အာရုံစူးစိုက်မှု ပိုကောင်းအောင် လေ့ကျင့်ဖို့ နည်းလမ်းများ

Posted in လူမှုဘဝ, ကိုယ်ရည်ကိုယ်သွေး


“Scrolling Culture” ဒါမှမဟုတ် ဖုန်းထဲမှာပဲ အပေါ်အောက်ရွှေ့ပြီး ကြည့်ရှုလေ့ရှိကြတဲ့ ယဥ်ကျေးမှုဟာ ဒီနေ့ခေတ်ရဲ့ ပြယုဂ်တစ်ခုဖြစ်လာပါပြီ။ ဒီယဥ်ကျေးမှုကြောင့် အဖြစ်များကြတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုကတော့ “Attention Span” လို့ခေါ်တဲ့ အာရုံစူးစိုက်နိုင်တဲ့နယ်ပယ်နဲ့ အချိန်ကာလတွေ သိသိသာသာ လျော့ကျလာတာပါပဲ။ စာအုပ်တစ်အုပ်ကို ပြီးအောင်မဖတ်နိုင်တော့တာမျိုး၊ ရုပ်ရှင်တစ်ကားကို အဆုံးထိမကြည့်ဖြစ်တော့တာမျိုးတွေ ဖြစ်နေတယ်ဆိုရင် သင်ဟာ Attention Span လျော့ကျနေတဲ့ ပြဿနာရှိနေပါပြီ။

အာရုံစူးစိုက်မှုလျော့ကျခြင်းရဲ့ ဆိုးကျိုးများ

နေ့စဉ် ဖုန်းကြည့်နေချိန်မှာတော့ မသိသာပေမဲ့ တကယ်တမ်းတော့ အလုပ်ကို စူးစူးစိုက်စိုက်လုပ်ဖို့ လိုအပ်လာတဲ့အခါ ဒါမှမဟုတ် ပညာရပ်တစ်ခုခုကို သင်ကြားတဲ့အခါမှာ Attention Span လျော့ကျနေတာက အင်မတန်ကြီးမားတဲ့ အနှောက်အယှက်တစ်ခုဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် ခံစားနိုင်မှုတွေ လျော့ကျလာတာ၊ စိတ်အတက်အကျမြန်တာ စတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေလည်း ဖြစ်လာနိုင်ပြီး လူမှုဆက်ဆံရေးမှာလည်း ထိခိုက်နိုင်ပါတယ်။

အာရုံစူးစိုက်မှုလျော့ကျတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ

အာရုံစူးစိုက်မှု ကောင်းမွန်အောင်လုပ်ဖို့ဆိုတာက ကိုယ့်ရဲ့ခန္ဓာကိုယ်က ကြွက်သားတွေ သန်မာဖို့ လေ့ကျင့်ခန်းလုပ်သလိုပါပဲ၊ ဦးနှောက်ကို ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုအပ်ပါတယ်။ အဓိကအားဖြင့် ဒီနေ့ခေတ်မှာ အာရုံစူးစိုက်လျော့ကျလာကြတဲ့အချက်ကတော့ dopamine လို့ခေါ်တဲ့ ပျော်ရွှင်စေတဲ့ ဟော်မုန်းကို ဖုန်းထဲမှာတင် Scrolling လုပ်ရင်း အလွယ်တကူ ရေပွက်သလို မကြာခဏရရှိနေလို့ဖြစ်ပါတယ်။ ဒါကြောင့် အချိန်ကြာတဲ့အလုပ်တွေကို သာမန်လို့မမြင်တော့ဘဲ ပင်ပန်းတဲ့အလုပ်တွေလို့ ဦးနှောက်က အမှတ်မှားလာပါတယ်။ ဒါကို ပြင်ဆင်ရမှာဖြစ်ပါတယ်။

၁။ တစ်ချိန်မှာ အလုပ်တစ်ခုပဲ အာရုံစိုက်တဲ့အကျင့်ကို လုပ်ပါ။

တချို့လူတွေက multi-tasking ဆိုပြီး တစ်ချိန်တည်းမှာ အလုပ်နှစ်ခု၊ သုံးခုလုပ်တဲ့အကျင့်ကို လုပ်တတ်ကြပါတယ်။ တကယ်တော့ လူတွေရဲ့ ဦးနှောက်ဟာ တစ်ချိန်မှာ အလုပ်တစ်ခုကိုပဲ အာရုံစိုက်ဖို့ တည်ဆောက်ထားတာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ အလုပ်တစ်ခုထက်ပိုလုပ်ရင် ဘယ်အလုပ်ကိုမှ သေချာအာရုံမစိုက်ဖြစ်ဘဲ ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဘယ်အချိန်မှာပဲဖြစ်ဖြစ် တစ်ခုတည်းကိုပဲ သေချာအာရုံစိုက်ပြီး ဆုံးတဲ့အထိလုပ်နိုင်အောင် လေ့ကျင့်ယူပါ။ ရုပ်ရှင်ကြည့်ရင်း ဖုန်းကြည့်တာမျိုးတွေလည်း ဒီထဲမှာ ပါဝင်ပါတယ်နော်။

၂။ ကိုယ့်ကိုယ်ကိုယ် ပျင်းတဲ့အချိန်ပေးလိုက်ပါ။

ဘာမှလုပ်စရာမရှိဘူး၊ ပျင်းစရာကြီး ဆိုတဲ့ အချိန်တွေကလည်း ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ အဲဒီအချိန်တွေကို ဖုန်းသုံးပြီး အရည်ဖျော်ပစ်လိုက်သလို ကုန်ဆုံးသွားစေတာက ကိုယ့်အတွက် ကောင်းကျိုးအားဖြင့် ထူးခြားပြီး ရှိမလာသလို ဆိုးကျိုးတွေကို ပိုဖြစ်စေပါတယ်။ ဒါကြောင့် ပျင်းတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပျင်းခွင့်ပေးလိုက်ပါ။ ဖုန်းသုံးတဲ့အချိန်မှာလည်း စိတ်ပါလက်ပါသုံးပါ။ ပျင်းတဲ့အကြောင်းပြချက်နဲ့ မသုံးပါနဲ့။

၃။ စာအုပ်တစ်အုပ်ကို ဆုံးအောင် ဖတ်ပြီး စတင်ပါ။

E-book တွေမဟုတ်ဘဲ စာအုပ်တစ်အုပ်ကို အပြင်မှာ ပြီးအောင်ဖတ်တဲ့အကျင့်ကို မွေးမြူပါ။ တစ်ထိုင်တည်းမှာ ဖတ်စရာမလိုပါဘူး။ တစ်ရက်ကို စာမျက်နှာနည်းနည်းစီဖတ်ပြီး စတင်ကြည့်ပါ။ ဒီနေရာမှာ နောက်ထပ်လာမယ့် ဇာတ်လမ်းကို သိချင်လာအောင် ဆွဲဆောင်မှုရှိတဲ့ ရသစာပေတွေက ပိုပြီးအထောက်အကူဖြစ်နိုင်ပါတယ်။

၄။ ဖုန်းရဲ့ Notification တွေကို တတ်နိုင်သလောက် ပိတ်ထားပါ။

ဖုန်းအဝင် call တွေ၊ လူအချင်းချင်းပို့တဲ့ message တွေကလွဲပြီး ကျန်တဲ့ Notification တွေကို တတ်နိုင်သမျှ ပိတ်ထားသင့်ပါတယ်။ မဟုတ်ရင် Noti တွေကို ဝင်ကြည့်ရင်း အချိန်အကြာကြီး ဖုန်းသုံးဖြစ်သွားတဲ့အခြေအနေကို ရောက်သွားတတ်ပါတယ်။

၅။ ခန္ဓာကိုယ်က ကောင်းမွန်စွာလည်ပတ်နေဖို့လည်း အရေးကြီးပါတယ်။

အာရုံစူးစိုက်မှုဆိုတာက Software တစ်ခုနဲ့တူပြီး ခန္ဓာကိုယ်ကြီးကတော့ Hardware ဖြစ်ပါတယ်။ ခန္ဓာကိုယ်က မကျန်းမာနေဘူး၊ ကောင်းမွန်စွာလည်ပတ်မနေဘူး ဆိုရင်လည်း အာရုံစူးစိုက်မှုက လျော့ကျတတ်ပါတယ်။ တစ်ဖက်မှာလည်း ဒါက ဖုန်းအသုံးများတာတွေ၊ screentime များတာတွေရဲ့ ဆိုးကျိုးတွေနဲ့ ဆက်စပ်နေပါတယ်။ ဥပမာ အထိုင်များတာ၊ အိပ်ချိန်မမှန်တာ စသဖြင့် ဒီလိုဆိုးကျိုးတွေဟာ screentime များတာကြောင့် ဖြစ်တတ်သလို ဒါတွေကပဲ အာရုံစူးစိုက်မှုလျော့ကျအောင် တွန်းအားပေးနေပြန်ပါတယ်။ ဒါကြောင့် အိပ်ချိန်မှန်မှန်အိပ်တာ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်တာတွေက အရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။

ဒီနည်းလမ်းတွေနဲ့ ကိုယ့်ရဲ့ Attention Span ကို တိုးလာအောင် လေ့ကျင့်ယူကြည့်ပါ။ ပြီးရင် အလုပ်တစ်ခုကို ကြိုးကြိုးစားစားလုပ်ပြီး အောင်မြင်သွားတဲ့ ပျော်ရွှင်မှု၊ ဒါမှမဟုတ် စာအုပ်တစ်အုပ်၊ ရုပ်ရှင်တစ်ကားကို အဆုံးထိကြည့်ပြီး ရလိုက်တဲ့ အရသာတွေကို ခံစားကြည့်ပါ။ ဘဝက ပိုပြီး အဓိပ္ပာယ်ရှိလာပါလိမ့်မယ်။


Share

Comments

Related Posts