
တစ်နှစ်ထက် တစ်နှစ် ပိုမိုပူပြင်းလာတဲ့ နွေဥတုရဲ့ အပူရှိန်နဲ့အတူ ရာသီဥတုအပြောင်းအလဲတွေကြောင့် လူကြီး၊ လူငယ်မရွေး ပိုပြီး နေထိုင်မကောင်းဖြစ်လာတတ်ပါတယ်။ အခု မြန်မာနိုင်ငံမှာလည်း ပြင်းထန်တဲ့ နွေအပူချိန်ကြောင့် အပူရှပ်တာတွေ၊ ရေဓာတ်ကုန်ဆုံးတာတွေနဲ့ အားအင်တွေ မရှိလောက်အောင် ပင်ပန်းနွမ်းနယ်လွယ်လာပါပြီ။ ဒီကြားထဲမှာမှ ရုတ်တရက် အပူ၊ အအေး မမျှတာ၊ ချွေးထွက်လွန်ပြီး ပြန်အအေးပတ်တာတွေကြောင့် နှာစေး၊ ချောင်းဆိုးတွေ ဖြစ်တာ၊ နှာခေါင်းယားပြီး ခဏခဏ နှာချေတာမျိုးတွေ အဖြစ်များလာကြပါပြီ။ ဒါက သာမန် အအေးမိတဲ့ပုံစံ ဆိုပေမဲ့လည်း နေပူလည်း နှာချေ၊ မိုးရွာလည်း နှာချေ ဆိုသလို ပူရတဲ့အထဲ စိတ်အနှောင့်အယှက်လည်း ဖြစ်ပြီး နေလို့ထိုင်လို့လည်း မကောင်းလှပါဘူး။ ဒါကြောင့် ပူပြင်းတဲ့ရာသီမှာ အခုလို ဘာကြောင့် ခဏခဏနှာချေနေရလဲ၊ သူ့အကြောင်းရင်းတွေနဲ့ ဘယ်လိုသက်သာအောင် လုပ်ကြမလဲဆိုတာ တူတူအဖြေရှာကြည့်ရအောင်။

ရုတ်တရက်အပူချိန် ပြောင်းလဲခြင်း
ဒါက နွေရာသီမှာတော့ ပြင်ပက ပြင်းထန်တဲ့အပူချိန် ကနေ Aircon ဖွင့်ထားတဲ့ တစ်နေရာရာကို ချက်ချင်းဝင်လိုက်တာအခါမျိုးတွေ၊ ဒါမှမဟုတ် အေးတဲ့နေရာ ကနေ ပူတဲ့နေရာကို ရုတ်ချည်းရောက်သွားတာတဲ့ အခါမျိုးတွေ ဖြစ်ပါတယ်။ ဒီလို အပူနဲ့ အအေး ရုတ်တရက် ကွာခြားသွားတဲ့အခါ နှာခေါင်းထဲက သွေးကြောလေးတွေက ကျုံ့သွားလိုက်၊ ပွလာလိုက် ဖြစ်ပြီး ခန္ဓာကိုယ်က တုံ့ပြန်မှုအနေနဲ့ နှာချေတာကို ဖြစ်ပေါ်စေတာပါ။ ဒါကို ဆေးပညာအရ အသေးစိတ်လေ့လာမယ်ဆို Vasomotor Rhinitis လို့ခေါ် ပြီး ရာသီဥတုအပြောင်းအလဲကနေ ပြင်ပလှုံ့ဆော်မှုကြောင့်ဖြစ်တဲ့ Non-allergic တုံ့ပြန်မှုတစ်ခု ဖြစ်တယ်လို့ Mayo Clinic ရဲ့ ဆောင်းပါးတစ်ခုမှာ လေ့လာနိုင်ပါသေးတယ်။

ဖုန်မှုန့်နဲ့ ဝတ်မှုန် ပေါများခြင်း
ပူပြင်းခြောက်သွေ့တဲ့ နွေအခါမှာ လေနဲ့အတူ ဖုန်မှုန့်တွေ ပိုပြီး လွင့်ပျံ့နေတတ်တဲ့အပြင် နွေဦးပန်းတွေ ပွင့်တဲ့အချိန် ဖြစ်တာကြောင့် သစ်ပင်ပန်းမန် ပတ်ဝန်းကျင်မှာ အနေများသူဆို ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်တာတွေအပါအဝင် နှာချေရခြင်း ဖြစ်ပါတယ်။ World Health Organization (WHO) ရဲ့ လေထုအရည်အသွေးဆိုင်ရာ အချက်အလက်တွေမှာ ပူပြင်းခြောက်သွေ့တဲ့ ရာသီမှာ လေထုထဲက အမှုန်အမွှားတွေဟာ အသက်ရှူလမ်းကြောင်းကို ပိုမိုလှုံ့ဆော်ပေးတတ်ပြီး ခဏခဏနှာချေစေတတ်တာပါ။

နှာခေါင်းအတွင်းပိုင်း ခြောက်သွေ့ခြင်း
ပူအိုက်တဲ့ ရာသီဥတုမှာ ရေဓာတ်က ပုံမှန်ထက် ပိုလိုအပ်တာကြောင့် ရေသေချာမသောက်မိဘူးဆို ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်ရုံတင်မကဘဲ နှာခေါင်းအတွင်းပိုင်းက အစိုဓာတ်တွေပါ ခမ်းခြောက်သွားတတ်ပါတယ်။ Healthline ရဲ့ ဆောင်းပါးထဲမှာလည်း နှာခေါင်းထဲမှာ ခြောက်ကပ်နေတဲ့အခါ ခန္ဓာကိုယ်က အကာအကွယ်ပေးဖို့အတွက် နှာချေခြင်းနဲ့ နှာရည်ထွက်ခြင်းတွေကို ပြုလုပ်ပေးပြီး နူးညံ့တဲ့ အမြှေးပါးလေးတွေကို စိုစွတ်အောင် ဖန်တီးရတာ ဖြစ်ပါတယ်။ ဒါကလည်း ပူလောင်ခြောက်သွေ့တဲံ ရာသီမှာ ခန္ဓာကိုယ်ထဲကို တခြားရောဂါပိုးမွှားတွေ မဝင်နိုင်အောင် လုပ်ပေးတဲ့ သဘာဝအကာကွယ်တစ်ခု ဖြစ်ပါတယ်။

ဒီလိုအကြောင်းရင်းတွေကြောင့် နှာချေတာတွေ ဆက်မဖြစ်ရအောင် …
- အပြင်ကပြန်လာရင် AirCon ခန်းထဲ ချက်ချင်းမဝင်ဘဲ ခန္ဓာကိုယ်အပူချိန် တည်ငြိမ်သွားအောင် မိနစ်အနည်းငယ်လောက် စောင့်ဆိုင်းပေးပါ။
- အပြင်ထွက်ရင် ဖုန်မှုန့်တွေ အရမ်းမရှူမိအောင် နှာခေါင်းစည်း (Mask) တပ်ပါ။
- ရေဓာတ်ပြည့်ဝအောင်နဲ့ နှာခေါင်းအတွင်းက အမြှေးပါးလေးတွေ စိုစွတ်နေအောင် ရေများများသောက်ပါ။
ဒီလိုအကြောင်းရင်းလေးတွေနဲ့ ကာကွယ်နည်းလမ်းတွေ သိထားတော့ နွေရာသီမှာ နှာချေရတဲ့ဒုက္ခကနေ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာ အမှန်ပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုခဏခဏ နှာချေနေတဲ့သူတွေ ရှိရင်လည်း ဒီဆောင်းပါးလေး မျှဝေရင်း အမြန်ဆုံးသက်သာ ပျောက်ကင်းနိုင်ကြပါစေနော်။
Comments