စားကြွင်းစားကျန်တွေကို ဘယ်လိုဘေးကင်းအောင် သိမ်းဆည်းသင့်လဲ

Posted in အစားအစာ


ထမင်းကျန်၊ ဟင်းကျန်တွေ ဆိုတာဟာ အလုပ်များတဲ့နေ့တွေမှာ အစားအသောက်တွေကို အစအဆုံး ပြန်ချက်နေစရာမလိုဘဲ ပြန်နွှေးစားရ အဆင်ပြေလွယ်ကူသလောက် ဒါတွေကို ထိန်းသိမ်းထားသိုတတ်ဖို့ကလည်း အရေးကြီးပါတယ်။ အစားအသောက်တွေကို လတ်လတ်ဆတ်ဆတ်ဖြစ်အောင် ချက်ချင်းချက်၊ ချက်ချင်းစားတာ အကောင်းဆုံးဆိုပေမဲ့ ထမင်း၊ ဟင်းချက်ဖို့ အချိန်မအားတဲ့သူတွေ၊ အချိန်အဆမှားပြီး ထမင်းပို၊ ဟင်းပို ချက်မိသူတွေအဖို့တော့ ဒီလိုထမင်းဟင်းတွေ သိမ်းဆည်းပြီး နောက်ရက်တွေ ပြန်စားဖိို့ကပဲ အကောင်းဆုံးရွေးချယ်မှုဖြစ်နေမှာပါ။ 

အရေးကြီးဆုံးကတော့ အစားအစာတွေက တစ်ဆင့် ဖြစ်တတ်တဲ့ရောဂါတွေ မဖြစ်အောင်နဲ့ အစားအသောက်အလေအလွှင့်တွေ မဖြစ်စေဖို့ စနစ်တကျ သိမ်းဆည်းတတ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့အပူချိန်မှာ ကိုယ့်အစားအသောက်တွေကို ထားသိုပြီး ပြန်လည်နွှေးစားနိုင်ဖို့ နည်းလမ်းကောင်းတွေကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးလိုက်ပါတယ်။

ဘယ်လိုအခြေအနေမှာ စတင်သိမ်းဆည်းသင့်လဲ

အစားအစာတွေကို ချက်ပြုတ်ပြီး ချက်ချင်းစားကုန်သွားရင် အရေးမကြီးပေမဲ့ စားမကုန်လို့ ဒီတိုင်းထားထားမယ်၊ နေ့လယ်က ချက်ထားတဲ့ဟင်းကို ညနေပြန်စားဖို့ အခန်းအပူချိန်မှာပဲ နာရီတော်တော်ကြာထားထားမိမယ်ဆို ဘတ်တီးရီးယားပေါက်ပွားဖို့ မြန်ဆန်နိုင်ပြီး ပြင်းထန်တဲ့ ပြင်ပရာသီဥတုနဲ့ဆို ကိုယ်သတိမထားမိခင်မှာတင် အစားအစာတွေ အလွယ်တကူ ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် ဘတ်တီးရီးယားပိုးမွှားတွေ လျင်လျင်မြန်မြန်ပေါက်ပွားနိုင်တဲ့ အပူချိန် 40°F ကနေ 140°F ကို သတိထားစောင့်ကြည့်သင့်ပြီး ပြန်လည်စားသုံးမဲ့ ထမင်းကျန်၊ ဟင်းချက်တွေကို အခန်းအပူချိန်မှာပဲ ၂ နာရီထက်ပိုပြီး ထားတာကို ရှောင်ကြဉ်ရမှာပါ။ ဒါကြောင့် ကြွင်းကျန် ထမင်းဟင်းတွေ သိမ်းမယ်ဆို အမြန်ဆုံး ရေခဲသေတ္တာထဲထည့်တာက ပိုးမွှားပေါက်ပွားတွေ မဖြစ်စေတော့ဘဲ ကိုယ့်မိသားစုကျန်းမာရေးကို ကာကွယ်ပေးနိုင်မှာဖြစ်တယ်လို့ Food Safety ရဲ့ ဆောင်းပါးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

ရေခဲသေတ္တာထဲ ထည့်မသိမ်းခင် ဘယ်လိုပြင်ဆင်ထားသင့်လဲ

ဟင်းကျန်တွေကို ပြန်စားလို့ရအောင် သိမ်းမယ်ဆိုတိုင်း ဒီတိုင်းထုပ်ပိုးပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းလို့ မဖြစ်သေးပါဘူး။ ဒါကြောင့် ရေခဲသေတ္တာထဲ မထည့်ခင်

အအေးခံပါ - အခန်းအပူချိန်မှာ တာရှည်မခံတဲ့ ထမင်း၊ ဟင်းတွေကို ကြာကြာမထားသင့်တာ မှန်ပေမဲ့ စားပြီးသောက်ပြီး ပူနွေးနေဆဲဖြစ်တဲ့ ထမင်း၊ ဟင်းတွေကို အိုးလိုက်ကြီး တိုက်ရိုက်မထည့်ဖို့ အရေးကြီးပါတယ်။ အပူချိန်ချက်ချင်း ပြောင်းလဲမှုတွေကြောင့် အစားအစာတွေ မပျက်စီးရအောင် ဟင်းအိုးကြီးတွေထဲကနေ ဘူးလေးတွေနဲ့ ခွဲခွဲ ထည့်ထားကာ နည်းနည်းအအေးခံပြီးမှ ရေခဲသေတ္တာထဲ ထည့်သင့်ပါတယ်။ 

လေလုံဘူးတွေ သုံးပါ - ထမင်း၊ ဟင်း ထည့်သိမ်းတဲ့အခါမှာလည်း လေလုံတဲ့ မှန်ဘူး သို့ အရည်အသွေးကောင်းမွန်တဲ့ ပလတ်စတစ်ဘူးတွေကို အသုံးပြုသိမ်းဆည်းသင့်တာပါ။ ဒါမှ ‌‌ရေခဲသေတ္တာထဲ တခြားစားသောက်ကုန်တွေနဲ့ အနံ့တွေ ရောယှက်ကူးစက်တာကို တားဆီးပေးပြီး ပိုးမွှားဝင်‌ရောက်မှုကိုလည်း တားဆီးပေးပါတယ်။

ရက်စွဲ မှတ်သားထားပါ - တစ်ပတ်စာဖြစ်ဖြစ် ဟင်းချက်သိမ်းတတ်ကြတဲ့ အိမ်ရှင်မတို့အဖို့ ကိုယ်ချက်ထားလိုက်တဲ့ ဟင်းချက်ရက်စွဲကို ဘူးပေါ်မှာ ရေးမှတ်ထားသင့်ပါတယ်။ ဒီလိုရေးထားမှ အစားအစာတွေရဲ့ သိမ်းဆည်းတဲ့ ကြာချိန်ကို ဂရုပြုမိပြီး ရေခဲသေတ္တာထဲ အကြာကြီးထားစားမိလို့ ရောဂါဘယဖြစ်တာတွေကို အတတ်နိုင်ဆုံး ကာကွယ်နိုင်မှာပါ။ ဒါကြောင့် စားကြွင်းစားကျန် ထမင်းဟင်းတွေကို သိမ်းတဲ့အခါ ရေခဲသေတ္တာထဲသိမ်းတယ်ဆိုပေမဲ့ ဘေးကင်းအောင် အလွန်ဆုံး ၃ ၄ရက်ပဲ ထားဖို့ အကြံပြုလိုပါတယ်။

ဟင်းကျန်ကို ပြန်နွှေးတဲ့အခါ ဘာတွေ သတိထားရမလဲ

ဟင်းကျန်တွေကို သိမ်းဆည်းပြီး ပြန်လည်နွှေးစားတဲ့အခါ အစားအစာရဲ့ အတွင်းပိုင်းအပူချိန် 165°F (74°C) အထိ ရောက်အောင် သေချာနွှေးသင့်ပါတယ်။ ဒီတိုင်းပဲ စားခါနီး ‌တော်သင့်ရုံ အပူပေးပြီး စားလိုက်မယ်ဆို အာဟာရတွေလည်း ပျက်စီးစေမဲ့အပြင် ဗိုက်နာတာ၊ မအီမသာဖြစ်တာတွေ ဖြစ်စေနိုင်တာပါ။ ဒါကြောင့် အစားအစာကို ရေခဲသေတ္တာထဲက ထုတ်ပြီးရင် သေချာအပူပေး၊ နွှေးဖို့ သတိထားသင့်ပြီး Microwave နဲ့ နွှေးမယ်ဆို ဟင်းပန်းကန်ကို အဖုံးအုပ်ထားတာက အပူချိန်ကို အညီအမျှ ပျံ့နှံ့စေပြီး ဘတ်တီးရီးယားပိုးမွှားတွေကိုလည်း ဖယ်ရှားပေးနိုင်မှာပါ။

အခုလို အပေါ်မှာပြောပြသွားတဲ့နည်းလမ်းတွေနဲ့ ထမင်းကျန်၊ ဟင်းကျန်တွေကို သေချာသိမ်းဆည်းပြီး ပြန် အပူပေး၊ နွှေးစားတာက အစားအသောက်တွေကို အလေအလွှင့်မဖြစ်စေတဲ့အပြင် ကုန်ကျစရိတ်လည်း သက်သာစေပါတယ်။ အစားအစာတွေကိုလည်း ဘေးကင်းလုံခြုံစွာ သိမ်းဆည်းနိုင်မှာဖြစ်လို့ ချစ်ရတဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးအတွက်လည်း စိတ်ချလက်ချနဲ့ စားသုံးနိုင်မှာ အမှန်ပါပဲ။


Share

Comments

Related Posts