နွေရာသီနှင့် သွေးတိုးခြင်း

Posted in ကျန်းမာရေး, အထွေထွေကျန်းမာရေး


အခုလို ပူပြင်းတဲ့ နွေရာသီမှာ အဖြစ်များပြီး ကြောက်စရာကောင်းတဲ့ ကျန်းမာရေးပြဿနာတစ်ခုကတော့ သွေးတိုးခြင်းပါပဲ။ မျက်စိတစ်မှိတ်အတွင်းမှာတင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်တဲ့ ပြဿနာဖြစ်တဲ့အတွက် သေချာဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နွေရာသီ အပူချိန်နဲ့ သွေးတိုးခြင်းရဲ့ ဆက်စပ်မှု၊ သွေးတိုးခြင်းရဲ့ လက္ခဏာတွေနဲ့ ဂရုပြုသင့်တဲ့အချက်တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

နွေရာသီအပူချိန်နဲ့ သွေးတိုးခြင်းရဲ့ ဆက်စပ်မှု

လူ့ခန္ဓာကိုယ်ဟာ ပြင်ပအပူချိန်မြင့်မားလာတဲ့အခါ ကိုယ်အပူချိန်ကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့အတွက် အလုပ်ပိုလုပ်လာရပါတယ်။ အပူချိန်ကို လျှော့ချဖို့အတွက် လူ့ခန္ဓာကိုယ်က အလိုအလျောက်ပြုလုပ်တဲ့ စနစ်နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ အပူတွေ ပျံ့နှံ့ဖို့အတွက် သွေးလည်ပတ်မှုကို မြှင့်တင်ဖို့ လိုအပ်တာကြောင့် သွေးကြောတွေကို ပုံမှန်ထက် ပိုပြီးချဲ့လိုက်တာပါ။ အဲဒါက နှလုံးကို ပိုပြီး မြန်မြန်နဲ့ အားပြင်းပြင်း အလုပ်လုပ်စေတာကြောင့် သွေးတိုးတယ်ဆိုတဲ့ အခြေအနေကို ရောက်လာစေတာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ချွေးထွက်တာပါ။ ချွေးထွက်များတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမှုများလာတဲ့အတွက် သွေးကလည်း သာမန်ထက် ပျစ်လာပါတယ်။ အဲဒီအချိန်မှာ သွေးတွင်းဖိအားကို များစေပြီး သွေးတိုးတဲ့ အခြေအနေကို ရောက်လာစေပြန်ပါတယ်။ ဒီနှစ်ချက်ကြောင့် ပူတာနဲ့ သွေးတိုးတာဟာ တိုက်ရိုက်ဆက်စပ်နေပြီး နွေရာသီမှာ သွေးတိုးတဲ့ ပြဿနာကို ပိုပြီးရင်ဆိုင်ကြရတာဖြစ်ပါတယ်။

သတိပြုသင့်သော လက္ခဏာများ

သာမန်အပူများတာ၊ အပူလွန်ကဲပြီး အပူလျှပ်တာနဲ့ သွေးတိုးတာတွေက တကယ်တော့ ကွာခြားတဲ့ လက္ခဏာတွေရှိပြီး အန္တရာယ်ရှိတဲ့အဆင့်လည်း မတူညီပါဘူး။ ရာသီဥတုပူတဲ့အခါ ချွေးထွက်လွန်တာ၊ ခေါင်းမကြည်မသာဖြစ်တာ၊ မအီမသာဖြစ်တာတွေက အပူချိန်များတာကြောင့် ပုံမှန်သက်ရောက်မှုတွေဖြစ်ပြီး ခန္ဓာကိုယ်အေးသွားတဲ့အခါမှာ သက်သာသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်ရှုပ်ထွေးလာမယ်၊ ခန္ဓာကိုယ်ကလည်း အရမ်းပူလာမယ်၊ ချွေးလည်းမထွက်ဘူး စတာတွေ ဖြစ်လာပြီဆိုရင်တော့ ဒါဟာ အပူလွန်ကဲပြီး အပူလျှပ်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် အရေးပေါ်အခြေအနေအဖြစ် ချက်ချင်းဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ တကယ်လို့ ရုတ်တရက်ခေါင်းကိုက်တာ၊ အမြင်တွေ ဝေဝါးသွားတာ၊ ရင်ဘတ်အောင့်လာတာတွေ ဖြစ်လာခဲ့ရင်တော့ ဒါဟာ အပူချိန်လွန်ကဲပြီး သွေးတိုးတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်တဲ့အတွက် ချက်ချင်းဆေးကုသမှုခံယူဖို့ အရေးကြီးပါတယ်။

ဂရုပြုသင့်တဲ့အချက်များ

အဓိက ဂရုပြုသင့်တာကတော့ ခန္ဓာကိုယ်အပူချိန်ကို အမြဲတမ်းထိန်းညှိနေဖို့နဲ့ ရေဓာတ်ဖြည့်တင်းဖို့ပါပဲ။ အပူချိန်ထိန်းညှိဖို့နဲ့ ရေဓာတ်ဖြည့်တင်းဖို့အတွက် နွေရာသီနဲ့လိုက်ဖက်တဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ အမြဲစားပေးသင့်သလို ရေနွေးကြမ်းကလည်း နွေရာသီအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်ပါတယ်။ နောက်ပြီး အတတ်နိုင်ဆုံး နေပူထဲမှာ အလုပ်မလုပ်ဖို့၊ ခန္ဓာကိုယ်အသုံးပြုရတဲ့အလုပ်တွေကို နေ့လယ်နေ့ခင်းမှာ ရှောင်ကြဥ်ဖို့နဲ့ အပြင်သွားတဲ့အခါ ထီး၊ ဦးထုပ် စတဲ့ အကာအကွယ်တွေမပါဘဲ မသွားဖို့လည်း ဂရုပြုသင့်ပါတယ်။ နောက်တစ်ချက်က‌တော့ နွေရာသီမှာဖြစ်တတ်တဲ့ စိတ်ဆတ်တဲ့ ပြဿနာ ကို ထိန်းသိမ်းဖို့လည်း လိုအပ်ပါတယ်။

ဒါဆိုရင်တော့ နွေရာသီမှာ ဂရုပြုသင့်တဲ့ သွေးတိုးအန္တရာယ်အကြောင်းကို သတိပြုမိကြမယ်လို့ ထင်ပါတယ်။ အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ နွေရာသီကို ကျော်ဖြတ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်နော်။


Share

Comments

Related Posts