ငယ်စဥ်ကတည်းက သင်ကြားပေးထားသင့်တဲ့ တန်ဖိုးတွေအကြောင်း

Posted in မိဘအုပ်ထိန်းခြင်း


ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တဲ့အခါ နေထိုင်ရာ အိမ်၊ ပြည့်စုံတဲ့ အစားအစာ၊ အဆင့်မီ ပညာရေး စတာတွေ ပေးစွမ်းနိုင်ဖို့တင်မကဘဲ အခုလို အလျင်အမြန် တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ထဲမှာ သိထားသင့်တဲ့ လူ့ပတ်ဝန်းကျင်က အကြောင်းအရာတစ်ချို့ကိုလည်း ဖြည်းဖြည်းချင်း စသင်ပေးထားသင့်ပါပြီ။ ဒီလို သင်ထားပေးရမဲ့ အရေးကြီးတဲ့ အရာတွေထဲမှာမှ အုပ်ထိန်းသူမိဘတွေအနေနဲ့ တန်ဖိုး (Value) လို့ခေါ်တဲ့ သဘောတရားတစ်ချို့ကိုလည်း နားလည်လွယ်အောင် ပြောပြထားသင့်ပါတယ်။ ဒီနေရာမှာ သူတို့လေးတွေ ကိုယ့်ကိုယ်ကိုယ် ပုံဖော်ဆန်းစစ်နိုင်မဲ့ ကိုယ်ပိုင်တန်ဖိုးတွေ၊ ငွေကိုင်တွယ်ပုံနဲ့ ဆိုင်တဲ့ ငွေကြေးဆိုင်ရာ တန်ဖိုးတွေ၊ တခြားသူတွေနဲ့ ဆက်ဆံပြောဆိုတဲ့အခါ သိထားသင့်တဲ့ စိတ်ခံစားမှုဆိုင်ရာ တန်ဖိုးတွေ စသဖြင့် အခြေခံကောင်းတွေကို နားလည်သိရှိသွားနိုင်တာပါ။ အခုလို သင်ကြားပေးတာကပဲ ကလေးငယ်တွေရဲ့ အစောပိုင်းကြီးပြင်းမှုကာလတွေမှာတင် အနာဂတ်အတွက် ခိုင်မာတဲ့ အခြေခံ တန်ဖိုးတရားတွေကို သိရှိနိုင်တာမလို့ ဘယ်လိုမျိုးသင်ကြားပေးကြမလဲဆိုတာ အဆုံးထိ ဖတ်ကြည့်လိုက်ရအောင်။

ဖွံ့ဖြိုးတိုးတက်မှုတိုင်းအတွက် တန်ဖိုးတွေရဲ့အကြောင်း

တန်ဖိုး ဆိုတဲ့ သဘောတရားကို သူတို့လေးတွေ နားလည်သဘောပေါက်လာတာနဲ့အမျှ ဆုံးဖြတ်ချက်တွေ မှန်မှန်ကန်ကန် ချတတ်လာပြီး တွေးခေါ်ပုံတွေပါ တိုးတက်ပြောင်းလဲလာမှာပါ။ အဓိကအနေနဲ့

ကိုယ်ကျင့်တရား တည်ဆောက်ပေးနိုင်ခြင်း - ရိုးသားမှု၊ ကြင်နာမှုနဲ့ တာဝန်ယူတတ်မှု စတဲ့ ကိုယ်ပိုင်ရှိထားသင့်တဲ့ တန်ဖိုးတွေကို နားလည်လာတဲ့အတွက် ကလေးတွေက လူ့ဘောင်အသိုင်းအဝိုင်းမှာ မျှတမှန်ကန်စွာ ရပ်တည်တတ်စေမှာပါ။

ငွေကြေးကို တန်ဖိုးထားလာတတ်ခြင်း - ဘဝအတွက် အရေးပါဆုံးအရာတစ်ခု ဖြစ်တဲ့ ငွေကြေးရဲ့ တန်ဖိုးကို ကလေးငယ်ငယ်ကတည်းက သိရှိနားလည်သွားတာကြောင့် တစ်ခုခု လိုချင်တိုင်း အလွယ်တကူ တောင်းဆိုတတ်တဲ့ အကျင့်ကို ဖယ်ရှားပေးပြီး စုဆောင်းတတ်တဲ့ အလေ့အကျင့် ဖြစ်ပေါ်စေပါတယ်။

စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည် (Emotional Intelligence) မြင့်မားလာခြင်း - ဒါက သူတို့လေးတွေရဲ့ ကိုယ်ပိုင်ခံစားချက်ကို သတိထားမိစေသလို သူတစ်ပါးရဲ့ ခံစားချက်ကိုလည်း စာနာ နားလည်တတ်စေဖို့ ကူညီပေးပါတယ်။ 

လူမှုဆက်ဆံရေး ပိုကောင်းလာခြင်း - ခုနက Emotional Intelligence တိုးတက်လာတဲ့အတွက် သူတစ်ပါးကိုလည်း လေးစားတန်ဖိုးထားတတ်တာကြောင့် မိတ်ဆွေဖွဲ့တတ်ပြီး ဆက်ဆံရေးတွေကိုလည်း ခိုင်မြဲအောင် တည်ဆောက်နိုင်ပါတယ်။

သင်ကြားပေးဖို့ အခြေခံကျတဲ့ တန်ဖိုးတရား ၃မျိုး 

သားသားမီးမီးတွေကို သင်ကြားပေးဖို့ တန်ဖိုးအကြောင်းတွေထဲကမှ 

ရိုးသားမှု၊ တာဝန်ယူမှုနဲ့ ကတိတည်မှုတို့ကို လက်တွေ့ပြသတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ တန်ဖိုးတွေကို သိနားလည်ဖို့ အမှားလုပ်မိရင် ဝန်ခံတတ်စေဖို့နဲ့ တောင်းပန်တတ်ဖို့ သင်ကြားပေးပါ။

ပစ္စည်းဥစ္စာတွေဆိုတာ လွယ်လွယ်ကူကူ မရနိုင်ဘဲ လုပ်အားနဲ့ ရှာဖွေရကြောင်း နားလည်စေဖို့ မုန့်ဖိုးစုဆောင်းပေးတာ၊ ငွေကြေးသုံးစွဲတာနဲ့ ပတ်သတ်ပြီး လိုအပ်ချက်နဲ့ ဆန္ဒကို ခွဲခြားတတ်စေဖို့ သင်ကြားပေးပါ။

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်ဖို့ (Self-worth)နဲ့ သူတစ်ပါးအပေါ် ပါ စေတနာကောင်းရှိစေဖို့ စိတ်ခံစားမှုဆိုင်ရာ တန်ဖိုးတွေအကြောင်း မိသားစုဝင်အချင်းချင်းကနေ စတင်ပြီး လက်တွေ့ကျင့်သုံး ပြပေးဖို့တွေ ပါဝင်ပါတယ်။ 

နေ့စဥ်ဘဝမှာ စတင်သင်ကြားပေးတော့မယ်ဆို 

တန်ဖိုး ဆိုတဲ့ သဘောတရားကို ကလေးတွေ နားလည်အောင် လက်တွေ့ သင်ကြားပေးတာက အကောင်းဆုံးမလို့ ဒီလိုနည်းလမ်းတွေနဲ့ ပြောပြလုပ်ဆောင်ပေးနိုင်တာပါ။

စံနမူနာ ဖြစ်ပေးပါ - ကလေးတွေနဲ့ အနီးကပ်ဆုံးက အုပ်ထိန်းသူမိဘတွေပဲ ဖြစ်တာမလို့ မိဘတွေရဲ့ အပြောထက် လုပ်ပုံကိုင်ပုံတွေကို သူတို့လေးတွေက ပိုစူးစမ်းတတ်ကြပါတယ်။ ဒါကြောင့် မိဘတွေကိုယ်တိုင်က တန်ဖိုးအကြောင်း သင်ပြတဲ့အခါ မှန်မှန်ကန်ကန်နဲ့ လက်တွေ့ကျကျ ရှေ့ဆောင်လမ်းပြသင့်ပါတယ်။

အချိန်အခါကို အသုံးချပါ - နေ့စဥ်ကြုံတွေ့ရတတ်တဲ့ ဖြစ်ရပ်တွေကို ဥပမာပေးပြီး တန်ဖိုးအကြောင်း ရှင်းပြဆွေးနွေးတာက ကလေးတွေအတွက်လည်း မြင်သာပြီး သင်ကြားရလွယ်ကူစေမှာပါ။

ကြိုးစားမှုကို ချီးကျူးပါ - ရလဒ်ကိုပဲ ကြည့်တာထက် သူတို့လေးတွေရဲ့  ကြိုးစားအားထုတ်မှုနဲ့ ကောင်းမွန်တဲ့ အပြုအမူတွေကို အသိအမှတ်ပြု ချီးကျူးပေးသင့်ပါတယ်။

အနာဂတ်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လူတော်လူကောင်း တစ်ယောက်ဖြစ်လာစေဖို့ ချစ်မြတ်နိုးရတဲ့ သားသားမီးမီးတွေကို အခုကတည်းက မှန်ကန်မျှတတဲ့ တန်ဖိုးထားတတ်မှုတွေကို ပြုစုပျိုးထောင်ပေးဖို့ ဒီဆောင်းပါးလေးက အထောက်အကူ ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်နော်။


Share

Comments

Related Posts