
လတ်ဆတ်နူးညံ့တဲ့ အရသာကြောင့် စားဖူးသူတိုင်း အကြိုက်တွေ့တဲ့ငါးကို ပြောရမယ်ဆို ဆယ်လ်မွန်ငါးကတော့ မပါမဖြစ် ပင်လယ်စာတစ်မျိုးပါပဲ။ ဆူရှီ၊ ဆာရှိမိတွေ စားတိုင်း တော်တော်များများမှာယူတတ်ကြတဲ့ ဆယ်လ်မွန်ငါးကို အစိမ်းရော အကျက်ပါ ဟင်းလျာအမျိုးမျိုးနဲ့ တွဲဖက်စားလို့ကောင်းပါတယ်။ ဒါပေမဲ့ တစ်ချို့ကတော့ အစိမ်းစားရင် အန္တရာယ်ရှိနိုင်တယ်လို့ တွေးမိကြတာကြောင့် ကျက်အောင် ချက်စားဖြစ်တာပဲ များမှာပါ။ ဒါကြောင့် ဒီလိုငါးအစိမ်းစားကြတဲ့အခါ ဆိုင်တွေမှာဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် ဘယ်လိုကျန်းမာရေးနဲ့ ညီညီညွတ်ညွတ်စားရမလဲဆိုတာနဲ့ ဆယ်လ်မွန်ငါးရဲ့ သဘာဝအရ ဘာလို့အစိမ်းစားလို့ရတာလဲဆိုတာပါ ဗဟုသုတရအောင် ဝေမျှလိုက်ပါတယ် ဆယ်လ်မွန်ချစ်သူတို့ရေ …
အစိမ်းစားနိုင်တဲ့ ဆယ်လ်မွန်ငါး
ပင်လယ်ငါးဖြစ်တဲ့ ဆယ်လ်မွန်က ကြက်သား၊ ဝက်သားတို့နဲ့ မတူဘဲ အပူချိန်၊ ဇီဝကမ္မဖြစ်စဥ်နဲ့ ဘတ်တီးရီးယားဖြစ်ပေါ် ပေါက်ဖွားမှုတွေ ကွဲပြားကြပါတယ်။
ဘေးကင်းတဲ့ မွေးမြူရေး ဆယ်လ်မွန် - ခုခေတ် စားသောက်ဆိုင်တွေမှာ ချက်ပြုတ်တဲ့ ဆယ်လ်မွန်ငါး အများစုက စနစ်တကျ မွေးမြူထားတဲ့ ဆယ်လ်မွန်အမျိုးအစား (Farmed Salmon) ဖြစ်ပြီး သူတို့တွေကို သံကောင်တွေ၊ ပိုးမွှားတွေ မပါဝင်တဲ့ အစားအစာတွေပဲ ကျွေးမွေးတာကြောင့် ဘေးကင်းကင်းနဲ့ အစိမ်းစားသုံးနိုင်တာပါ။
အေးခဲစနစ်နဲ့ ပိုးမွှားသန့်စင်မှု - သဘာဝအတိုင်း ဖမ်းဆီးရမိတဲ့ ဆယ်လ်မွန်ငါးတွေမှာဆို သံကောင် (Parasites)တွေ ပါဝင်နိုင်ပေမဲ့ စက်ရုံတွေမှာ အလွန်အေးခဲတဲ့ အပူချိန် -20°Cမှာ ၇ရက်လောက် ကြိုတင် အေးခဲထားတာက ပိုးမွှားတွေကို သေစေနိုင်ပါတယ်။
နှေးကွေးတဲ့ ဘက်တီးရီးယားပေါက်ဖွားမှု - ဆယ်လ်မွန်ငါးတွေက ပင်လယ်ရေအေးမှာ ကျက်စားတာကြောင့် ပုံမှန် အေးခဲအပူချိန်မှာတောင် ဘက်တီးရီးယား ပေါက်ဖွားနှုန်း အလွန်နှေးကွေးပါတယ်။

သိထားသင့်တဲ့ သူ့ထဲက ဘတ်တီးရီးယားအကြောင်း
ခုနက ပြောသွားသလို ဆယ်လ်မွန်ငါးအစိမ်းတွေအားလုံး အေးခဲထားရုံနဲ့ လုံခြုံစိတ်ချရတာမျိုး မဟုတ်ပါဘူး။ ငါးကို စနစ်တကျ ကိုင်တွယ်ထားပြီး ကပ်ပါးပိုးတွေ သေစေဖို့အတွက် သင့်လျော်စွာ အေးခဲထားမှသာ လုံခြုံစိတ်ချရမှု ရှိလာတာပါ။ သဘာဝအတိုင်း ဖမ်းဆီးထားတဲ့ တောရိုင်းငါးတွေမှာ Anisakis ဝမ်းကောင်၊ လောက်ကောင် (roundworm larvae) တွေ ပါလာတတ်ပြီး စားမိရင် နာရီပိုင်းအတွင်းမှာပဲ ဗိုက်အောင့်တာ၊ ပျို့အန်တာနဲ့ ဝမ်းလျှောတာ စတဲ့ Anisakiasis ရောဂါလက္ခဏာတွေကို ခံစားရစေနိုင်ပါတယ်။
ဒါကြောင့်မို့လို့ စားသောက်ဆိုင်တွေနဲ့ ဆယ်လ်မွန်ငါး တင်သွင်းသူတွေက Sashimi ၊ Sushi စတာတွေ မတည်ခင်းခင် ဘတ်တီးရီးယားတွေ မရှိနေအောင် သီးသန့် အေးခဲနည်းလမ်းတွေကို အသုံးပြုကြတာ ဖြစ်ပါတယ်။ FDA ရဲ့ အစားအသောက် စည်းမျဉ်းအရ အစိမ်းစားမဲ့ငါးကို အောက်ပါနည်းလမ်းတစ်ခုခုနဲ့ အေးခဲထားဖို့ လိုအပ်ပါတယ်။ နည်းလမ်းတွေကတော့
- ၁။ Standard freezer နည်းမှာဆို −20°C / −4°F သို့ ဒီ့ထက်အေးတဲ့ အပူချိန်မှာ ၇ ရက်ကြာထားရှိရန်
- ၂။ Blast Freezer နည်းနဲ့ဆို −35°C / −31°F မှာ ခဲသွားတဲ့အထိထားပြီး နောက်ထက် −35°Cမှာ ၁၅ နာရီအထိ ထပ်မံထားရှိရန်
- ၃။ ပေါင်းစပ်နည်းလမ်း (Combination)မှာကျတော့ ခဲသွားတဲ့အထိ −35°Cမှာထားပြီးရင် −20°Cမှာ ၂၄ နာရီ ထပ်မံထားရှိရန် ဖြစ်ပါတယ်။

မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ စားသောက်မှုပုံစံ
ဆယ်လ်မွန်ငါးတွေကို ဆိုင်တွေမှာပဲ ဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် စားကြတဲ့အခါ အရည်အသွေးကောင်းမွန်တဲ့ ငါးအမျိုးအစားကို ရွေးချယ်နိုင်ဖို့အပြင် စားသောက်တဲ့အခါမှာလည်း နည်းမှန်လမ်းမှန်ဖြစ်ဖို့လည်း အရေးကြီးပါတယ်။
- Supermarket တွေမှာ ဆယ်လ်မွန်အစိမ်း သီးသန့် အဆင့်သတ်မှတ်ထားတဲ့ "Sushi-Grade" သို့ "Sashimi-Grade" လို့ စာတန်းပါတဲ့ ဆယ်လ်မွန်ငါးတွေကိုသာ ရွေးချယ်ဝယ်ယူပါ။
- အေးခဲနေတဲ့ ဆယ်လ်မွန်ကို အရည်ပျော်ဖို့ဆို အပြင်မှာဒီတိုင်းထားတာ သို့ ရေနွေးနဲ့ မြန်မြန်အရည်ပျော်အောင် မလုပ်ဘဲ ရေခဲသေတ္တာ အောက်ထပ်မှာပဲ ဖြည်းဖြည်းချင်း ရေခဲပျော်အောင် ထားရှိပါ။
- ငါးကို မလှီးဖြတ်ခင် စဥ့်တီတုံး၊ ဓားနဲ့ လက်ကို သေချာ ဆေးကြောပါ။ တခြား ဟင်းသီးဟင်းရွက်တွေနဲ့ မရောနှောအောင် သီးသန့် ပြင်ဆင်ဖို့လည်း လိုပါတယ်။
- ထက်တဲ့ ဓားကို အသုံးပြုပြီး ဆယ်လ်မွန်ငါးရဲ့ အဖြူရောင် အဆီကြောင်းတွေကို ထောင့်မှန်ကျကျ လှီးဖြတ်တာက နူးညံ့တဲ့ ငါးအသားကို ရရှိစေမှာပါ။
- လှီးဖြတ်ထားတဲ့ ဆယ်လ်မွန်ငါးစိမ်းကို အပြင်ဘက် အခန်းအပူချိန်မှာ ကြာကြာမထားဘဲ သန့်ရှင်းတဲ့ ပန်းကန်ပေါ်မှာ သံပုရာရည်နည်းနည်းညှစ်ပြီး ချက်ချင်းစားသုံးနိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့ နူးညံ့လတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ ဆယ်လ်မွန်ငါးကို ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် ပြင်ဆင်စားသုံးနိုင်ဖို့ အပေါ်မှာပြောပြသွားတဲ့အကြောင်းအရာတွေနဲ့ နည်းလမ်းတွေက အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
Comments