
လတ်တလောမှာ လူမှုကွန်ယက်ပေါ်မှာရော၊ နေထိုင်ရာ ရပ်ကွက်နဲ့ ပတ်ဝန်းကျင်တွေမှာ ခပ်စိပ်စိပ် ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ (Cholera) ကြောင့် လူကြီးလူငယ်မရွေး သတိပြု ဆင်ခြင်နိုင်ဖို့ လိုအပ်လာပါပြီ။ Vibrio cholerae လို့ခေါ် တဲ့ ဘက်တီးရီးယားပိုးရှိနေတဲ့ ရေနဲ့ အစားအစာတွေကတစ်ဆင့် ကူးစက်တတ်တဲ့ ကာလဝမ်းရောဂါဟာ အခုလို မိုးရာသီနဲ့ ရေကြီးရေလျှံချိန်တွေမှာ မသန့်ရှင်းမှုတွေကြောင့် အလွယ်တကူ ကူးစက်ပျံ့နှံ့လာတတ်ပါတယ်။ ဒီပိုးက အစားအစာတွေကတစ်ဆင့် အူလမ်းကြောင်းမှာ အဆိပ်အတောက်တွေ ထွက်လာစေပြီး အရည်ဝမ်းသွားတာ၊ အန်တာတွေ ရုတ်တရက် ဖြစ်လာပြီး ခန္ဓာကိုယ်အတွင်းက ရေဓာတ်နဲ့ ဆားဓာတ်တွေကို လျင်လျင်မြန်မြန် ခမ်းခြောက်သွားစေတာပါ။
ဒါကြောင့် အခုလို မသန့်ရှင်းတဲ့ ရေ၊ အစားအစာက တစ်ဆင့် ကူးစက်ဖြစ်ပေါ်တတ်တဲ့ ဝမ်းရောဂါဟာ သာမန်ဝမ်းပျက်ဝမ်းလျောနဲ့ မတူဘဲ ပြင်းထန်တတ်ပြီး သေချာမကုသရင် အသက်အန္တရာယ်ပါ ရှိကြောင်း WHO ရဲ့ ဆောင်းပါးမှာလည်း ဖတ်ရှုနိုင်တာပါ။ ဒါကြောင့် ဒီရောဂါက ဘာကြောင့်ဖြစ်လာတာလဲ၊ ဘယ်လိုကာကွယ်ထားသင့်လဲနဲ့ ဘယ်လိုအမြန်ဆုံး ပြုစုကုသသင့်လဲဆိုတာ ဒီဆောင်းပါးလေးမှာ တူတူဖတ်ကြည့်ထားလိုက်ရအောင်။

ကာလဝမ်းရောဂါနဲ့ သာမန် ဝမ်းပျက်ဝမ်းလျောရောဂါ ဘယ်လိုကွာခြားလဲ
ကူးစက်လွယ်ပြီး ပြင်းထန်တဲ့ ကာလဝမ်းရောဂါဖြစ်ပြီဆို ဆန်ဆေးရည်လို အရောင်နဲ့ ဖြူကျဲကျဲအရည်တွေ ဆက်တိုက်သွားတတ်ပြီး ဘက်တီးရီးယားတွေက အူလမ်းကြောင်းကနေ ရေဓာတ်တွေ အများကြီး ဆုံးရှုံးသွားစေလို့ တော်တော် အန္တရာယ်များပါတယ်။ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ရေဓာတ်ကို ချက်ချင်း ခမ်းခြောက်စေတာကြောင့် အားအင်ကုန်ခမ်းတာ၊ သွေးပေါင်ချိန်ကျတာနဲ့ သတိလစ်တာတွေအထိပါ ဖြစ်စေတာပါ။
သာမန်ဝမ်းလျှောတာက အစားအစာနဲ့ မတည့်တာ၊ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကြောင့် တဖြည်းဖြည်းချင်း ဝမ်းတွေသွားတတ်ပြီး ကောင်းကောင်းအနားယူကာ ဆေးဝါးသေချာမှီဝဲတာနဲ့ သက်သာလာနိုင်ပါတယ်။ ရက်အနည်းငယ်လောက်ပဲ ကြာတတ်ပြီး အများအားဖြင့် သူ့အလိုလို ပြန်ပျောက်သွားလေ့ရှိတာပါ။
ဒါကြောင့် ဖြစ်ပွားတတ်တဲ့ အရှိန်အဟုန်နဲ့ ပြင်းထန်ပုံချင်း မတူညီတာကြောင့် ဒီနှစ်မျိုးရဲ့ ကွာခြားချက်ကိုလည်း သိထားဖို့ လိုအပ်ပါတယ်။

ဝမ်းရောဂါ စဖြစ်ရတဲ့ အကြောင်းရင်း
အခုလို မိုးရာသီမှာ ကာလဝမ်းရောဂါက အဖြစ်များလာတဲ့ အန္တရာယ်ရှိရောဂါဖြစ်တဲ့အပြင် တစ်ဖန် ပြန်လည် ဖြစ်ပေါ်ကူးစက်ဖို့ အလားအလာများတာကြောင့် ဖြစ်တတ်တဲ့အကြောင်းရင်းတွေကိုလည်း သိထားဖို့ အရေးကြီးပါတယ်။
သန့်ရှင်းမှု အားနည်းတဲ့ လမ်းဘေးစားစရာတွေ စားမိခြင်း - သေချာကျက်အောင် မချက်ပြုတ်ထားတဲ့ အစားအစားတွေ၊ ယင်နားစာနဲ့ မသန့်ရှင်းတဲ့ရေတွေ အသုံးပြုထားမှုများကြောင့် ဒီလိုလမ်းဘေးဆိုင်တွေမှာ စားမိတဲ့အခါ ခန္ဓာကိုယ်တွင်းကို ဘတ်တီးရီးယားပိုးတွေ ဝင်ရောက်လာစေပါတယ်။
ရောဂါရှိသူမှ တစ်ဆင့် ကူးစက်ခြင်း - ရောဂါပိုးရှိသူရဲ့ စွန့်ပစ်ပစ္စည်းတွေက တစ်ဆင့် ရေအရင်းမြစ်တွေ၊ မြောင်းရေ၊ ကန်ရေတွေမှာ ပိုးတွေဝင်ရောက်ပြီး ဒါတွေကိုပဲ သောက်သုံးမိတာ၊ သုံးစွဲမိတာတွေကြောင့် ကူးစက်စေတတ်ပြန်ပါတယ်။
ရေကြီးရေလျှံခြင်း - မိုးရာသီမှာ ရေကြီးရေလျှံတာတွေလည်း အဖြစ်များလာပြီမလို့ သောက်သုံးရေပိုက်တွေ၊ ရေတွင်းတွေ၊ အမှိုက်တွေ၊ မိလ္လာပိုက်လိုင်းတွေ ရောနှောသွားတတ်တာကြောင့် မြို့နယ်တွေမှာ ကာလဝမ်းရောဂါ အလွယ်တကူ ပျံ့နှံ့ရသည့် အဓိက အကြောင်းရင်းတွေထဲ တစ်ခုဖြစ်ပါတယ်။

ဝမ်းရောဂါကို တတ်နိုင်သလောက် ကာကွယ်ထားဖို့ဆို
ဒီလိုအချိန်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲပြီး ကိုယ်နဲ့ ကိုယ်ပတ်ဝန်းကျင် သန့်ရှင်းရေးကို ဂရုပြုနေဖို့ အရေးကြီးပါတယ်။
သန့်ရှင်းရေး အထူးဂရုစိုက်ပါ - ရေသန့် သို့ ရေကို ကျိုချက်ပြီး သောက်သုံးတာ၊ လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးတာ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်တာ၊ အစားအစာတွေကို ကျက်အောင် ချက်ပြုတ်စားသောက်တာက ကူးစက်မှုတွေကို ကာကွယ်နိုင်မှာပါ။
ဓာတ်ဆားရည် သောက်ပါ - စပြီး ဝမ်းလျောတယ်ဆိုတာနဲ့ သန့်ရှင်းတဲ့ရေမှာ ဓာတ်ဆားရည် ဖျော်စပ်ပြီး မကြာခဏ သောက်ပေးမယ်ဆို ခန္ဓာကိုယ်တွင်း ရေဓာတ် မခန်းခြောက်သွားအောင် အတတ်နိုင်ဆုံး ကာကွယ်ထားနိုင်ပါတယ်။
ဆေးရုံဆေးခန်းသို့ အမြန်ဆုံးသွားပါ - ကာလဝမ်းရောဂါက အသက်အန္တရာယ် ထိခိုက်နိုင်တာကြောင့် လူနာကို နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံး ပို့ဆောင်ကာ လိုအပ်သမျှတွေကို ကျွမ်းကျင်ရာဆရာဝန်နဲ့ ဆက်လက်လုပ်ကိုင်ရပါမယ်။
ပိုးသတ်ဆေးနဲ့ ကုသပါ - ဒါကတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ ပိုးသတ်ဆေး (Antibiotics) သောက်သုံးတာက ရောဂါကို အမြန်သက်သာစေပြီး ပိုးတွေကို ဖယ်ရှားနိုင်ပါတယ်။
ကာလဝမ်းရောဂါ ဖြစ်ပွားနေချိန်မှာ သိသင့်သိထိုက်တဲ့ ကျန်းမာရေးဗဟုသုတတွေကို သိထား၊ လိုက်နာပြီး အန္တရာယ်ကင်းဝေးစေဖို့ အပေါ်မှာ ပြောပြသွားတဲ့ ကာကွယ်နည်းလမ်းတွေက အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်နော်။
Comments