
ဝမ်းပျက်ဝမ်းလျောပြီဆိုတာနဲ့ တော်တော်များများက “ဘာအစားမှားလို့လဲ” “မသန့်တာများ စားမိလား” စသဖြင့် စားခဲ့တဲ့ အစားအသောက်တွေကိုပဲ အရင်ဆုံးတွေးမိကြမှာပါ။ တကယ်တမ်းမှာတော့ အစားအသောက်အပြင် သန့်ရှင်းမှုအားနည်းတဲ့ လက်တွေ၊ ပန်းကန်ခွက်ယောက်နဲ့ ဇွန်းခက်ရင်းတွေ၊ အစားအသောက်ပြင်ဆင်ရာ မီးဖိုချောင်နေရာ၊ စားသောက်ရာနေရာတွေ ကနေ အိမ်သာတွေအထိ ဝမ်းလျောနိုင်တဲ့ အကြောင်းရင်းများစွာ ရှိလို့နေပါတယ်။ ဒီလိုသတိမထားမိတဲ့ နေရာတွေကနေလည်း အခုခေတ်စားနေတဲ့ ဝမ်းရောဂါတွေ ပြန့်ပွားနေကြတာမလို့ ကာကွယ်ဆင်ခြင်သင့်တဲ့ အချက်တွေကို သိရှိထားတာအကောင်းဆုံးပါပဲ။
WHO ရဲ့ ဆောင်းပါးတစ်ခုမှာ သန့်ရှင်းတဲ့သောက်သုံးရေ၊ အစားအသောက် သန့်ရှင်းမှု၊ လက်ပုံမှန်ဆေးခြင်းနဲ့ ကောင်းမွန်တဲ့ မိလ္လာစနစ်တွေက ဝမ်းလျှောရောဂါကို ကာကွယ်ဖို့အတွက် အလွန်အရေးကြီးတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ဒါကြောင့် အစားအသောက်တွေကို ပူပူနွေးနွေးနဲ့ သန့်သန့်ရှင်းရှင်း စားဖို့အပြင် တခြားသိထားသင့်တဲ့ အချက်တွေကို ဆက်ကြည့်ကြည့်လိုက်ရအောင်။

လမ်းဘေးစာများ
Street Food လို့ခေါ်တဲ့ လမ်းဘေးစျေးဆိုင်တွေက အစားအစာတွေက အရသာရှိပြီး အချိန်ကုန်၊ ငွေကုန် သက်သာပေမဲ့ အများစုက သန့်ရှင်းရေးမှာတော့ အားနည်းတတ်ကြပါတယ်။ ဒါကြောင့် အခုလို လမ်းဘေးစျေးသည်တွေဆီက ဝယ်စားတဲ့ အစားအသောက်တွေက ဖျားနာ၊ ဝမ်းလျောနိုင်ဖို့ အလားအလာအများဆုံးဖြစ်လို့ ဆင်ခြေသင့်တာပါ။ မဖြစ်မနေ စားရတော့မယ်ဆိုလည်း
- အစားအစာတွေက ကျက်အောင်ချက်ထားပြီး ပူပူနွေးနွေး ရှိရဲ့လား။
- ဈေးသည်က သန့်ရှင်းတဲ့ ညှပ်၊ ဇွန်း သို့မဟုတ် လက်အိတ်တွေ သုံးလား။
- အသား အစိမ်းနဲ့ အကျက်ကို သပ်သပ်စီ ခွဲထားလား။
- ခြင်၊ ယင်၊ ဖုန်မှုန့်နဲ့ မသန့်တဲ့ရေတွေ မရောက်အောင် ကာကွယ်ထားလား ကြိုတင်စစ်ဆေးသင့်ပါတယ်။
မသန့်ဘူးလို့ ခံစားရတယ်ဆို မကျက်တကျက် အသားနဲ့ ဥတွေ၊ အစိမ်းသုပ်တွေ၊ အခွံမခွာထားတဲ့ အသီးတွေနဲ့ အပြင်မှာပဲ ဒီတိုင်းတင်ထားတဲ့ အစားအစာတွေကို ရှောင်ကြဉ်လိုက်တာ အကောင်းဆုံးပါပဲ။

ရေနဲ့ မီးဖိုချောင် သန့်ရှင်းမှု
ပိုးမွှားတွေ ပေါက်ဖွား၊ ပျံ့နှံ့စေနိုင်တဲ့ မသန့်တဲ့ သောက်ရေ၊ သုံးရေ၊ ပန်းကန်၊ ဇွန်းတွေနဲ့ ညစ်ပတ်နေတဲ့ မီးဖိုချောင်ကလည်း အစားအသောက်ပြင်ဆင်ရာမှာ မသန့်ရှင်းမှုတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ရေသောက်ဖို့၊ တစ်ကိုယ်ရည်သန့်ရှင်းဖို့အတွက်အပြင် အစားအသောက်ပြင်ဆင်မှုအတွက် ဟင်းသီးဟင်းရွက်ဆေးတာ၊ ဟင်းချက်တာ စတာတွေမှာပါ သန့်ရှင်းတဲ့ရေ အသုံးပြုဖို့လိုပါတယ်။ ရေက စိတ်မချရဘူးဆို ကျိုချက်ထားတဲ့ ရေ၊ သန့်စင်ထားတဲ့ ရေကို သုံးပါ။ သန့်ရှင်းလတ်ဆတ်တဲ့ အစားသောက်တွေ ဖန်တီးဖို့အတွက် မီးဖိုချောင်မှာ
- အသားစိမ်းနဲ့ ချက်ပြီးသား အစားအစာတွေကို သပ်သပ်ခွဲထားပါ။
- အသားနဲ့ ပင်လယ်စာ အစိမ်းတွေ ကိုင်တွယ်လှီးဖြတ်ထားတဲ့ လက်၊ စဥ့်နီတုံး၊ ဓားနဲ့ ပန်းကန်လုံး၊ ပန်းကန်ပြားတွေကို ပြီးတာနဲ့ သေချာဆေးကြောပါ။
- အစားအစာတွေကို ကောင်းကောင်းကျက်အောင် ချက်ပြီး ပူပူနွေးနွေး စားသုံးပါ။
- ကျန်တဲ့ အစားအစာတွေကို အခန်းအပူချိန်မှာ အကြာကြီး မထားဘဲ ရေခဲသေတ္တာထဲမှာ ချက်ချင်း ထည့်သိမ်းဖို့ လိုအပ်ပါတယ်။

လက်သန့်ရှင်းရေး
မကြာခဏ သတိပေးတတ်ကြတဲ့ လက်ဆေးဖို့ဆိုတာကလည်း မသိလိုက်၊မသိဘာသာနဲ့ လူတော်တော်များများမှာ အားနည်းတတ်ကြတဲ့ အလေ့အကျင့်တစ်ခုပါ။ ဒါကြောင့် လက်ဆေးတဲ့နေရာမှာ
- အစာ မစားခင်နဲ့ အိမ်သာသွားပြီးတိုင်း ဆပ်ပြာနဲ့ လက်ဆေးပါ။
- ဆပ်ပြာနဲ့ရေ မရှိဘူးဆိုရင် အယ်လ်ကိုဟောပါတဲ့ လက်သန့်ဆေးရည်ကို သုံးပါ၊ ပြီးမှ လက်ဆေးလို့ အဆင်ပြေတဲ့အချိန်မှာ သေချာပြန်ဆေးတတ်ဖို့ ကလေး၊ လူကြီးမရွေး လူတိုင်း အကျင့်လုပ်ထားသင့်တာပါ။
အခုလို သန့်ရှင်းရေးနည်းလမ်းတွေ လုပ်ဆောင်နေပေမဲ့လည်း မတော်တဆ ဝမ်းပျက်ဝမ်းလျောဖြစ်ပြီဆို အရည်များများသောက်ပြီး ရေဓာတ်ခန်းခြောက်မှု ရှိမရှိ စောင့်ကြည့်ပါ။ ဝမ်းထဲမှာ သွေးပါလာတာ၊ ပြင်းပြင်းထန်ထန် ဗိုက်အောင့်တာ၊ အန်တာ မရပ်တာ၊ ဖျားတာ သို့ ဆီးသွားနည်းသွားတာမျိုးတွေ ဖြစ်လာရင် သေချာ ဆေးကုသမှု ခံယူသင့်ပါတယ်။
ဒါကြောင့် ပူနွေးလတ်ဆတ်တဲ့ အစားအသောက်နဲ့ မှန်ကန်တဲ့ နေထိုင်မှုပုံစံအတွက် သန့်ရှင်းရေးဆိုတာ နေ့စဉ်ဘဝအတွက် သေချာပေါက်လိုအပ်တဲ့ အကာအကွယ်တစ်ခုပါပဲ။
Comments