အားဖြည့်အချိုရည်တွေက ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိနေမလဲ

Posted in ကျန်းမာရေး


မနက်ခင်းတွေမှာ လန်းလန်းဆန်းဆန်း မရှိနေလို့၊ နေ့လယ်ဘက်တွေ အိပ်ငိုက်နေလို့၊ ညလုံးပေါက် စာကျက်ချင်၊ အလုပ်လုပ်ချင်လို့ စသဖြင့် တစ်နေ့တာလုံးအတွက် သောက်သုံးဖြစ်နေကြတဲ့ အားဖြည့်အချိုရည်တွေက ကောင်းကျိုးတွေအပြင် ဆိုးကျိုးတွေပါ ရှိနေတယ်ဆိုတာ အနည်းနဲ့အများတော့ သတိထားမိကြမှာပါ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ဒီလိုအားဖြည့် အချိုရည်တွေက အမှတ်တံဆိပ်မျိုးစုံထွက်ရှိပြီး အရသာချိုရှရှနဲ့ လူကို တက်ကြွလန်းဆန်းစေပြီး အာရုံစူးစိုက်ရ လွယ်စေတာကြောင့် အသောက်များပြီး စွဲလမ်းလာကြပါတယ်။ ဘယ်လိုအရာမဆို တန်ဆေးလွန်ဆေး ဆိုတဲ့ စကားရှိတာကြောင့် ကိုယ်က ဒီလို Energy Drinksတွေ အမြဲတမ်းသောက်ဖြစ်နေမိတယ်ဆို ကျန်းမာရေးအတွက်လည်း ရေရှည်မှာ ဆိုးကျိုးတွေရှိလာနိုင်တာပါ။ ဒါကြောင့် သူ့ရဲ့ နောက်ကွယ်က ကျန်းမာရေးကောင်းကျိုး၊ ဆိုးကျိုးတွေနဲ့ ဒီလို အားဖြည့်အချိုရည်တွေထဲမှာ ဘယ်လိုပါဝင်ပစ္စည်းတွေ ရှိမလဲဆိုတာ ကိုယ့်ကျန်းမာရေးအတွက် သေချာ သိထားရအောင် မျှဝေပေးချင်ပါတယ်။

ကဖိန်းဓာတ် ပါဝင်မှု များခြင်း

ဒီလိုအချိုရည်တွေ သောက်လိုက်တဲ့အခါ ချက်ချင်း လန်းဆန်းတက်ကြွသွားစေတဲ့ အဓိကအကြောင်းရင်းကတော့ ကဖိန်းဓာတ်ပါ။ ပုံမှန် ကဖိန်းဓာတ်လောက်ကတော့ ကိစ္စမရှိပေမဲ့ အားဖြည့်အချိုရည်တွေမှာတော့ သူ့တစ်ဗူးထဲမှာတင် ကဖိန်းပမာဏ တော်တော်များများ စုပြုံပါဝင်နေတတ်ပါတယ်။ ဥပမာ ပုံမှန် ကော်ဖီတစ်ခွက်မှာ ကဖိန်းဓာတ် ၉၀ ကနေ ၁၀၀ မီလီဂရမ် လောက်ထိ ပါဝင်တတ်ပေမယ့် အားဖြည့်အချိုရည် တစ်ဗူးမှာတော့ ၁၅၀ မီလီဂရမ်မှ ၃၀၀ မီလီဂရမ်ကျော်အထိ ပါဝင်နိုင်ပါတယ်။

ဒီတော့ သူ့ကို သောက်လိုက်မယ်ဆို ကဖိန်းဓာတ်ပမာဏများတာကြောင့် ဦးနှောက်ထဲက အိပ်ငိုက်စေတဲ့ အာရုံခံစနစ်တွေကို ပိတ်ဆို့လိုက်ကာ ပင်ပန်းမှုတွေကို ခေတ္တဖုံးကွယ်ထားပြီး ဒိုပါမင်း (Dopamine) နှင့် Adrenaline ဟော်မုန်းတွေကို ထွက်ရှိစေပါတယ်။ တခါတလေဆို သိပ်ကိစ္စမရှိပေမယ့် ဒီလို အားဖြည့်အချိုရည်တွေ အသောက်များတယ်၊ ကဖိန်းဓာတ် ၄၀၀ မီလီဂရမ်ထက် ကျော်လွန်သောက်မိတယ်ဆို The U.S. Food and Drug Administration (FDA) ရဲ့ ဆောင်းပါးတစ်ခုမှာ ရင်တုန်တာ၊ သွေးတိုးတာ၊ အိပ်မပျော်တာတို့ ခံစားရနိုင်တယ်လို့ ဖော်ပြထားတာပါ။

သကြားဓာတ် များခြင်း

သောက်ကြည့်လိုက်တာနဲ့ သူ့ရဲ့ ချိုရှနေတဲ့အရသာကြောင့် သကြားဓာတ်ပမာဏ ဘယ်လောက်များများ ပါမလဲ ခန့်မှန်းမိကြမှာပါ။ ဒီအချိုရည်တွေကလည်း ခန္ဓာကိုယ်ကို အမြန်ဆုံး အားအင်ရရှိစေဖို့ သကြားဓာတ် သို့ High-fructose Corn Syrup တွေအပေါ် အများကြီး မှီခိုထားပါတယ်။ ဒီလိုသကြားရည်တွေကို အများကြီး သောက်မိလိုက်တော့ သွေးတွင်းသကြားဓာတ်က ချက်ချင်းထိုးတက်သွားပြီး၊ ဒါကို ထိန်းညှိဖို့ မုန့်ချိုအိတ် (Pancreas) ကနေ အင်ဆူလင်ဟော်မုန်းတွေကို အလွန်အကျွံ ထုတ်လုပ်ပေးရပါတယ်။

ဒီတော့ အင်ဆူလင်က သွေးတွင်းသကြားဓာတ်တွေကို ဖယ်ရှားလိုက်တဲ့အခါ Sugar Crash ဖြစ်ပြီး ကိုယ်ခန္ဓာက အားအင်တွေက နဂိုထက် ပိုမိုကျဆင်းသွားတော့တာပါပဲ။ ဒါကြောင့် အားဖြည့်အချိုရည်တွေ သောက်နေရင်းနဲ့မှ ပိုမောလာတာ၊ စိတ်တိုလွယ်တာနဲ့ ဒီ့ထက်ပိုပြီး အချိုတွေကိုပဲ ထပ်စား၊ ထပ်သောက်ချင်တာတို့ ဖြစ်စေပြီး ဒီလိုအချိုရည်တွေကို စွဲလမ်းလာရတာပဲ ဖြစ်ပါတယ်။ 

ရေဓာတ် ခမ်းခြောက်ခြင်း

ရာသီဥတုက အမြဲတမ်းနီးပါး ပူပြင်းတတ်တဲ့ မြန်မာနိုင်ငံမှာ စိတ်ကြည်လင်လန်းဆန်းဖို့ပဲဖြစ်ဖြစ်၊ အားကစားလုပ်ဖို့ပဲဖြစ်ဖြစ် အားအင်ဖြစ်ပြီး တက်ကြွနေအောင် Energy Drinks တွေ သောက်သုံးလေ့ရှိကြပါတယ်။ ဒါက မှားနေတဲ့ အလေ့အထဖြစ်ပြီး အချိုရည်သောက်မယ်ဆိုလည်း ဒါတွေအစား ဓာတ်ဆားရည် (Sports Drinks) လိုမျိုး ကိုယ်ခန္ဓာကို အားအင်ဖြစ်စေတာမျိုးပဲ သောက်သုံးပေးသင့်တာပါ။

ဒါကြောင့် ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ မလုပ်ဆောင်ခင် Energy Drinks တွေ သောက်မယ်ဆို ရေဓာတ် ပိုခမ်းခြောက်စေနိုင်ပြီး ကြွက်တက်တာ၊ အပူလျှပ်တာတို့ ဖြစ်တတ်ပါတယ်။ နောက်ပြီး တခြား ကျန်းမာရေးအရ ကြည့်မယ်ဆိုလည်း ကဖိန်းဓာတ် အလွန်အကျွံပါဝင်မှုကြောင့် ဆီးခဏခဏ သွားစေပါတယ်။ 

အားဖြည့်အချိုရည်တွေဟာ အရမ်းပင်ပန်းနွမ်းနယ်နေတဲ့ အချိန်တွေမှာတော့ ခေတ္တခဏ အထောက်အကူပြုနိုင်ပေမဲ့ ရေရှည်မှာတော့ ကိုယ်ခန္ဓာအတွက် စစ်မှန်ပြည့်စုံတဲ့ အားအင်ကို မပေးစွမ်းနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ကျန်းမာရေးအတွက် ပြည့်ပြည့်ဝဝ အိပ်စက်မယ်၊ သန့်စင်တဲ့ ရေ သို့ ဓာတ်ဆားရည် သောက်သုံးပေးမယ်၊ အာဟာရမျှမျှတတ စားမယ် ဆို မှန်ကန်ကျန်းမာတဲ့ အားအင်တွေ ရရှိပြီး အခုလို ဆိုးကျိုးတွေ ရှိနိုင်တဲ့ အားဖြည့်အချိုရည်တွေကို မှီဝဲဖြစ်မှာ မဟုတ်တော့ပါဘူး။


Share

Comments

Related Posts