ထောပတ်သီး မှည့်၊ မမှည့် သိအောင် ဘယ်လိုရွေးဝယ်ကြမလဲ

Posted in အစားအစာ


ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အကျိုးကျေးဇူးတွေ အများကြီးရှိတဲ့ ထောပတ်သီးကို အခုခေတ်မှာ အမျိုးမျိုးပြင်ဆင် စားသောက်တတ်လာကြပါပြီ။ ဒီလိုနူးညံ့တဲ့ ထောပတ်သီးမှာ အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ဗီတာမင် ကေ နဲ့ မပြည့်ဝဆီတွေ ပါဝင်တာကြောင့် အာဟာရဓာတ်တွေကလည်း တစ်ပုံတစ်ပင်ပါပဲ။ ဒါပေမဲ့ ဒီလိုအာဟာရဓာတ်တွေ ရရှိဖို့ ထောပတ်သီးရွေးဝယ်ကြရာမှာ ကောင်းကောင်း မမှည့်သေးတာတွေ၊ အမှည့်လွန်နေတာတွေ၊ အသီးပျက်စီးနေတာတွေကို မသိဘဲ ရွေးချယ်မိတာတွေ တော်တော်များများ ကြုံဖူးကြမှာပါ။ ထောပတ်သီးဆိုတာကလည်း အပေါ်ယံကြည့်ရုံနဲ့ ရွေးချယ်ရ မလွယ်ကူတဲ့ အသီးတစ်မျိုးဖြစ်တဲ့အပြင် ကိုယ်စားချင်တဲ့ပုံစံအလိုက် ထောပတ်သီးအမျိုးအစားတွေကိုလည်း ရွေးယူရဦးမှာဆိုတော့ လတ်လတ်ဆတ်ဆတ် ထောပတ်သီးတစ်လုံး ရွေးချယ်နိုင်ဖို့ ဒီဆောင်းပါးလေးသာ အဆုံးထိဖတ်ထားလိုက်နော်။ 

အတွေ့များတဲ့ ထောပတ်သီးအမျိုးအစားတွေ

ထောပတ်သီးပေါ်ချိန်က အများအားဖြင့် အောက်တိုဘာလ ကနေ ဇန်နဝါရီလ အထိဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ထောပတ်သီးစိုက်ဧက သောင်းနဲ့ချီ စိုက်ပျိုး၊ စားသုံး၊ တင်ပို့ကြတာပါ။ အဓိက ထွက်ရှိတဲ့ မျိုးကွဲတွေကတော့ ပြည်တွင်းဖြစ် Amara Avocado အပါအဝင် Hass ၊ Bacon ၊ Fuerte ၊ Lamb Hass ၊ Pinkerton စတဲ့  ထောပတ်သီးမျိုးတွေ ဖြစ်ကြပါတယ်။ အမျိုးအစားတွေကတော့ ‌ဒေသအလိုက် အမျိုးအစားခွဲခြားသတ်မှတ်ပုံတွေ၊ မျိုးစပ်ပုံတွေ စတာတွေပေါ် မူတည်ပြီးတော့လည်း ကွဲပြားနိုင်ပါသေးတယ်။

မှည့်၊ မမှည့် ဘယ်လိုရွေးဝယ်ကြမလဲ

ကိုယ်စားမဲ့ အချိန်ပေါ် မူတည်ပြီး ထောပတ်သီးတွေကို အခုလို စစ်ဆေးရွေးချယ်နိုင်ပါတယ်။

  • ဒီနေ့စားဖို့ ဝယ်မယ်ဆို အသီးကို လက်နဲ့ ညင်ညင်သာသာ ဖိကြည့်ပါ။ အရမ်းမပျော့ အရမ်းမမာ အနေအထားလေးမှာ အသီးကိုရွေးချယ်ပါ။
  • ရက်နည်းနည်း ကြာမှ စားမယ်ဆိုရင်တော့ မာတဲ့ အသီးကို ရွေးချယ်ပါ။ ပြီးရင် အခန်းအပူချိန်နဲ့ပဲ မှည့်အောင် လုပ်ပါ။ မှည့်သွားရင် အသီးကိုမပျော့သွားစေဖို့ ရေခဲသေတ္တာမှာ ဆက်သိမ်းထားနိုင်ပါတယ်။ 
  • နောက်ပြီး အသီးတွေရဲ့ ပုံစံကြည့်တဲ့အခါ သူ့အရွယ်အစားနဲ့ နှိုင်းယှဉ်ရင် လေးလေးလံလံရှိပြီး အခွံ မပေါက်မပြဲတဲ့ အသီးကို ရွေးချယ်ပါ။
  • အသီးအတွင်းထဲထိ ရှိနေတဲ့ အညိုရောင်၊ အနက်ရောင် အစက်တွေရှိနေတာ၊ မှိုတတ်တာ၊ ချဥ်နံ့ထွက်တာ၊ အရည်တွေထွက်နေ၊ ပျော့ရွဲနေတဲ့ အသီးတွေကို ရှောင်ပါ။ 

နောက်ပြီး ဒီလိုထောပတ်သီးတွေကို သန့်ရှင်းခြောက်သွေ့ပြီး ပျက်စီးမှုမရှိအောင် ဝယ်ယူနိုင်ဖို့ဆို အရည်အသွေးကောင်းမွန်အောင် ထိန်းသိမ်းထားတဲ့ City Mart ၊ Ocean စတဲ့ စျေးဝယ်စင်တာတွေမှာ ရွေးချယ်ဝယ်ယူတာက စိတ်အချရဆုံးပါပဲ။

ဒါကြောင့် ထောပတ်သီး‌ရွေးဝယ်တဲ့အခါ Hass မျိုးကွဲတွေမှာတော့ အသီးအခွံက အရောင်ပိုနက်လာရင် မှည့်တယ်လို သိနိုင်ပေမဲ့လည်း တခြား အမျိုးအစားတွေကျ အခွံအရောင်ကိုပဲ ကြည့်ပြီး မှည့်မမှည့် မသိနိုင်တာကြောင့် အသီးကို လက်နဲ့ ညင်ညင်သာသာ ဖိစမ်းတာကပဲ ယုံကြည်စိတ်ချရတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ 


Share

Comments

Related Posts