
အရသာ ၅ မျိုးထဲက ချို၊ ချဥ်၊ ငန်၊ ခါး အရသာတွေနဲ့တူတူ Umami (အူမာမီ) လို့ခေါ်တဲ့ အရသာကလည်း ဟင်းလျာတွေကို ဟန်ချက်ညီညီနဲ့ စားချင်စဖွယ်ဖြစ်အောင် မြှင့်တင်ပေးပါတယ်။ နေ့စဥ် ချက်ပြုတ်စားသောက်ရာမှာ အရေးပါတဲ့ ဒီအရသာကို ရရှိဖို့ Umami ကြွယ်ဝတဲ့ ပါဝင်ပစ္စည်းတွေကို အလွယ်တကူ ဝယ်ယူစုဆောင်းဖြစ်ကြမှာပါ။ ဒါပေမဲ့ သဘာဝပါဝင်ပစ္စည်းတွေဖြစ်တဲ့ ငါး၊ အသား၊ ခရမ်းချဉ်သီး၊ ဒိန်ခဲနှင့် ပဲငံပြာရည် စတာတွေကနေ ဒီ Umami အရသာကို ရရှိနိုင်ပြီး ဒါကိုလည်း သိပ်သတိမပြုမိကြလို့ အရသာအစစ်အမှန်ကို မရဖြစ်ကြပါဘူး။ ပြီးတော့ အာရှနိုင်ငံတွေထဲက ဂျပန်နဲ့ ကိုရီးယား ဟင်းလျာတွေမှာ အတွေ့များတဲ့ ဒီအရသာကို အချဥ်ဖောက်ထားတဲ့ ပါဝင်ပစ္စည်းတွေကနေလည်း နက်နက်ရှိုင်းရှိုင်း အရသာခံစားနိုင်တာပါ။ ဒါကြောင့် ဟင်းလျာတွေရဲ့ အရသာတွေကို မြှင့်တင်ပေးတဲ့ Umami အရသာအကြောင်းနဲ့ ဘယ်လိုအစားအစာတွေမှာ လိုက်ဖက်သင့်တော်စွာ ချက်ပြုတ်ကြမလဲဆိုတာ ဖတ်ကြည့်လိုက်ရအောင်။

Umami အရသာဆိုတာ ဘယ်လိုမျိုးလဲ
Umami အရသာကို သိပ္ပံနည်းကျကြည့်မယ်ဆို Glutamates လို့ခေါ်တဲ့ Amino Acid ကြောင့် ဖြစ်ပေါ်လာတာပါ။ တခြားအရသာတွေနဲ့ မတူဘဲ သူ့အရသာက လျှာပေါ်မှာ ကြာကြာစွဲကျန်စေပြီး ဟင်းလျာတွေကို ပိုမိုပြည့်စုံတဲ့အရသာ ပေးပါတယ်။ Umami ဆိုတဲ့ အခေါ်အဝေါ်ကတော့ ၁၉၀၈ခုနစ်မှာ ဂျပန်ဘာသာစကားကနေ စတင်ဖြစ်တည်လာပြီး အရသာရှိကာ အနှစ်သာရပြည့်စုံတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ နာမည်ပေးကာ ရှာဖွေတွေ့ရှိထားတာဖြစ်ပါတယ်။ ဒီအရသာကို အရင်ကတော့ ဂျပန်နဲ့ အာရှနိုင်ငံတွေတစ်ချို့မှာ အသုံးချချက်ပြုတ်ကြပေမဲ့ အခုကတော့ ကမ္ဘာတစ်ဝန်းလုံးမှာ သူ့ရဲ့ ပြည့်စုံလေးနက်တဲ့အရသာကို ဟင်းလျာတွေမှာ အရသာဖန်တီးစားလာကြပါပြီ။

အရသာထပ်ပေါင်းပေးတဲ့ အချဥ်ဖောက်ခြင်းရဲ့ အခန်းကဏ္ဍ
အချဉ်ဖောက်ထားတဲ့ အစားအစာတွေဟာ ပရိုတင်းဓာတ်တွေကို Amino Acid တွေအဖြစ် ပြောင်းလဲပေးပြီး အရသာကို Umami ဖြစ်စေပြီး နက်ရှိုင်းစေပါတယ်။ အထူးသဖြင့်
ဂျပန်အစားအစာတွေမှာ Umami အရသာရအောင်လို့ ပါဝင်ပစ္စည်းတွေမှာ ပင်လယ်ရေညှိ (Kombu) နဲ့ ငါးခြောက်ဖတ် (Katsuobushi) တို့ကို အဓိကပေါင်းစပ်ပြီး သူတို့ရဲ့ ဟင်းရည်အဖြစ်နဲ့ ရောစပ် ချက်ပြုတ်တတ်ကြပါတယ်။ အချဥ်ဖောက်ထားတဲ့ ပဲငပိ (Miso) နဲ့ ပဲငံပြာရည်တို့ကိုလည်း ဂျပန်ဟင်းလျာတွေ တော်တော်များများမှာ အခြေခံ Umami အရသာအနေနဲ့ ဖန်တီးချက်ပြုတ်တတ်ကြပါသေးတယ်။
ကိုရီးယားအစားအစာတွေရဲ့ Umami အရသာကတော့ ပဲငပိ (Doenjang)၊ ငရုတ်သီးနှစ် (Gochujang)၊ ပဲငံပြာရည် (Ganjang) တွေမှာ အဓိကအခြေခံထားပါတယ်။ ဒါ့အပြင် အားလုံးသိကြတဲ့ အချဥ်ဖောက်အစားအစာ Kimchi ကလည်း ဟင်းပွဲတွေရဲ့ အရသာကို ထိထိမိမိနဲ့ စားချင်စဖွယ်ကောင်းအောင် အကောင်းဆုံးပံ့ပိုးတဲ့ အခြေခံအစားအစာပါပဲ။ ဒီအနှစ်တွေကို စနစ်တကျ အချိန်ယူအချဉ်ဖောက်ထားပြီး အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တဲ့ ကင်မ်ချီနဲ့ပါ ပေါင်းစပ်လိုက်တဲ့အခါ ကိုရီးယားအစားအစာတွေရဲ့ ထူးခြားပြီး နက်နဲတဲ့အရသာမျိုးကို ရရှိစေတာဖြစ်ပါတယ်။

ဘယ်လိုအစားအသောက်တွေမှာ Umami အရသာတွေ့ရများလဲ
အပေါ်မှာ ပြောပြသွားတဲ့ အချဥ်ဖောက်ထားတဲ့ပါဝင်ပစ္စည်းတွေနဲ့ Umamiအရသာကို အပြည့်အဝခံစားရမဲ့ အစားအစာတွေကို ကြည့်လိုက်မယ်ဆို
Miso Soup - လေးနက်ပြီး အရသာပြည့်ဝတဲ့ ဂျပန်ဟင်းရည်တစ်မျိုးဖြစ်တဲ့ မီဆိုဟင်းရည်ကလည်း ပဲငပိအနှစ်နဲ့ အထူးရောစပ်ပြုလုပ်ထားပြီး အခြေခံကျတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။
Kimchi Jjigae - အချဉ်ဖောက်ထားတဲ့ ကင်မ်ချီကို အသုံးပြုထားတာကြောင့် ချဥ်ချဥ်စပ်စပ်နဲ့ အရသာအရမ်းရှိကာ ခံတွင်းလိုက်စေတဲ့ ကိုရီးယားဟင်းလျာ ကင်မ်ချီဟင်းရည်ပါ။
Ramen - အသားတွေ၊ ပဲငပိအနှစ်တွေ စတဲ့ Umami ပစ္စည်းအမျိုးမျိုးနဲ့ ပေါင်းစပ်ချက်ပြုတ်ထားတဲ့ ဂျပန်ခေါက်ဆွဲ (Ramen) ကလည်း သေချာပေါက်စားမြိန်စေမဲ့ လေးနက်တဲ့အရသာကို ရရှိစေမှာ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ ဟင်းလျာတွေကို အရသာပိုမိုနက်ရှိုင်းစေတဲ့ Umami အရသာအကြောင်းနဲ့ ဂျပန်၊ ကိုရီးယားစတဲ့ အာရှနိုင်ငံတွေက အစားအစာတွေရဲ့ ထူးခြားပြည့်စုံတဲ့ အရသာဖန်တီးမှုတွေကို ဒီဆောင်းပါးကတစ်ဆင့် ပိုမိုနားလည်သဘောပေါက်သွားမယ်လို့ မျှော်လင့်ပါတယ်နော်။
Comments