
ပလတ်စတစ်လို့ပြောလိုက်ရင် ဆွေးမြေ့ဖို့ခက်ခဲပြီး သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးနေတဲ့ ပစ္စည်းအဖြစ် သိထားလေ့ရှိကြပါတယ်။ တကယ်တော့ သဘာဝပတ်ဝန်းကျင်ကိုတင် မကပါဘူး၊ အခုဆိုရင် လူတွေရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကိုပါ တိတ်တဆိတ်ဒုက္ခပေးနေတဲ့ ပစ္စည်းတစ်မျိုးဖြစ်နေပါပြီ။ ဘယ်လိုဒုက္ခပေးနေလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ပြောပြသွားပါမယ်။
အားလုံးသိပြီးဖြစ်တဲ့အတိုင်း ပလတ်စတစ်တွေဆိုတာ နှစ်ပေါင်းသန်းနဲ့ချီပြီး မဆွေးမြေ့၊ မပျက်စီးဘဲ ရှိနေနိုင်တဲ့ အံ့သြစရာပစ္စည်းတွေဖြစ်ပါတယ်။ ပလတ်စတစ်ဆိုတာ သဘာဝအတိုင်း တည်ရှိလာတဲ့ပစ္စည်းမဟုတ်ဘဲ လူတွေ တီထွင်ခဲ့တဲ့ အရာတစ်ခုဖြစ်သလို တည်ဆောက်ပုံကလည်း အင်မတန်ခိုင်မာတဲ့အတွက် သဘာဝအတိုင်း ချေဖျက်နိုင်တဲ့အရာ ဘာမှကို မရှိတာပါ။ ဒါကြောင့် မြေကြီးထဲ၊ ပင်လယ်တွေထဲမှာလည်း မဆွေးမြေ့သလို လူ့ခန္ဓာကိုယ်ကလည်း မတိုက်ဖျက်နိုင်ပါဘူး။
ပိုဆိုးတာကတော့ အခုဆိုရင် ပလတ်စတစ်တွေဆိုတာ အိတ်တွေ၊ ပစ္စည်းကြီးကြီးမားမားတွေမှ မဟုတ်ဘဲ အမှုန်လေးတွေအဖြစ်လည်း အစားအသောက်တွေ၊ ရေတွေ၊ လေတွေထဲမှာပါ ပျံ့နှံ့နေကြတာဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ထဲကို အဓိကအားဖြင့် အစားအသောက်တွေ၊ ပလတ်စတစ်ပစ္စည်းတွေ၊ လေထုညစ်ညမ်းမှုတွေ၊ အလှကုန်တွေ စသဖြင့် နည်းလမ်းမျိုးစုံကနေ ဝင်ရောက်လာနိုင်ပါတယ်။ အဲဒီလို ပလတ်စတစ်အမှုန်အမွှားတွေနဲ့ ပလတ်စတစ်နဲ့အတူ တွဲပါလာတတ်တဲ့ ဓာတုပစ္စည်းတွေက လူတွေရဲ့ ကျန်းမာရေးကို ကြီးကြီးမားမားဒုက္ခပေးပါတယ်။ ဘယ်လိုမျိုး ဒုက္ခပေးလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

ဆဲလ်များအတွင်း ဝင်ရောက်ခြင်း
ပလတ်စတစ်အမှုန်အမွှားလေးတွေဆိုတာ ထင်မထားလောက်အောင် သေးငယ်နိုင်ပါတယ်။ အဲဒီလို သေးငယ်လွန်းတဲ့ အမှုန်အမွှားလေးတွေ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့အခါမှာ ဆဲလ်တွေထဲအထိ ထိုးဖောက်ဝင်ရောက်ပြီး ဒုက္ခပေးနိုင်တယ်လို့ ဆေးပညာလေ့လာချက်တွေမှာ တွေ့ရှိထားပါတယ်။ လေ့လာချက်တွေအရ လူတွေရဲ့ အဆုတ်တစ်ရှူးတွေ၊ သွေးကြောတွေနဲ့ မိခင်တွေရဲ့ အချင်း၊ နို့ရည်တွေမှာပါ ပလတ်စတစ်အမှုန်အမွှားတွေကို တွေ့ရှိနေရပါတယ်။ နောက်ဆက်တွဲအနေနဲ့ကတော့ ခန္ဓာကိုယ်ရောင်ရမ်းတာ၊ သွေးကြောပိတ်တာတွေကနေ နှလုံးဖောက်တာ၊ ရုတ်တရက်သေဆုံးတာတွေအထိ ဖြစ်လာနိုင်ပါတယ်။
ဟော်မုန်း ကမောက်ကမ ဖြစ်ခြင်း
ပလတ်စတစ်တွေဆိုတာ အမြဲတမ်း ဓာတုပစ္စည်းတွေ တစ်မျိုးမဟုတ်တစ်မျိုးတော့ ပါဝင်ကြတာချည်းပါပဲ။ အဲဒီဓာတုပစ္စည်းတွေဟာ လူတွေရဲ့ ဟော်မုန်းတွေကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် မျိုးပွားမှုနဲ့ ပတ်သက်ပြီး ကျားဟော်မုန်း ထုတ်လုပ်မှုကို ပိတ်ဆို့တာ၊ မျိုးမအောင်နိုင်တာ၊ သားအိမ်မှာ အလုံးတည်တာ စတဲ့ ပြဿနာတွေ ဖြစ်လာစေပါတယ်။ ဒါ့အပြင် အဝလွန်တာတွေ၊ ဆီးချိုသွေးတိုးတွေကိုလည်း မျိုးရိုးမရှိရင်တောင် လွယ်လွယ်ကူကူဖြစ်လာစေနိုင်ပါတယ်။
ကင်ဆာဖြစ်နိုင်ချေ တိုးလာခြင်း
အထူးသဖြင့် မြန်မာနိုင်ငံမှာလိုမျိုး အစားအသောက်ပူပူတွေကို ပလတ်စတစ်အိတ်တွေ၊ ခွက်တွေနဲ့ သယ်ယူစားသောက်လေ့ရှိကြတဲ့ အလေ့အကျင့်မျိုး ဖြစ်နေတဲ့နေရာမှာ ဒီအန္တရာယ်က အကြီးမားဆုံးပါပဲ။ ပလတ်စတစ်တွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ အပူချိန်များများနဲ့ ထိတွေ့လိုက်ရင် ယိုစိမ့်ပြီး ထွက်လာပါတယ်။ အဲဒီအခါ အစားအသောက်တွေထဲဝင်သွားပြီး ခန္ဓာကိုယ်ထဲကို ပမာဏအမြောက်အများ ဝင်ရောက်သွားစေပါတယ်။ အဲဒီဓာတုပစ္စည်းတွေဟာ ကင်ဆာတွေ အဖြစ်များလာခြင်းရဲ့ တရားခံတွေပါပဲ။
ကလေးငယ်တွေ ဖွံ့ဖြိုးတိုးတက်မှုကို ဖျက်ဆီးခြင်း
အရှေ့မှာပြောခဲ့သလိုပဲ ပလတ်စတစ်အမှုန်အမွှားတွေဟာ မိခင်တွေရဲ့ အချင်းတွေ၊ နို့ရည်တွေမှာပါ တွေ့ရှိနေရတာဖြစ်တဲ့အတွက် မိခင်တွေကတစ်ဆင့် ကလေးငယ်တွေဆီကို ရောက်ရှိသွားနိုင်ပါတယ်။ မွေးကင်းစအရွယ်ကစလို့ ငယ်ရွယ်တဲ့ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ပလတ်စတစ်တွေက ကြီးမားတဲ့ အန္တရာယ်တွေပါပဲ။ အထူးသဖြင့် ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်မှုများပြီး ADHD, Autism စတဲ့ သာမန်မဟုတ်တဲ့ အခြေအနေတွေ၊ ဖွံ့ဖြိုးမှုနောက်ကျတာတွေ ဖြစ်လာစေနိုင်ပါတယ်။

ဘာတွေပြင်ဆင်ကြမလဲ?
၁။ မီးဖိုချောင်မှာ ပလတ်စတစ်ပစ္စည်းတွေ လျှော့ချပါ။ ပလတ်စတစ်ခွက်၊ ဇွန်း၊ ပန်းကန်၊ စဉ့်တီတုံး စသဖြင့် အစားအသောက်နဲ့ ပတ်သက်သမျှပစ္စည်းတွေကို ပလတ်စတစ် မသုံးလေ ကောင်းလေပါပဲ။
၂။ ဘာပဲသောက်သောက်၊ ပလတ်စတစ်ကို ရှောင်ပါ။ ရေသန့်ဘူးတွေ ဝယ်သောက်တာကိုလျှော့ပြီး ရေသန့်ကို တိုက်ရိုက်သောက်ပါ။ အထူးသဖြင့် လက်ဖက်ရည်၊ ကော်ဖီတို့လို အပူတွေကို ပလတ်စတစ်ခွက်တွေနဲ့ မသောက်ပါနဲ့။
၃။ ဖုန်တွေကို အမြဲတမ်းရှင်းပါ။ အကောင်းဆုံးကတော့ ဖုန်စုပ်စက်နဲ့ ပုံမှန်သန့်ရှင်းရေးလုပ်တာပါပဲ။ တကယ်လို့ လက်နဲ့ပဲ ကိုယ်တိုင်သန့်ရှင်းရေးလုပ်ရမယ်ဆိုရင် mask တပ်ပြီးမှ လုပ်ပါ။
၄။ ဈေးဝယ်တဲ့အခါ ပလတ်စတစ်အိတ်တွေကို မသုံးပါနဲ့။ ဈေးဝယ်ဖို့အတွက် သီးသန့် အဝတ်အိတ် ဒါမှမဟုတ် စက္ကူအိတ် သပ်သပ်ထားပါ။ City Mart တို့လို ကုန်တိုက်ကြီးတွေမှာဆိုရင် ပလတ်စတစ်မသုံးစွဲရနေ့ တွေရှိပါတယ်။ အဲဒီလိုနေ့တွေမှာ အမြဲတမ်း ပါဝင်ပါ။
ဒီလိုမျိုး တစ်ယောက်က အစပြုပြီး လူတိုင်း ပလတ်စတစ်ကို လျှော့ချသွားမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ကိုရော ကိုယ်ကိုယ်တိုင်ရဲ့ ကျန်းမာရေးကိုပါ စောင့်ရှောက်နိုင်မှာဖြစ်တဲ့အတွက် သတိပြုဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။
Comments