်စ် (Hantavirus) ဟာ ရှဥ့်၊ ကြွက်တို့လို ကိုက်ဖြတ်တတ်တဲ့ သတ္တဝါတွေကနေတစ်ဆင့် လူကို ကူးစက်နိုင်တဲ့ ပုံစံဖြစ်ပြီး Andes virus မျိုးကွဲကတော့ လူအချင်းချင်း ကူးစက်နိုင်တဲ့ပုံစံကို ကူးပြောင်းလာခဲ့တာပါ။

ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်ပုံနဲ့ ရောဂါလက္ခဏာများ

လက်ရှိဖြစ်ပွားနေတဲ့ ဟန်တာဗိုင်းရပ်စ် (Hantavirus) မျိုးကွဲ Andes virus က လူအချင်းချင်းကူးစက်နိုင်တယ်ဆိုပေမဲ့ အလွန်နီးစပ်ပြီး ကြာရှည်တဲ့ ထိတွေ့မှု (ဥပမာ အတူတူ အိပ်ရာတစ်ခုတည်း အိပ်တာ၊ အစားအသောက်တစ်ခုကို အတူတူမျှဝေစားသောက်တာ) ကို လိုအပ်ပါတယ်။ လေထဲက ကူးစက်မှု မရှိနိုင်သလို သာမန်ဖြတ်လျှောက်သွားရုံနဲ့လည်း မကူးစက်နိုင်ပါဘူး။

ရောဂါလက္ခဏာတွေအနေနဲ့တော့ အစောပိုင်းမှာ တုပ်ကွေးနဲ့ဆင်တူတဲ့ ဖျားနာခြင်း၊ မူးဝေခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်လေ့ရှိပါတယ်။ ၄ရက်နဲ့ ၁၀ ရက်အတွင်းမှာတော့ ပြင်းထန်တဲ့ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခြင်းတွေ ဖြစ်လာနိုင်ပြီး ဗိုင်းရပ်စ်ရဲ့ အဓိက အဆိုးဆုံးတိုက်ခိုက်မှုဖြစ်တဲ့ အဆုတ်မှာ အရည်တွေပြည့်လာတာမျိုးကို ကြုံတွေ့ရနိုင်ပါတယ်။

လက်ရှိအခြေအနေ

အခုလက်တလော ရောဂါပြန့်ပွားမှုကတော့ MV Hondius သင်္ဘောပေါ်မှာ ကျန်ရှိတဲ့ ခရီးသည်တွေနဲ့ နေရပ်ကို ပြန်သွားကြတဲ့ ၁၂ နိုင်ငံက ခရီးသည်တွေကို စောင့်ကြည့်နေတဲ့ အခြေအနေမှာရှိပြီး အရှေ့မှာပြောခဲ့သလိုပဲ ရောဂါပြန့်ပွားဖို့အတွက်က အလွန်နီးကပ်ပြီး ကြာရှည်ထိတွေ့မှုကို လိုအပ်တာဖြစ်တဲ့အတွက် WHO တို့လို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးတွေကတော့ COVID-19 လို စိုးရိမ်ရတဲ့ ကပ်ရောဂါမျိုး ဖြစ်လာမှာမဟုတ်ဘူးလို့ အခိုင်အမာယုံကြည်ထားကြပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကုသဖို့အတွက် ဆေးမရှိသေးတဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့အတွက် ကြိုတင်ကာကွယ်ထားဖို့ကတော့ အရေးကြီးပါတယ်။ အဓိကအားဖြင့်တော့ မိမိကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်မှာ ရောဂါလက္ခဏာတွေကို စောင့်ကြည့်ဖို့၊ ကြွက်လိုမျိုး သတ္တဝါတွေနဲ့ ထိတွေ့မှုကို အတတ်နိုင်ဆုံးရှောင်ရှားဖို့ကတော့ လက်ရှိမှာ လုပ်ဆောင်သင့်ပါတယ်။

ဟန်တာဗိုင်းရပ်စ် (Hantavirus) အကြောင်းကို သိရှိပြီး ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဒီဆောင်းပါးလေးကနေ မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။ အားလုံးပဲ ရောဂါဆိုးတွေ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်တဲ့နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။


Share

Comments

Related Posts