နက်ရှိုင်းမွှေးကြိုင်တဲ့ ဟင်းအရသာတွေရဲ့ နောက်ကွယ်

Posted in အစားအစာ


သဘာဝက ရရှိတဲ့ အစေ့အဆန်တွေ၊ အပင်အမြစ်တွေ၊ သစ်ခေါက်တွေကနေ ထူးခြားမွှေးကြိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကနေ အရသာရှိတဲ့ဟင်းပွဲတွေကို အမှန်တကယ် ဖန်တီးနိုင်ပါတယ်။ ဒီဟင်းခတ်ပစ္စည်းတွေက စားလိုက်ရင် ပူသလို၊ စပ်သလိုနဲ့ တကယ်တမ်း အရသာခံစားကြည့်မယ်ဆို ခံတွင်းထဲမှာ ပူနွေးနွေးနဲ့ စိတ်သက်သာရာ ရစေတဲ့ Earthy အရသာလို့ ခေါ်ဆိုရမှာပါ။ 

ဇီယာ၊ နနွင်း၊ နံနံစေ့နဲ့ လေးညှင်းလိုမျိုး အနံ့ပြင်းပြီး အစေ့အဆန်အရသာ၊ Earthy ဖြစ်တဲ့ ဒီလိုဟင်းခတ်အမွှေးအကြိုင်တွေကို အစပ်အဟပ်တည့်အောင် တွဲဖက်လိုက်တော့ ဟင်းလျာတစ်ခုလုံးရဲ့ အရသာကို ပိုမိုပြည့်စုံသွားစေပါတယ်။ အထူးသဖြင့် အိန္ဒိယအစားအစာတွေမှာဆို ဒီလိုလှော်ထားတဲ့ မွှေးမွှေးကြိုင်ကြိုင် အစေ့အဆန်တွေကို ဟင်းလျာတွေထဲ အဆင့်ဆင့်ထည့်သွင်း ချက်ပြုတ်ကြတာကြောင့် အမြဲတမ်း စားမြိန်ပြီး အရသာခံစားမှု ကောင်းနေတော့တာပါပဲ။ ဒါကြောင့် ဟင်းပွဲတွေရဲ့ အရသာကို အသက်ဝင်စေတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ အကြောင်းကို အောက်မှာ ဆက်လေ့လာကြည့်လိုက်ရအောင်။

အရသာဖန်တီးပေးတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ

ဒီလိုနက်ရှိုင်းတဲ့ အရသာ၊ မွှေးကြိုင်တဲ့ အနံ့တွေကို ဖော်ဆောင်ပေးတဲ့ သဘာဝပါဝင်ပစ္စည်းတွေက 

  • အစေ့အဆန် အမျိုးမျိုး - ဟင်းချက်ကြရာမှာ အနံ့အရသာကောင်းမွန်နေဖို့ ဆီ သို့ ထောပတ် (Ghee) ထဲမှာ  ဇီယာ၊ မုန်ညင်းစေ့၊ သစ်ကြံပိုးခေါက်တို့ကို အသုံးပြု ဆီသတ်တတ်ကြပါတယ်။ ဒါကပဲ အခြေခံအကျဆုံးနဲ့ ပထမဆုံး လုပ်ဆောင်တတ်ကြတဲ့ ဆီသတ်နည်းဖြစ်ပြီး ပါဝင်တဲ့ ဒီအစေ့အဆန်တွေကလည်း အင်မတန် အသုံးဝင်လှပါတယ်။
  • ကြက်သွန်နီ၊ ကြက်သွန်ဖြူ - အာရှအစားအစာတွေ အားလုံးနီးပါးရဲ့ မပါမဖြစ် ဟင်းချက်အနှစ်လို့ ဆိုရမယ့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့ဟာလည်း အနံ့အရသာအတွက်ရော ဟင်းပွဲရဲ့ အခြေခံအရသာ ကောင်းမွန်အောင် ကူညီပေးပါတယ်။ သူတို့ကို ခုနကအစေ့အဆန်တွေနဲ့တူတူ အရောင်ပြောင်းတဲ့အထိ ဆီသတ်ပေးနိုင်ပါတယ်။
  • မဆလာ၊ နနွင်းမှုန့် - ဟင်းလျာတွေရဲ့ အရသာကို ပိုမို ထိမိနက်ရှိုင်းစေဖို့ မဆလာ၊ နနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့် စတဲ့ Powders အမျိုးမျိုးကို ဆီသတ်တဲ့ နောက်ဆုံးအဆင့်မှာ ထည့်သွင်းချက်ပြုတ်နိုင်ပါသေးတယ်။ 
  • နံနံပင်၊ ပျင်းတော်သိမ်ရွက် - ဆီသတ်၊ ဟင်းချက်ပြီးပြီဆိုရင် နောက်ဆုံးအဆင့် မစားသုံးခင်မှာ လတ်ဆတ်မွှေးကြိုင်တဲ့ နံနံပင်၊ ပျင်းတော်သိမ်ရွက် တို့ကို ထည့်ပေးလိုက်မယ်ဆို ဟင်းလျာတွေရဲ့ လေးနက်တဲ့အရသာကို ပေါ့ပါးလန်းဆန်းမှုတွေ ထပ်ပေါင်းပေးနိုင်မှာပါ။

ဘယ်လိုအစားအသောက်တွေမှာ တွေ့ရများလဲ

အစပ်အဟပ်တည့်တဲ့ ဒီလို earthy အရသာနဲ့ စားမြိန်လွန်းတဲ့ ဟင်းပွဲတွေကို အိန္ဒိယနိုင်ငံအပါအဝင် အာရှနိုင်ငံတော်တော်များများမှာ တွေ့ရနိုင်ပါတယ်။

ဟင်းခတ်အမွှေးအကြိုင်တွေ စုံစုံလင်လင်နဲ့ အနံ့အရသာပြည့်စုံတဲ့ ဟင်းပွဲတွေလို့ ပြောလိုက်တာနဲ့ သေချာပေါက် အိန္ဒိယအစားအစာတွေကို ပြေးမြင်ကြမှာပါ။ မဆလာ (Garam Masala)၊ အစေ့အဆန်မျိုးစုံနဲ့ ပျစ်နှစ်မွှေးကြိုင်လှတဲ့ ဟင်းအနှစ်တွေကို အဆင့်ဆင့်ထည့်သွင်း ချက်ပြုတ်တာကြောင့် စားလိုက်တိုင်းမှာ Earthy ဖြစ်ဖြစ်နဲ့ နက်ရှိုင်းမွှေးကြိုင်တဲ့ ခံစားမှုကို ရရှိစေတာဖြစ်ပါတယ်။  

အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံမှာလည်း ဟင်းလျာအများစုရဲ့ အဓိက အနှစ်သာရဖြစ်တဲ့ Rempah ဟင်းခတ်အနှစ်ကလည်း အနံ့အရသာကြွယ်ဝတာကြောင့် အသုံးများကြပါတယ်။ သူက စပါးလင်၊ နနွင်းနဲ့ ငရုတ်သီးခြောက် စတာတွေ ရောနှောကြိတ်ထားတာကြောင့် ဟင်းချက်ဖို့ ဆီသတ်တဲ့အခါ ဆီနဲ့ အနှစ်ခွဲထွက်သွားပြီး ဟင်းလျာတွေရဲ့ အရသာကို အဆင့်မြှင့်တင်ပေးတာပါ။

ဒီလို ဟင်းခတ်အမွှေးအကြိုင်ကိုယ်စီရဲ့ အနှစ်သာရရရှိဖို့ စနစ်တကျပေါင်းစပ် ချက်ပြုတ်လိုက်မယ်ဆို အိမ်မှာချက်တဲ့ ဟင်းတစ်ခွက်စီတိုင်းမှာ နက်ရှိုင်းမွှေးကြိုင်တဲ့အရသာကောင်းတွေကို ရှာဖွေတွေ့ရှိနိုင်မှာ အမှန်ပါပဲနော်။ 


Share

Comments

Related Posts