တိုက်ခန်းတွေမှာ အမှိုက်တွေကို ဘယ်လိုစနစ်တကျသိမ်းဆည်း စွန့်ပစ်ကြမလဲ ?

Posted in အိမ်မှုရေးရာ


တိုက်ခန်း တွေမှာ လူနေထူထပ်တဲ့အခါ စားကြွင်းစားကျန်တွေ၊ ပလတ်စတစ်အိတ်တွေ၊ စက္ကူတွေ၊ ပုလင်းတွေ၊ သံဘူးတွေနဲ့ တခြားအိမ်သုံးစွန့်ပစ်အမှိုက်တွေကလည်း နေ့စဥ်နဲ့အမျှ အမြောက်အများထွက်လေ့ရှိပါတယ်။  ဒီတော့ မိမိတို့နေထိုင်တဲ့ တိုက်ခန်းအဆောက်အအုံ ပတ်ဝန်းကျင်ကိုသန့်ရှင်းလှပပြီး နေထိုင်သူတွေရဲ့ ကျန်းမာရေးလည်း ညီညွတ်စေဖို့ နေ့စဥ်စွန့်ပစ်ပစ္စည်းတွေထဲမှာ ဘယ်လိုစွန့်ပစ်ပစ္စည်းမျိုးတွေအများစုပါဝင်ပြီး၊ ဒါတွေကို ဘယ်လိုစနစ်တကျ သိမ်းဆည်းစွန့်ပစ်ကြမလဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

ပထမဦးဆုံးအနေနဲ့ တိုက်ခန်းအဆောက်အအုံ တစ်ခုမှာဘယ်လိုနေ့စဥ်စွန့်ပစ်ပစ္စည်းမျိုးတွေပါဝင်တတ်လဲဆိုရင် ...

၁။ အမှိုက်ဆွေးတွေ

(စားကြွင်းစားကျန်၊ သစ်သီးခွံ၊ ဟင်းသီးဟင်းရွက်အကြွင်းအကျန်နဲ့ ဆွေးမြည့်နိုင်တဲ့ တခြားသောပစ္စည်းတွေ)

၂။ ပြန်လည်အသုံးပြုနိုင်သော အမှိုက်မျိုးတွေ

(စက္ကူ၊ ကတ်ထူစက္ကူ၊ ပလတ်စတစ်ပုလင်း၊ ဖန်ပုလင်းနဲ့ သံဘူးတွေ)

၃။ အထွေထွေအမှိုက်တွေ

(အသုံးပြုပြီးသော တစ်ရှူး၊ ညစ်ပတ်နေတဲ့ ထုပ်ပိုးပစ္စည်းတွေနဲ့ ပြန်လည်အသုံးပြုဖို့ ခက်ခဲတဲ့ တခြားအမှိုက်မျိုးတွေ)

၄။ အန္တရာယ်ရှိနိုင်တဲ့ အမှိုက်မျိုးတွေ

(ဘက်ထရီတွေ၊ ဓာတုပစ္စည်းတွေ၊ သက်တမ်းကုန်ဆေးဝါးတွေနဲ့ အီလက်ထရွန်နစ်ပစ္စည်း စတဲ့ စွန့်ပစ်ပစ္စည်းမျိုးတွေ) - စတဲ့ စွန်ပစ်ပစ္စည်းမျိုးတွေ အများစုပါဝင်နေတတ်ပါတယ်။


ဒါဆို ဘယ်လိုစနစ်တကျ သိမ်းဆည်းစွန့်ပစ်ကြမလဲ ?

၁။ အမှိုက်တွေကို အမျိုးအစားခွဲပြီး စွန့်ပစ်မယ်။

သဘာဝအလျောက် ဆွေးမြည့်နိုင်တဲ့ အမှိုက်၊ ပြန်လည်အသုံးပြုနိုင်တဲ့ အမှိုက်၊ အထွေထွေအမှိုက်နဲ့  အန္တရာယ်ရှိတဲ့ အမှိုက် စသဖြင့် ခွဲပြီး စွန့်ပစ်ပါ။

၂။ အမှိုက်ပုံးတွေကို စနစ်တကျအသုံးပြုမယ်။

တိုက်ခန်းအဆောက်အအုံတွေမှာ အမှိုက်ပုံးတွေကို လုံလုံလောက်လောက်ထားပေးပြီးတော့ အမှိုက်တွေကိုလည်းအမှိုက်ပုံးထဲကို စနစ်တကျစွန့်ပစ်ရပါမယ်။

၃။ ပလတ်စတစ်အသုံးပြုမှုကိုလည်း လျှော့ချမယ်။

ပြန်လည်အသုံးပြုနိုင်တဲ့ အိတ်တွေ၊ ရေဘူးတွေနဲ့ အစားအသောက်ထည့်သည့်ဘူးတွေကို ပြန်လည်အသုံးပြုပါ။

၄။ စားကြွင်းစားကျန်တွေကိုလည်း စနစ်တကျ စွန့်ပစ်မယ်။

အနံ့ဆိုးတွေ၊ ယင်ကောင်တွေနဲ့  အင်းဆက်ပိုးမွှားတွေ မဖြစ်ပွားစေဖို့ စားကြွင်းစားကျန်တွေကို အဖုံးပါတဲ့ အမှိုက်ပုံးများထဲကို စနစ်တကျ စွန့်ပစ်ပါ။

၅။ အမှိုက်တွေကို ပုံမှန်သိမ်းဆည်းစွန့်ပစ်မယ်။

ဒီလိုမျိုးတွေ အမှိုက်ကို စနစ်တကျစီမံခန့်ခွဲပြီး စွန့်ပစ်ပေးမယ်ဆိုရင်တော့ ...

တိုက်ခန်းရဲ့ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်လာမယ်။ တိုက်ခန်းနေလူတွေရဲ့ ကျန်းမာရေးကောင်းမွန်ဖို့ကိုလည်း အထောက်အကူဖြစ်စေမှာဖြစ်သလို၊ လေထု၊ ရေ နဲ့ မြေဆီလွှာ ညစ်ညမ်းမှုကိုလည်းလျှော့ချပေးကာ အနံဆိုး တွေလည်း ကင်းစေမှာပါ။

ဒါကြောင့် အပေါ်မှာဖော်ပြခဲ့တဲ့ စည်းကမ်းတွေကိုလိုက်လုပ်ကြည့်ရင်း နေ့စဥ်စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျသိမ်းဆည်းစွန့်ပစ်ခြင်းဖြင့် လူတိုင်းအတွက် သက်သောင့်သက်သာရှိပြီး သန့်ရှင်း၊ကောင်းမွန်သော နေထိုင်မှုပတ်ဝန်းကျင်ကို အတူဖန်တီးလိုက်ရအောင် ။


Share

Comments

Related Posts