အရိုးပွရောဂါက ဘာကြောင့် အမျိုးသမီးတွေမှာ အဖြစ်များကြတာလဲ

Posted in ကျန်းမာရေး


အရိုးပွရောဂါ (Osteoporosis) ဆိုတာ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှုမှာ မရှိမဖြစ် အရေးပါတဲ့ အရိုးတွေ အားနည်းလာတာ၊ ပါးလာတာနဲ့ အလွယ်တကူ အရိုးကျိုးနိုင်ခြေမြင့်လာစေတဲ့ ရောဂါအခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါက အသက်အရွယ်တစ်ခု ရလာတာနဲ့ ကျား၊မ မရွေး ဖြစ်တတ်ကြပေမဲ့ အမျိုးသမီးတွေမှာတော့ အရိုးပွနိုင်ခြေ ပိုများတာ တွေ့ရပါတယ်။ ဘာကြောင့်ဆို အသက် ၅၀ နဲ့အထက် လူကြီးတွေမှာ အရိုးပွတာ၊ အရိုးသိပ်သည်းဆ နည်းပါးတာက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပြီး ဟော်မုန်းအပြောင်းအလဲတွေနဲ့ သွေးဆုံးချိန်ပြီးနောက် အရိုးတွေ အားနည်းလာတတ်တာပါ။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေနဲ့ အရိုးပွ‌ရောဂါ မဖြစ်ရအောင် အတတ်နိုင်ဆုံး ကာကွယ်ထားနိုင်မဲ့ နည်းလမ်းအချို့ကို ဒီဆောင်းပါးမှာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

အီစထရိုဂျင်ရဲ့ အခန်းကဏ္ဍ

အရိုးပွရောဂါဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ ဟော်မုန်းပြောင်းလဲမှုပါပဲ။ အမျိုးသမီးတွေမှာ သွေးမဆုံးခင်ကာလအထိ အီထရိုဂျင်ဟော်မုန်းက အရိုးတွေ ပျက်စီးတာနဲ့ အရိုးအသစ်တွေ ပြန်လည်ဖြစ်ပေါ်တာကို ဟန်ချက်ညီညီ ထိန်းသိမ်းပေးပြီး အရိုးသိပ်သည်းဆ ‌ကောင်းမွန်နေအောင်ပါ ကာကွယ်ပေးထားတာပါ။ ဒီတော့ သဘာဝတရားအရ သွေးဆုံးချိန်ကာလ ရောက်တဲ့အခါ အီစထရိုဂျင်ပမာဏ သိသိသာသာ ကျဆင်းသွားတာကြောင့် အရိုးကျန်းမာရေးကို စတင်ထိခိုက်လာပါတယ်။ တချို့အမျိုးသမီးတွေမှာဆို သွေးဆုံးပြီး ပထမ ၁၀နှစ်အတွင်းမှာ အရိုးထုထည်ရဲ့  ၂၅ ရာခိုင်နှုန်းအထိ ဆုံးရှုံးနိုင်တယ်လို့ Healthcare Network ရဲ့ ဆောင်းပါးမှာ ဖတ်ရှု‌လေ့လာနိုင်တာပါ။ 

ဒါ့အပြင် အသက်ငယ်ငယ်နဲ့ သွေးဆုံးထားတာ၊ အကြောင်းအမျိုးမျိုးကြောင့် သားဥအိမ်တွေ ခွဲစိတ်ဖယ်ရှားထားတာနဲ့ ရာသီစက်ဝန်း မမှန်တဲ့ အမျိုးသမီးတွေမှာလည်း အီစထရိုဂျင်ပမာဏ နည်းပါးနေနိုင်လို့ အရိုးပွရောဂါဖြစ်နိုင်ခြေ ပိုများတတ်ပါတယ်။ အရိုးတွေ အားနည်းစေနိုင်တဲ့ တခြားဖြစ်နိုင်ခြေတွေ ကြည့်မယ်ဆို

  • မိသားစုထဲမှာ အရိုးပွရောဂါ ရှိဖူးတာ၊
  • ကိုယ်အလေးချိန် နည်းတာ၊
  • ဆေးလိပ်နဲ့ အရက် အလွန်အကျွံသောက်တာ၊
  • ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာ၊
  • ကယ်လ်စီယမ် သို့ ဗီတာမင် ဒီ လုံလောက်စွာ မရရှိတာ၊
  • တခြားဆေးဝါးနဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် အရိုးကျန်းမာရေးကို ထိခိုက်လာစေတာပါ။ 

တတ်နိုင်သလောက် ကာကွယ်ထားနိုင်မဲ့ နည်းလမ်းများ

အရိုးပွရောဂါဆိုတာက ထင်ရှားတဲ့ လက္ခဏာတွေ မပြဘဲ အရိုးကျိုးသွားမှသာ အရိုးရဲ့ ထုထည်၊ သိပ်သည်းဆတွေ နည်းပါးနေကြောင်း သိရတာမလို့ သတိထားသင့်တဲ့ ရောဂါတစ်မျိုးပါ။ ဒါကြောင့် အရိုးတွေ ပိုမိုခိုင်မာနေအောင် အသက် ၂၀၊ ၃၀ ဝန်းကျင် ကတည်းက

  • ကိုယ်အလေးချိန်နဲ့ အားပြုလုပ်ဆောင်ရတဲ့ လေ့ကျင့်ခန်းနဲ့ ကြွက်သားအားကောင်းစေတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ။
  • ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီ လုံလောက်စွာ ရရှိအောင် နေထိုင်စားသုံးပါ။
  • ဆေးလိပ်ဖြတ်ပြီး၊ အရက်ကို အကန့်အသတ်ထားပြီးမှ သောက်ပါ။
  • အရိုးသိပ်သည်းဆ စစ်ဆေးမှု ပြုလုပ်သင့်၊ မသင့် ကျွမ်းကျင်ရာဆရာဝန်နဲ့ တိုင်ပင်ပါ။

အဓိကအားဖြင့်တော့ သွေးဆုံးချိန်ဝန်းကျင်တွေမှာ အရိုးဆုံးရှိုးမှု ပိုမိုမြန်ဆန်လေ့ရှိတာကြောင့် ကြိုတင်ကာကွယ်ထားဖို့အပြင် အချိန်မှီ အရိုးသိပ်သည်းဆစစ်ဆေးမှုတွေ လုပ်ဆောင်ထားဖို့ အရေးကြီးတယ်လို့ NIH ရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေမှာ အရိုးပွရောဂါ ဖြစ်နိုင်ခြေ ပိုများတယ်ဆိုပေမဲ့လည်း အရိုးကျန်းမာရေးဆိုတာ ကိုယ်ထိန်းချုပ်လို့ မရဘူးလို့ မသတ်မှတ်ထားဘဲ နေ့ရက်တိုင်းမှာ ကျန်းမာတဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ အချိန်မီ စစ်ဆေးကုသမှုတွေ ရှိမယ်ဆို အရိုးသိပ်သည်းဆ လျော့နည်းနိုင်ခြေ၊ အရိုးကျိုးနိုင်ခြေတွေကို လျော့ချထားနိုင်မှာ ဖြစ်ပါတယ်။ 


Share

Comments

Related Posts