စိတ်နှစ်ခွရောဂါ Bipolar

Posted in ကျန်းမာရေး, စိတ်ကျန်းမာရေး


စိတ်အပြောင်းအလဲမြန်တဲ့သူတွေ၊ ဆုံးဖြတ်ချက်မပြတ်သားဘဲ စိတ်နှစ်ခွ ဖြစ်နေတတ်တဲ့သူတွေကို Bipolar ဖြစ်နေတာလား လို့ မေးတတ်ကြပေမဲ့ တကယ်တမ်း Bipolar Disorder ဆိုတာ အဲဒီလောက် မရိုးရှင်းပါဘူး။ Bipolar ကို စိတ်နှစ်ခွရောဂါလို့ လူသိများကြပေမဲ့ သာမန်စိတ်အပြောင်းအလဲမြန်တာ၊ စိတ်နှစ်ခွဖြစ်တာလောက်ကို ခေါ်တာမဟုတ်ပါဘူး။ တကယ့် Bipolar Disorder ဆိုတာ ဘာလဲ၊ ရောဂါလက္ခဏာတွေနဲ့ ကုသနည်းတွေကရော ဘယ်လိုတွေရှိသလဲ ဆိုတာကို ဒီဆောင်းပါးလေးမှာ ပြောပြပေးသွားမှာဖြစ်ပါတယ်။

Bipolar Disorder ဆိုတာ

အရင်တုန်းကတော့ အလွန်အမင်း စိတ်ကြွစိတ်ကျရောဂါ (manic-depression) လို့ ခေါ်ဝေါ်ခဲ့ကြပြီး အခုတော့ Bipolar Disorder လို့ ပြောင်းပြီးခေါ်ဝေါ်လာကြပါတယ်။ အကြမ်းအားဖြင့် ပြောရမယ်ဆိုရင်‌တော့ လူတစ်ယောက်ရဲ့ စိတ်အခြေအနေ၊ အားအင်၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်မှု စတဲ့ အခြေအနေတွေဟာ ရုတ်တရက် ပြင်းပြင်းထန်ထန်ပြောင်းလဲသွားတတ်တဲ့ စိတ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အရှေ့မှာပြောခဲ့သလိုပါပဲ၊ သာမန် စိတ်အပြောင်းအလဲမြန်တာ၊ mood swing တာမျိုးကတော့ လူတိုင်းမှာရှိပြီး Bipolar လို့ ခေါ်လို့မရပါဘူး။ Bipolar Disorder မှာ တွေ့ရလေ့ရှိတဲ့ စိတ်အပြောင်းအလဲမြန်တာမျိုးဟာ သိသိသာသာ ပြင်းထန်ပြီး အိပ်စက်မှုတွေ၊ နေ့စဥ်လည်ပတ်မှုနဲ့ အပြုအမူတွေကိုပါ ပြောင်းလဲစေပါတယ်။

အဓိက စိတ်အခြေအနေနှစ်မျိုး

Bipolar Disorder မှာ တွေ့ရတတ်တဲ့ စိတ်အခြေအနေတွေကို ခေါင်းစဉ်ခွဲလိုက်မယ်ဆိုရင် အဓိကအားဖြင့် နှစ်မျိုးတွေ့ရပါတယ်။

၁။ ပြင်းပြင်းထန်ထန် စိတ်တက်ကြွခြင်း Mania နဲ့ Hypomania (အတက်)

Mania အခြေအနေမှာတော့ စိတ်အခြေအနေဟာ အလွန်အမင်း တက်ကြွရွှင်လန်းနေပြီး အိပ်စက်ချိန်တောင် သိပ်မလိုတော့သလို ဖြစ်နေတတ်ပါတယ်။ စကားတွေလည်း အများကြီးပြောနေပြီး ခေါင်းထဲမှာလည်း မရပ်မနား အတွေးတွေရှိနေတတ်ပါတယ်။ အပြုအမူတွေကို သတိထားကြည့်မယ်ဆိုရင် လတ်လွတ်စပယ်၊ လျင်လျင်မြန်မြန်ဆုံးဖြတ်ချက် ချလိုက်တာမျိုး (ဥပမာ ပိုက်ဆံအလွန်အကျွံသုံးစွဲပစ်တာ) တွေ့ရတတ်ပါတယ်။ အဆိုးဆုံးအခြေအနေတွေမှာဆိုရင် လက်တွေ့ဘဝနဲ့ ကင်းကွာသွားပြီး စိတ်လွတ်သွားတတ်ပါတယ်။

Hypomania အခြေအနေကတော့ Mania လောက် မပြင်းထန်ဘဲ အလွန်အမင်းတက်ကြွပြီး အလုပ်လုပ်နေတာလောက်ကိုပဲ မြင်တွေ့ရတတ်ပါတယ်။

၂။ အလွန်အမင်း စိတ်ဓာတ်ကျခြင်း Depression (အကျ)

Bipolar Disorder ရှိတဲ့သူတစ်ယောက်ရဲ့ စိတ်ဓာတ်ကျတဲ့ အခြေအနေမှာတော့ အလွန်အမင်း ဝမ်းနည်းမှုတွေ၊ ရှင်သန်နေရတာ အဓိပ္ပာယ်မရှိဘူးဆိုတဲ့ စိတ်တွေ ဒါမှမဟုတ် အပြစ်ရှိသလို ခံစားရတဲ့စိတ်တွေ ပြည့်နှက်နေတတ်ပြီး လုံးဝအိပ်လို့မရတာ ဒါမှမဟုတ် တစ်ချိန်လုံးအိပ်နေတာ၊ ဘာကိုမှ အာရုံစိုက်လို့မရတော့တာ စတဲ့ အခြေအနေတွေ ကြုံတွေ့နေရတတ်ပါတယ်။

Bipolar Disorder ပုံစံများ

ခံစားရတဲ့ပုံစံနဲ့ ပြင်းထန်မှုကို မူတည်ပြီး Bipolar Disorder ကို အဓိကအားဖြင့် သုံးမျိုးခွဲခြားနိုင်ပါတယ်။

၁။ Bipolar I Disorder

ဒီပုံစံမှာတော့ စိတ်အလွန်အမင်းတက်ကြွတဲ့ Manic အခြေအနေကို ရက်သတ္တပတ် ဒါမှမဟုတ် လနဲ့ချီပြီး အဓိက ခံစားရတတ်ပါတယ်။ တချို့အခြေအနေတွေမှာတော့ Depression အထိရောက်သွားတတ်ပေမဲ့ အများအားဖြင့် ပုံမှန်အခြေအနေဖြစ်လိုက်၊ စိတ်အလွန်အမင်းတက်ကြွလိုက် ဆိုတဲ့ ပုံစံမျိုးကို အချိန်ကြာကြာတွေ့ရတတ်ပါတယ်။

၂။ Bipolar II Disorder

ဒီအခြေအနေကတော့ အရှေ့က Bipolar I Disorder နဲ့ ပြောင်းပြန်၊ Depression အခြေအနေကို ရက်တွေ၊ လတွေကြာတဲ့အထိ ခံစားနေရတတ်ပါတယ်။ ဒါပေမဲ့ စိတ်အလွန်အမင်းတက်ကြွတဲ့ Manic အခြေအနေကိုတော့ ရောက်လာလေ့ မရှိပါဘူး။

၃။ Cyclothymic Disorder (Cyclothymia)

ဒီပုံစံကတော့ Hypomanic အခြေအနေနဲ့ ကာလတွေ တစ်လှည့်၊ Depression အခြေအနေနဲ့ ကာလတွေ တစ်လှည့်၊ အနည်းဆုံး ၂ နှစ်ကြာ ဖြစ်နေတာမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ အရမ်းပြင်းထန်တဲ့ Manic ဒါမှမဟုတ် Depression အခြေအနေတွေတော့ မတွေ့ရတတ်ဘဲ အတက်အကျ တစ်လှည့်စီဖြစ်နေတတ်တဲ့ ပုံစံမျိုးပါ။

Bipolar Disorder ကို ဘယ်လိုကုသကြသလဲ

Bipolar ရောဂါဟာ နှစ်ရှည်လများ အချိန်ယူတတ်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။ ဒါကြောင့် ကုသမှုဟာလည်း ပုံမှန်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အရေးကြီးတာကတော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်၊ စိတ်ပညာရှင်တွေနဲ့ တိုင်ပင်ကုသဖို့ပါပဲ။ လိုအပ်တဲ့အချိန်တွေမှာဆိုရင်တော့ ဆရာဝန်တွေအနေနဲ့ စိတ်ငြိမ်ဆေး ဒါမှမဟုတ် စိတ်ခံစားမှုထိန်းချုပ်တဲ့ ဆေးမျိုးတွေကို ပေးလေ့ရှိပါတယ်။ စိတ်ကျန်းမာရေးအထူးပြု ပညာရှင်တွေနဲ့ ပုံမှန်တွေ့ဆုံစကားပြောပြီး ကုထုံးတွေအတိုင်း လုပ်ဆောင်ဖို့လည်းလိုပါတယ်။ ဝေဒနာရှင်ကိုယ်တိုင်အနေနဲ့လည်း ကိုယ့်ရဲ့ အိပ်ချိန်၊ စားချိန်တွေကို စနစ်တကျ စည်းကမ်းသတ်မှတ်ပြီး နေထိုင်ဖို့လိုသလို လေ့ကျင့်ခန်းလုပ်တာတွေ၊ တရားထိုင်တာတွေလည်း လုပ်‌ဆောင်ဖို့လိုပါတယ်။

ဒါဆိုရင်တော့ Bipolar Disorder အကြောင်း အနည်းငယ် အသေးစိတ်ပြီး သိသွားကြမယ်လို့ထင်ပါတယ်။ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်ရမှာဖြစ်သလို ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ စိတ်ကျန်းမာရေးကိုလည်း အခုလို ဗဟုသုတတွေနဲ့ ယှဥ်ပြီး သတိထား စောင့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။


Share

Comments

Related Posts