ရေခဲသေတ္တာအကန့်အလိုက် အစားအသောက်သိမ်းဆည်းနည်း

Posted in အိမ်မှုရေးရာ


စျေးတွေ၊ Supermarket တွေက ပြန်လာပြီဆို ဝယ်ခြမ်းလာခဲ့တဲ့ သားစိမ်းငါးစိမ်းတွေ၊ ဟင်းသီးဟင်းရွက်တွေ ရေခဲသေတ္တာထဲ ဒီတိုင်း အဆင်ပြေသလို ထည့်သိမ်းတတ်ကြလား ဒါမှမဟုတ် စားမကုန်တော့တဲ့ အစားအသောက်တွေကို တခြားစားသောက်ကုန်တွေနဲ့ ရောနှော သိမ်းဆည်းနေမိလား …ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိဖတ်ကြည့်ဖို့ လိုပြီနော်။ 

ရေခဲသေတ္တာထဲ အစားအစာတွေကို သူ့နေရာသူ စနစ်တကျနဲ့ သန့်သန့်ရှင်းရှင်း သိမ်းတာက အမြင်လှဖို့အတွက်တင် မဟုတ်ဘဲ အစားအစာတွေ ကြာရှည်ခံဖို့နဲ့ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားတာတွေ မဖြစ်ဖို့ ကျန်းမာရေးအရ အရေးကြီးတဲ့ အအေးပေး ထားသိုသိမ်းဆည်းခြင်းတစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် ရေခဲသေတ္တာထဲ ထည့်သိမ်းမဲ့ အသားငါး၊ ဟင်းသီးဟင်းရွက်၊ ချက်ပြီးသား ထမင်း၊ ဟင်း စတဲ့ အစားအသောက်အမျိုးအစားအလိုက် သိမ်းဆည်းသင့်တဲ့ အကန့်နေရာတွေကို ဖော်ပြပေးချင်ပါတယ်။

သေချာ နေရာချ၊ သိမ်းဆည်းခြင်းရဲ့ အရေးကြီးပုံ

ရေခဲသေတ္တာထဲ ဒီတိုင်းထည့်လိုက်ပြီဆိုတာနဲ့ အစားအစာတွေ သိမ်းဆည်းပြီးသား ဖြစ်မယ်လို့ တော်တော်များများ ထင်ထားတတ်ကြပါတယ်။ ရေခဲသေတ္တာရဲ့ ခဲတဲ့အခန်းကတော့ ပုံမှန်ထက်အေးခဲပေမဲ့ တခြားရေခဲသေတ္တာ အတွင်းဘက်တွေနဲ့ တံခါးပေါက်က အကန့်တွေက Thermostat Setting ချထားပေမဲ့ အပူချိန်မတူတာကြောင့် ရေခဲသေတ္တာတစ်လုံးလုံးမှာ အပူချိန်က တစ်ပြေးညီ မရှိနေပါဘူး။ ဒါကြောင့် အသားစိမ်းတွေကို သိပ်မအေးတဲ့နေရာမှာ ထားမိတာတွေ၊ နို့နဲ့ ပျက်စီးလွယ်တဲ့ အစားအသောက်တွေကို တံခါးဘက်က စင်တွေဘက်မှာ ထားမိတာတွေက အစားအစာတွေကို မြန်မြန်ပျက်စီးလွယ်စေတာကြောင့် ရေခဲသေတ္တာထဲ သူ့နေရာသူ သိမ်းဆည်းတာက ကျန်းမာရေးနဲ့လည်း အညီညွှတ်ဆုံးဖြစ်စေမှာပါ။

ရေခဲသေတ္တာ အကန့်အလိုက် ဒီလိုစနစ်တကျထည့်ပါ

သားငါး၊ ဟင်းသီးဟင်းရွက်၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ ချက်ပြီးသား ထမင်း၊ဟင်းတွေ ရေခဲသေတ္တာထဲ သိမ်းတော့မယ်ဆို လတ်လတ်ဆတ်ဆတ်ရှိစေဖို့နဲ့ မှိုနဲ့ဘတ်တီးရီးယားတွေ မပေါက်ဖွားရအောင် အခုလို နေရာချပေးသင့်ပါတယ်။

အပေါ်ဆုံး အကန့် - ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ ချက်စရာမလိုဘဲ တန်းစားလို့ရတဲ့ အစားအစာတွေကို ဗူးလေးတွေနဲ့ သေချာသိမ်းဆည်းနိုင်တဲ့ နေရာဖြစ်ပါတယ်။ ဘာကြောင့်ဆို ဒီအပေါ်ဆုံးအကန့်က အပူချိန်ပိုတည်ငြိမ်ပြီး စားချင်တဲ့အချိန်မှာလည်း အလွယ်တကူထုတ်ယူလို့ ရတာပါ။

အလယ် အကန့်များ - နို့၊ ဒိန်ခဲ၊ ကြက်ဥတို့လို နို့ထွက်ပစ္စည်းတွေအတွက် အသင့်တော်ဆုံးနေရာ ဖြစ်တာကြောင့် ဒီနေရာမှာ ထားတာက အေးခဲသွားတာမျိုးမဖြစ်ဘဲ လတ်ဆတ်နေစေမှာပါ။

အောက်ဆုံး အံဆွဲအကန့် - ဒီအံဆွဲနေရာက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေအတွက် စိုထိုင်းဆ ထိန်းညှိဖို့ ဒီဇိုင်းထုတ်ထားတာပါ။ ဒါကြောင့် ဝယ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေ လတ်ဆတ်နေဖို့ အစိုဓာတ်ထိန်းပေးနိုင်တဲ့ အံဆွဲထဲမှာ ပလတ်စတစ်အိတ်ဖွင့်ထားပြီး သိမ်းဆည်းသင့်ပါတယ်။

အေးခဲအကန့် - ရေခဲသေတ္တာတွေရဲ့ အပေါ်ဆုံးမှာဖြစ်ဖြစ်၊ အောက်ဆုံးမှာဖြစ်ဖြစ် ဒီအအေးဆုံးနေရာက အသားစိမ်း၊၊ ငါး၊ ပင်လယ်စာတွေအတွက် သီးသန့်နေရာပါပဲ။ ဘာကြောင့်ဆို အေးခဲနေတဲ့နေရာမှာ အသားတွေက အရည်တွေ ယိုစိမ့်ပြီး တခြားအစားအစာတွေပေါ် ပိုးမွှားကူးစက်တာကို ကာကွယ်ပေးနိုင်လို့ပါပဲ။

ဂရုပြုသင့်တဲ့ ထိန်းသိမ်းထားသိုနည်းတွေ

အပေါ်မှာ ပြောသွားသလို သေချာနေရာချပြီးပြီဆိုပေမဲ့လည်း လေဝင်လေထွက် ရှိဖို့လည်း လိုအပ်သေးတာပါ။ ဒါကြောင့် 

  • ပစ္စည်းတွေကို ပြည့်ကျပ်အောင် မထည့်ဘဲ ရေခဲသေတ္တာထဲ အေးတဲ့လေတွေ လှည့်ပတ်နိုင်အောင် နေရာနည်းနည်း ချန်ထားပေးဖို့ လိုပါတယ်။
  • ရေခဲသေတ္တာရဲ့ အပူချိန်ကိုလည်း 40°F (4°C) သို့ ဒီ့ထက် ပိုအေးအောင် ထားရှိသင့်ပြီး ရေခဲသေတ္တာတံခါးကနေ အေးတဲ့လေတွေ မထွက်သွားအောင် ရော်ဘာပြား (Seal) တွေကို အမြဲ စစ်ဆေးပေးပါ။
  • နောက်ထပ် သတိထားသင့်တဲ့အချက်ကတော့ ရေခဲသေတ္တာတံခါးကို ဖွင့်လိုက်တဲ့အခါတိုင်း အပြင်ဘက်က အပူချိန်နဲ့ ထိတွေ့ရတဲ့အတွက် တံခါးနေရာက အပူချိန် အပြောင်းအလဲ အများဆုံးဖြစ်တာပါ။ ဒါကြောင့် ဟင်းခတ်အနှစ်တွေ၊ အအေးဖျော်ရည်ဘူးတွေ၊ အချဥ်ဆော့စ်တွေလိုမျိုး အလွယ်တကူ မပျက်စီးနိုင်တဲ့ အရာတွေကိုပဲ ထားသင့်ပါတယ်။

ဒီလို ပစ္စည်းအမျိုးအစားအလိုက် ရေခဲသေတ္တာအကန့်တွေမှာ သတ်သတ်မှတ်မှတ် ထည့်သွင်းသိမ်းဆည်းတာက ရေခဲသေတ္တာအတွင်း အပူချိန်ကို ပုံမှန်အတိုင်း ထိန်းသိမ်းနိုင်ပြီး အစားအစာတွေ အချင်းချင်း အနံ့နဲ့ ပိုးမွှားကူးစက်တာကို ကာကွယ်ပေးနိုင်တာပါ။ ဒါကြောင့် ဒီဆောင်းပါးလေးဖတ်ပြီး ကိုယ့်အိမ်က ရေခဲသေတ္တာကို အခုထက် ပိုပြီး စနစ်တကျဖြစ်စေပြီး ကျန်းမာရေးနဲ့ ညီညီညွှတ်ညွှတ် ထားသို၊စားသောက်ရအောင် အခုပဲ ပြောင်းလဲသိမ်းဆည်းလိုက်တော့နော်။ 


Share

Comments

Related Posts