
ရာသီဥတုပူလာတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် သည်းခံနိုင်စွမ်း လျော့ကျလာတာတွေ၊ တစ်ခုခုဆို စိတ်ဆတ်လွယ်လာတာတွေဟာ ဖြစ်တတ်တဲ့ သဘာဝပါ။ အထူးသဖြင့် အခုလို ပူပြင်းတဲ့ နွေရာသီမှာ ပိုပြီး ဖြစ်ကြလေ့ရှိပါတယ်။ ဖြစ်တတ်တဲ့ သဘာဝဆိုပေမဲ့ ဒီတိုင်း စိတ်ကိုလွှတ်ထားမယ်ဆိုရင်တော့ ရာသီဥတုတင်မက စိတ်လည်းပူလောင်သလို မလိုအပ်တဲ့ ပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နွေရာသီမှာ စိတ်ဆတ်လွယ်ပြီး သည်းခံနိုင်စွမ်းလျော့ကျတာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဒီဆောင်းပါးလေးမှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ရာသီဥတု၊ ခန္ဓာကိုယ်နှင့် စိတ် ဆက်နွယ်မှု
လူ့ခန္ဓာကိုယ်ဟာ ရာသီဥတုရဲ့ သက်ရောက်မှုကို တိုက်ရိုက်ခံရပြီး စိတ်နဲ့ ခန္ဓာကိုယ်ဟာလည်း တိုက်ရိုက်ဆက်နွယ်နေပါတယ်။ ဒါ့အပြင် အားလုံးသိတဲ့အတိုင်း ရာသီဥတုတွေဟာ စိတ်ခံစားမှုအပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ ဥပမာ မိုးတွေရွာနေတဲ့အခါ အေးချမ်းတဲ့ခံစားချက်၊ တစ်ခုခုကို လွမ်းရတဲ့ ခံစားချက် ရသလိုမျိုးပေါ့။ ဒီလိုမျိုး ရာသီဥတု၊ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုတွေက နွေရာသီမှာ အပြင်းထန်ဆုံးဖြစ်ပါတယ်။ နွေအပူရှိန်က နှလုံးခုန်နှုန်းကို မြင့်တက်စေတာ၊ ရေဓာတ်ဆုံးရှုံးမှု များစေတာ၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာကို အဟန့်အတားဖြစ်စေနိုင်တာ စတဲ့ ခန္ဓာကိုယ်အပေါ်သက်ရောက်မှုတွေဖြစ်စေပြီး အဲဒီလို သက်တောင့်သက်သာမဖြစ်တာတွေ ခံစားရတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာကလည်း အလိုလိုနေရင်း ပူလောင်လာတာပါ။ ဒါကတော့ အကြောင်းအရင်းဖြစ်ပါတယ်။ ဘယ်လိုရင်ဆိုင်သင့်လဲဆိုတာကို ဆက်ပြီးဆွေးနွေးကြည့်ရအောင်။
အကြောင်းအရင်းကို သတိပြုပါ
အများအားဖြင့် ဒီလိုအချိန်မှာ စိတ်ဆတ်လွယ်ပြီး သည်းမခံနိုင်ဖြစ်တာတွေရဲ့ အဓိကတရားခံဟာ ပူလွန်းတဲ့ ရာသီဥတုပါပဲ။ ဒါပေမဲ့ ရာသီဥတုကို ဘာမှလုပ်လို့မရတဲ့အတွက် တခြားလူတစ်ယောက်၊ အကြောင်းအရာတစ်ခုအပေါ်ကို ဒေါသတွေ ပုံချလိုက်သလို ဖြစ်သွားတတ်တာပါပဲ။ ဘာလို့ဒီလောက်ပူနေတာလဲ ဆိုတဲ့ စိတ်ဟာ တခြားအဆင်မပြေတာလေး ခပ်သေးသေးတစ်ခု ရှိလာရင်တောင် ပေါက်ကွဲစရာဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ပူနေလို့ ဒီလို စိတ်ဆတ်လွယ်နေတာပဲ ဆိုတဲ့အချက်ကို သတိပြုနေသင့်ပါတယ်။
ခန္ဓာကိုယ်အပူချိန် လျှော့ချဖို့
အရှေ့မှာပြောခဲ့သလိုပဲ ခန္ဓာကိုယ်နဲ့ စိတ်ဟာ ဆက်နွယ်နေတဲ့အတွက် ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်မနေအောင် ဂရုစိုက်ဖို့လိုပါတယ်။ ဒီအတွက် နွေရာသီနဲ့ လိုက်ဖက်တဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ စားဖို့လိုအပ်သလို ရေဓာတ်ဆုံးရှုံးမှုမဖြစ်အောင်လည်း ရေများများသောက်ဖို့လိုပါတယ်။ ဒါမှမဟုတ် ရေနွေးကြမ်း ကလည်း ပူပြင်းတဲ့ ရာသီဥတုအတွက် ကောင်းမွန်တဲ့ ဆေးတစ်လက်ဖြစ်ပါတယ်။ အိမ်မှာနေရင်း ပူအိုက်လာတဲ့အခါမှာ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်တာမျိုး လုပ်လိုက်မယ်ဆိုရင် စိတ်ကိုလည်း လန်းဆန်းသွားစေနိုင်ပါတယ်။ (အပြင်သွားပြီး ပြန်လာတဲ့အခါ ချက်ချင်း ကိုယ်လက်သန့်စင်တာမျိုးမလုပ်မိဖို့တော့ ဂရုပြုပါ။)
စိတ်နှလုံး အေးချမ်းစေဖို့
ခန္ဓာကိုယ်က အရမ်းမပူတော့ဘူးဆိုရင် စိတ်ကိုလည်း အေးချမ်းအောင် နေဖို့ လွယ်ကူသွားပါပြီ။ ဒီလိုအချိန်မှာ စိတ်ကို လောင်မြိုက်စေတဲ့အရာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။ ဥပမာ ဒေါသဖြစ်စရာ ရုပ်ရှင်တွေ မကြည့်ဘဲနေတာ၊ လူမှုကွန်ယက်ပေါ်က အဆိပ်အတောက်တွေကို မကြည့်တာမျိုးပေါ့။ နောက်ပြီး ဒီလို ပူအိုက်နေတဲ့အချိန်မှာ တစ်ခုခုကို ဆုံးဖြတ်ရမယ်ဆိုရင် ဒါမှမဟုတ် စိတ်အခန့်မသင့်တာတစ်ခုခု ကြုံရတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဆယ်မိနစ်အချိန်ပေးလိုက်ပါ။ အဲဒါက စိတ်ကို ပူလောင်မှု လျော့ကျစေသလို မလိုလားအပ်တဲ့ ပြဿနာတွေကိုလည်း တားဆီးရာရောက်ပါလိမ့်မယ်။
အချိန်နဲ့ နေရာကို စီမံပါ
ကိုယ့်အတွက် အရေးကြီးတဲ့ အလုပ်တွေ၊ အရေးကြီး စကားပြောရမယ့်ကိစ္စတွေအတွက် အချိန်နဲ့ နေရာ ရွေးချယ်မှုက အရေးကြီးပါတယ်။ နေ့လယ်ခင်း အပူဆုံးဖြစ်နေတဲ့အချိန်မျိုးမှာ တစ်ယောက်ယောက်နဲ့ ငြင်းခုန်ရတာထက် ညနေခင်း နေဝင်ချိန်လောက်မှ အေးအေးဆေးဆေး စကားပြောရတာက ပိုအဆင်ပြေပါလိမ့်မယ်။ နောက်ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာ၊ အရိပ်ရတဲ့နေရာမျိုးမှာ အလုပ်လုပ်နိုင်ရင်လည်း ပိုကောင်းပါတယ်။
ဒါဆိုရင်တော့ နွေနေပူပူမှာ စိတ်အေးချမ်းအောင်နေဖို့ နည်းလမ်းလေးတချို့ ရသွားမယ်လို့ မျှော်လင့်ပါတယ်။ စိတ်ရောကိုယ်ပါ အေးချမ်းနေမှ ဆက်ဆံရေးတွေလည်း ကောင်းမွန်ပြီး လုပ်ဆောင်သမျှတွေ အောင်မြင်နိုင်မှာဖြစ်လို့ သတိပြုပြီး ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါရစေနော်။
Comments