
နွေရာသီမှာဆိုရင် လူအများစုက အပူဒဏ်ကို မခံနိုင်တဲ့အတွက် ရေခဲရေတွေ၊ အအေးတွေကို ပိုပြီး သောက်ကြလေ့ရှိပါတယ်။ တကယ်တမ်းတော့ ကျန်းမာရေးအတွက်ဆိုရင် ဒါက မကောင်းတဲ့ အလေ့အထတစ်ခုပါ။ နွေရာသီမှာ ကျန်းမာရေးအတွက် ပိုပြီးသင့်တော်တာကတော့ ရေအေးမဟုတ်ဘဲ ရေနွေးဖြစ်ပါတယ်။ အပေါ်ယံစဥ်းစားကြည့်ရင်တော့ ဒါက မလိုက်မဖက်ဖြစ်နေသလိုပါပဲ။ ဘာကြောင့်သင့်တော်တာလဲ၊ ဘယ်လိုကောင်းကျိုးတွေရှိလဲဆိုတာ သိချင်ရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိဖတ်ကြည့်လိုက်ပါနော်။
နွေရာသီပူပူ၊ ရေနွေးကြမ်းနွေးနွေး
အများအားဖြင့် ဆောင်းရာသီလိုမျိုး အေးချမ်းတဲ့ကာလတွေမှာ ရေနွေးကြမ်းလေးတွေကို လူတွေက ပိုပြီးသောက်လေ့ရှိကြတယ် မဟုတ်လား။ ရာသီဥတုအအေးဒဏ်ကို ရင်ဆိုင်ပြီး ခန္ဓာကိုယ်ကို နွေးထွေးသွားစေဖို့ပေါ့။ နွေရာသီမှာကျတော့ ရာသီဥတုကလည်း အင်မတန်ပူအိုက်ပြီး ခန္ဓာကိုယ်ကလည်း ပူနေတဲ့အခါ ရေနွေးကြမ်းနဲ့ ဘယ်လိုမှ မအပ်စပ်ဘူးလို့ ထင်ကြပါတယ်။ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။
အရမ်းပူနေတဲ့အချိန်မှာ ရေခဲရေလိုမျိုး၊ ရေခဲသေတ္တာထဲက ဖျော်ရည်ဘူးလိုမျိုး သောက်လိုက်ရတဲ့အခါ ခန္ဓာကိုယ်က ခဏတော့ အေးသွားမှာ မှန်ပါတယ်။ ဒါပေမဲ့ အရမ်းပူနေတဲ့အချိန် ရုတ်တရက် ဆန့်ကျင်ဘက်အအေးဓာတ်နဲ့ ထိတွေ့လိုက်တဲ့အခါ ခန္ဓာကိုယ်အပူချိန်ပြောင်းလဲမှုက မြန်ဆန်လွန်းသွားတဲ့အတွက် လည်ချောင်းနာတာ၊ ခေါင်းကိုက်တာတို့လို ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်လာတတ်ပါတယ်။ နောက်ပြီး ဒါက ပြင်ပကနေ ရုတ်တရက်အေးသွားအောင် လုပ်လိုက်တာဖြစ်တဲ့အတွက် ခန္ဓာကိုယ်မှာ အပူငုပ်ပြီး ဖျားနာတာတွေလည်း ဖြစ်နိုင်ပါတယ်။
ရေနွေးကြမ်းကတော့ ဒီလိုမဟုတ်ပါဘူး။ လူ့ခန္ဓာကိုယ်မှာက အပူချိန်ထိန်းညှိပြီး အလိုအလျောက်အေးမြအောင် လုပ်တဲ့စနစ်တစ်ခု ရှိပြီးသားဖြစ်ပါတယ်။ အဲဒါက ချွေးထွက်တာပါ။ ရေနွေးကြမ်းသောက်တဲ့အခါမှာ ခန္ဓာကိုယ်က ပူနေတယ်ဆိုတာကို မပြောင်းလဲစေဘဲ ချွေးထွက်တဲ့စနစ်နဲ့ အပူချိန်ကို ထိန်းညှိသွားစေပါတယ်။ ဒါကြောင့် ရေခဲရေသောက်တာလိုမျိုး ကျန်းမာရေးထိခိုက်မှုတွေ မဖြစ်စေတော့ပါဘူး။ ဒါ့အပြင် ဖျော်ရည်တွေလို သကြားဓာတ်တွေမပါဝင်ဘဲ ရေဓာတ်ဖြည့်တင်းပေးနိုင်တာဖြစ်သလို ရေနွေးကြမ်းအမျိုးအစားအလိုက် တခြားကျန်းမာရေးကောင်းကျိုးတွေလည်း ရရှိနိုင်ပါသေးတယ်။
ရေနွေးကြမ်း အမျိုးအစားများနှင့် ကျန်းမာရေးကောင်းကျိုးများ
၁။ မြန်မာ့ရိုးရာ ရေနွေးကြမ်း
အဓိကအားဖြင့် လက်ဖက်ခြောက်နဲ့ပြုလုပ်တဲ့ ရေနွေးကြမ်းကို ထမင်းစားပြီးချိန် ဒါမှမဟုတ် နေ့လယ်နေ့ခင်း အဆာပြေစားချိန်တွေမှာ သောက်လေ့ရှိတဲ့ ရိုးရာဓလေ့ဟာ ကျန်းမာရေးနဲ့ အင်မတန်ညီညွတ်တဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် နွေရာသီမှာဆိုရင် အရှေ့မှာပြောခဲ့တဲ့ ကျန်းမာရေးနဲ့ ညီညွတ်မှုတွေရှိသလို အစာစားပြီးတဲ့အခါ သောက်သုံးခြင်းအားဖြင့် အစာချေစနစ်ကို ချောမွေ့အောင် အထောက်အပံ့ပေးနိုင်ပါတယ်။ ဒါက နွေရာသီမှာ ကိုယ်အပူချိန်မြင့်တက်တာကို တစ်ဖက်တစ်လမ်းက လျှော့ချပေးရာလည်း ရောက်ပါတယ်။ ဒါတင်မကသေးပါဘူး။ နေအပူဒဏ်ကို ဆဲလ်တွေ ခံနိုင်ရည်ရှိဖို့လည်း ကူညီပေးနိုင်ပါသေးတယ်။
၂။ Green Tea
တကယ်တော့ Green Tea ကလည်း မြန်မာတွေရဲ့ ရေနွေးကြမ်းနဲ့ တော်တော်များများဆင်တူပါတယ်။ ကွဲပြားချက်ကတော့ မြန်မာ့ရေနွေးကြမ်းမှာ လက်ဖက်ခြောက်ကို အဓိက အသုံးပြုပြီး Chinese Green Tea, Japanese Green Tea တွေမှာတော့ လက်ဖက်ခြောက်အဆင့်ထိမဟုတ်ဘဲ ခပ်စိမ်းစိမ်း ဝိသေသလေးကို ထိန်းသိမ်းထားတာပါပဲ။ ကျန်းမာရေးအရလည်း အကျိုးကျေးဇူးတွေက တော်တော်များများ ဆင်တူပါတယ်။ Green Tea တွေကတော့ ကဖိန်းဓာတ်ပါဝင်မှု ပိုများတဲ့အတွက် တက်ကြွပြီး အာရုံစူးစိုက်မှုကို ကောင်းမွန်စေတဲ့ သက်ရောက်မှု ပိုရှိပါတယ်။
၃။ ဆေးဖက်ဝင် Herbal Tea အမျိုးအစားများ
Herbal Tea လို့ခေါ်တဲ့ ဆေးဖက်ဝင်ရေနွေးကြမ်းအမျိုးအစားတွေကတော့ ပါဝင်ပစ္စည်းပေါ်မူတည်ပြီး အမျိုးမျိုးရှိပါတယ်။ Herbal tea တွေမှာတော့ လက်ဖက်လို အရွက်တစ်မျိုးတည်းတင်မဟုတ်ဘဲ ဆေးဖက်ဝင်အပင်တွေရဲ့ အစိတ်အပိုင်းအမျိုးမျိုးကို အသုံးပြုကြပါတယ်။ ဥပမာ ဂျင်းရေနွေးကြမ်း (အမြစ်)၊ ချဉ်ပေါင်ဖူးရေနွေးကြမ်း (အဖူး)၊ စံပယ်ရေနွေးကြမ်း (အပွင့်) စသဖြင့် အစိတ်အပိုင်းအမျိုးမျိုးကို အခြောက်ခံပြီး ရေနွေးကြမ်းအဖြစ် သောက်သုံးကြပါတယ်။ ပါဝင်တဲ့ အပင်အစိတ်အပိုင်းတွေပေါ်မူတည်ပြီး လူ့ခန္ဓာကိုယ်အတွက် ကျန်းမာရေးကောင်းကျိုးအမျိုးမျိုးကို ရရှိနိုင်မှာဖြစ်ပါတယ်။
ဒါဆိုရင်တော့ ကျန်းမာရေးရှုထောင့်ကနေ နွေရာသီနဲ့ ရေနွေးကြမ်းတို့ရဲ့ လိုက်ဖက်မှုကို သိသွားကြပြီလို့ ထင်ပါတယ်။ ကျန်းမာရေးကောင်းကျိုးတွေ အများကြီးရှိတဲ့အတွက် ရေနွေကြမ်းသောက်သုံးတဲ့ အလေ့အထကို လုပ်ကြည့်ကြဖို့လည်း ထပ်ဆောင်းတိုက်တွန်းလိုက်ပါရစေနော်။
Comments