
နွေအပူကို ချုပ်ငြိမ်းစေမဲ့ မိုးတွင်းလည်း ရောက်လာပြီဆိုတော့ ရာသီဥတုစိမ်းစိမ်းစိုစိုနဲ့ တစ်ဖန် ပြန်လည်အေးမြလာပြီပေါ့။ ဒါကြောင့် ပူအိုက်တဲ့ရာသီမှာ ဝတ်နေခဲ့တဲ့ ပေါ့ပေါ့ပါးပါးအဝတ်အစားတွေ နေရာမှာ မိုးရာသီနဲ့ လိုက်ဖက်တဲ့ ရေအခြောက်မြန်တဲ့ အဝတ်အစားတွေ၊ မိုးတွင်းစီးဖိနပ် စတာတွေကို ဘယ်လိုဦးစားပေး ရွေးချယ်ဝတ်ဆင်ရမလဲ ပျိုမေတို့စဥ်းစားနေကြမှာပါ။ ဘာကြောင့်ဆို တစ်ခါတစ်လေမှာ ရုတ်တရက်မိုးရွာတတ်တဲ့ ရာသီဥတုနဲ့ ရွံ့ဗွက်ထူတဲ့ လမ်းတွေကို ရင်ဆိုင်နိုင်ဖို့ အဝတ်အစားရွေးချယ်ရာမှာ အခက်တွေ့တတ်ပြီး စတိုင်လည်း ပျက်စေပါတယ်။ ဒါကြောင့် ကိုယ့်အဝတ်ဗီရိုထဲမှာ မိုးရာသီအတွက် ရှိထားသင့်တဲ့ မရှိမဖြစ်ပစ္စည်းလေးတွေကို ဒီဆောင်းပါးလေးမှာ တစ်စုတစ်စည်းထဲ ဖော်ပြပေးချင်ပါတယ်။

ရေစိုခံ အပေါ်ထပ်အင်္ကျီ
မိုးတွင်းမှာ သေချာပေါက် ရေစိုခံအင်္ကျီတစ်ထည်လောက်က လိုအပ်ပြီး ဒါကပဲ မိုးဒဏ်ကနေ ကိုယ့်ကို ကာကွယ်ပေးမဲ့ အကာအကွယ်တစ်ခု ဖြစ်မှာပါ။ မိုးက ခဏပဲရွာပြီး တိတ်သွားတာ၊ မိုးဖွဲလေးတွေပဲ ကျတဲ့ အခါမျိုးတွေမှာ ရေစိုခံအပေါ်ထပ်တစ်ထည်က တော်တော်အသုံးတည့်မှာ ဖြစ်တာကြောင့် အရည်အသွေးကောင်းပြီး လေဝင်လေထွက်ကောင်းတဲ့ မိုးကာအင်္ကျီ သို့မဟုတ် ရေစိုခံ ဂျာကင်ကောင်းကောင်းတစ်ထည်ကို ရင်းနှီးမြုပ်နှံထားတာ အကောင်းဆုံးဖြစ်ပါတယ်။ ဖုန်းနဲ့ ပိုက်ဆံအိတ်တို့ကိုလည်း ရေမဝင်စေဖို့ ဇစ်ပါတဲ့ အိတ်ကပ်တွေ၊ ခေါင်းစောင်းပါတဲ့ အင်္ကျီတွေကို သေချာရွေးချယ်ပြီး နှစ်သက်ရာအရောင်ကို ဝတ်ဆင်မယ်ဆို လွတ်လပ်ပေါ့ပါးပြီး လုံခြုံတဲ့ မိုးရာသီကို ဖြတ်ကျော်နိုင်မှာပါ။
ပေါ့ပါးပြီး အခြောက်မြန်တဲ့ အဝတ်အစား
စိုထိုင်းဆမြင့်မားတဲ့ မိုးရာသီမှာ အင်္ကျီထူထူကြီးတွေ၊ ဂျင်းဘောင်းဘီတွေက ချွေးအောင်းစေတဲ့အပြင် မိုးမိခဲ့မယ်ဆိုရင်လည်း ခြောက်သွေ့ဖို့ အချိန်တော်တော်ပေးရတတ်ပါတယ်။ ဒီလိုစိုထိုင်းထိုင်းဖြစ်နေပြီး ချက်ချင်းလည်း အဝတ်အစားမလဲနိုင်သေးဘူးဆို နေရထိုင်ရလည်း ခက်စေပြီး အရည်ပြားယားယံတာတွေပါ ဖြစ်စေနိုင်တာပါ။ ဒါကြောင့် ပေါ့ပါးတဲ့ ချည်ထည်၊ Linen နဲ့ Polyester အသားတွေကို ရွေးချယ်ဝတ်ဆင်တာက မိုးတွင်းမှာ ချွေးထွက်တာနဲ့ မိုးရေစိုတာတွေကို ခြောက်သွေ့လွယ်စေပြီး အဝတ်ပြန်လည်လျှော်ဖွပ်ရာမှာလည်း မြန်ဆန်လွယ်ကူစေမှာ ဖြစ်ပါတယ်။

မရှည်တဲ့ ဘောင်းဘီနဲ့ စကပ်တွေ
ကိုယ့်အရပ်ထက် အရမ်းရှည်လျားပြီး မြေပြင်ထိနေတဲ့ ဘောင်းဘီရှည်တွေ၊ စကပ်ရှည်တွေကလည်း မိုးရာသီမှာဆို စိတ်ရှုပ်စရာတွေ ဖြစ်လာတတ်ပါတယ်။ ဘာလို့ဆို ဒါတွေနဲ့ လမ်းလျှောက်တဲ့အခါ ဘောင်းဘီစတွေ တမမနဲ့ သွားလာနေရမဲ့အပြင် ထီးတစ်ဖက်နဲ့ဆို ပိုလို့တောင် ကရိကထများလှတာပါ။ အခက်မသင့်လို့ ရေဗွက်တွေ၊ ရွံ့တွေ စင်မိ၊ ထိမိတဲ့အခါ ဘောင်းဘီခြေကျင်းဝတ်တစ်ဝိုက်မှာ ညစ်ပေပြီး အစွန်းအထင်းတွေ ကျန်နေခဲ့မှာဖြစ်တာကြောင့် မိုးတွင်းမှာတော့ ဒီလိုဘောင်းဘီအရှည်၊ စကပ်အရှည်၊ ဂါဝန်အရှည်တွေကို ရှောင်ကြဥ်ပြီး ခြေမျက်စိနဲ့ အထက် ဘောင်းဘီ၊ စကတ်တွေက ရွှံ့ဗွက်စင်တာကနေ ကာကွယ်ပေးပြီး သေသေသပ်သပ်ဖြစ်နေစေမှာပါ။
မိုးတွင်းစီးဖိနပ်
မိုးရာသီအတွက် သေချာပေါက် အရေးကြီးဆုံး ဖိနပ်ရွေးချယ်ရာမှာလည်း ကိုယ်နဲ့လိုက်ဖက်ပြီး သက်တောင့်သက်တာ ရှိနေဖို့ လိုအပ်ပါတယ်။ ကတ္တီပါဖိနပ်နဲ့ သားရေဖိနပ်တွေကတော့ မိုးရာသီမှာ ပျက်စီးလွယ်ပြီး၊ အရောင်လွင့်တာ၊ မှိုတက်တာတို့ ဖြစ်နိုင်လို့ ဗီရိုထဲသေချာသိမ်းဆည်းသင့်ပါတယ်။ ဒါကြောင့် ဖိနပ်ရွေးချယ်တဲ့အခါ ခြေကုပ်အားကောင်းတဲ့ ရော်ဘာဖိနပ်အမျိုးအစားတွေ၊ ဖိနပ်အောက်ခြေမှာ အစင်းလိုင်းလေးတွေ ပါတာမျိုးတွေကို အရင်ဆုံးရွေးချယ်သင့်ပြီး နောက်မှ စတိုင်ကျလှပဖို့ စဥ်းစားသင့်တာပါ။

ဆံပင်အတွက် အသုံးအဆောင်
မိုးရာသီရဲ့ မြင့်မားတဲ့ စိုထိုင်းဆကလည်း ဆံပင်တွေကို ချက်ချင်း ဖွာလန်ကြမ်းတမ်းစေတတ်လို့ အလှအပအတွက်ရော ဆံသားကျန်းမာရေးအတွက်ပါ ကောင်းကောင်းဂရုစိုက်သင့်တာပါ။ ဒါကြောင့် ကိုယ့်ဆံသားနဲ့ သင့်တော်တဲ့ အသုံးအဆောင်တွေ ဆောင်ထားတာက ကိုယ့်ဆံကေသာကို ကာကွယ်ထားနိုင်သလို ပိုပြီးလည်း စတိုင်ကျစေမှာပါ။ ဘာတွေလိုအပ်မလဲဆိုတော့ ပိုးသား ခေါင်းစည်းကြိုးတွေ၊ ရေစိုခံ ခေါင်းစည်းကြိုးတွေကို အိတ်ထဲမှာ ဆောင်ထားသင့်ပါတယ်။ ဒါမှသာ အပြင်ထွက်တဲ့အခါ ရုတ်တရက်မိုးရွာတာ၊ လေပြင်းတိုက်တဲ့အချိန်တွေမှာ ဆံပင်မဖွာစေဖို့ ကူညီပေးမှာပါ။
ဒီလောက်ဆိုရင်တော့ အခုလိုမိုးရာသီမှာ ဗီရိုထဲက အဝတ်အစားထူထူတွေကို သိမ်းဆည်းလိုက်ပြီး စတိုင်ကျပြီး ရေအခြောက်မြန်တဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေကို အခုပဲပြောင်းလဲကာ အုံ့မှိုင်းနေတဲ့ မိုးရက်တွေကို ပေါ့ပါးလန်းဆန်းစွာ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။
Comments